Tuesday, April 19, 2011

အနာဂတ်ကို ပိုင်စိုးမည့် သူများအား ရောင်းစားခံမည်လော

နွယ်လေး။

မြန်မာနိုင်ငံ၏ စီးပွားရေး ကြပ်တည်းမှုကြောင့် ကလေး သူငယ်များ ကူးသန်းရောင်းဝယ်မှု ပြဿနာကို ကာကွယ် တားဆီးနိင်ခြင်း မရှိပဲ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။

၁၉၉၉ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချူပ်၏ သဘောတူ ဆုံးဖြတ်ချက် အမှတ် ၁၈၂ အရ ဆိုးဝါး လှသော ပုံစံအမျိုးမျိုးဖြင့် ကလေးသူငယ်များအား ခိုင်းစေခြင်း အသက်(၁၈ )နှစ်အောက် အရွယ်ရှိ ယောကျာင်္း လေး၊ မိန်းကလေးများအား ကျွန်ပြုခြင်း ကျွန်သဖွယ်ခိုင်းစေခြင်း အဓမ္မ လုပ်အား စေခိုင်းခြင်း ပြည့်တန်ဆာ သို့မဟုတ် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် အသုံးပြုခြင်း မြူဆွယ်ခြင်းနှင့် အသုံးပြုရန်အတွက် ကမ်းလှမ်းခြင်း၊ ကလေး၏ကျန်းမာရေး လုံခြုံရေးနှင့် စိတ်ဓါတ်ပိုင်းတို့ကို ထိခိုက် အန္တရယ်ဖြစ်စေသည့် လုပ်ငန်းခွင်တွင် စေခိုင်း ခြင်း စသည်တို့သည် ဆိုးဝါးလှသော ပုံစံအမျိုးမျိုးဖြင့် ကလေးသူငယ်များအား ခိုင်းစေခြင်းမြောက်သည် ဟုဖော် ပြထားပါသည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂမှ ပြဌာန်း ထားသည့် စာချူပ်ကို လက်မှတ် ရေးထိုးထားသော်လည်း ထိရောက်စွာ မဆောင်ရွက်နိုင်ခြင်း ကာကွယ်စောင့်ရှောက်မှု အားနည်းခြင်း တို့ကြောင့် ကလေး ကူးသန်းရောင်းဝယ်မှု များ ဆက်လက်ဖြစ်ပေါ်နေသည်။

မြန်မာနိုင်ငံမှ ကလေးငယ်များ ကူးသန်းရောင်းဝယ်မှုသည် ပြည်တွင်းနှင့် ပြည်ပတွင် ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံတွင်း ကျေးလက်ဒေသမှ ကလေးငယ်များကို မြို့ကြီးများတွင် ကလေးအလုပ်သမားအဖြစ် စေခိုင်းခြင်း များ ရှိနေသည်။

ထိုင်းနိုင်ငံ နယ်စပ်ဒေသတွင် ကလေးငယ်များကို ကလေးအလုပ်သမား၊ ကလေးပြည့်တန်ဆာလုပ်ငန်းများ အ ဖြစ် တင်ပို့ရောင်းချ ကူးသန်းရောင်းဝယ်နေသည်။

တရုတ်နိုင်ငံနယ်စပ်တွင် ကလေးငယ် အပါအ၀င် အမျိုးသမီးငယ်များကို သတို့သမီးအဖြစ် အသုံးချရန်အတွက် ကူးသန်းရောင်းဝယ် သည်ကိုပင်တွေ့ရှိရသည်။

ကလေးငယ်များ မှောင်ခိုကူးသန်းရောင်းဝယ်မှုအား ပပျောက်စေရန် ဥပဒေပြဌာန်းရုံနှင့် မပြီးဘဲ ယင်းကို ထိ ရောက်စွာအရေးယူရန်၊ လူထုကို ပညာပေးရန်နှင့် ဆင်းရဲမွဲတေမှုကို ပပျောက်စေရန် လိုအပ်သည်။

မြန်မာနိုင်ငံမှ ကလေးငယ်များသည် နိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခ၏ ဆိုး ကျိုးဆက်များကို တွေ့ကြုံရင်ဆိုင် ခံစားနေကြရသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ မျိုးဆက်သုံးဆက်သည် နိုင်ငံရေး အကြမ်းဖက်မှု၊ စစ်တပ်၏ နှိပ်စက် ညှဉ်းပန်းမှု၊ နေရာအတည်တကျ နေထိုင်ခွင့် မရရှိမှု၊ မိသားစုများဖြင့် ခွဲခွာနေရမှုနှင့် လူသားတို့အတွက် လိုအပ် သည့် အခြေခံထောက်ပံ့ပေးမှုများ ယိုယွင်း ပျက်စီးနေသည်များ အကြားတွင် အသက်ရှင်ရန် ကြီးပြင်းလာ ခဲ့ကြရသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် ၄င်းတို့၏ မိသားစုများသည် ထိုသို့သော အခြေအနေများတွင် ၎င်းတို့ အသက်ရှင် နေထိုင်ရေး အတွက် နည်းလမ်းများကို ရနိုင်သရွေ့ ကြိုးစားရှာဖွေလျက်ရှိသည်။ နိုင်ငံတွင်းတွင် ထို သို့အသက်ရှင်ရေး အတွက် ကြိုးစား ရုန်းကန်လျက်ရှိနေစဉ်မှာပင် ထောင်ပေါင်း ရာနှင့်ချီသော သူများသည် ၄င်းတို့ အိမ်နီးနားချင်း နိုင်ငံများသို့ တိမ်းရှောင်လျက် တရားမ၀င် အလုပ်သမားများအဖြစ်နှင့်ဖြစ်စေ၊ ဒုက္ခ သည်များ အဖြစ်နှင့်ဖြစ်စေ အသက်ရှင် နေထိုင်ကြရ လျက်ရှိသည်။

ထို့ပြင် မိဘမဲ့ ကလေးများကို ပြုစုစောင့်ရှောက်သည့် လူမှုဖူလုံရေးအစီအစဉ်မှာလည်း အနာဂတ်အတွက် စစ် သား များကို စုဆောင်းမွေးထုတ်ပေးနေသည့် နေရာများဖြစ်နေသည်ကို တွေ့ရသည်။

အသက်(၁၄)နှစ်ဝန်းကျင်ရှိသော ကလေးများ ထိုးစစ်များဆင်နွဲရာတွင် လည်းကောင်း၊ ပြည်သူ ပြည်သားများကို အဓမ္မလုပ်အားစေခိုင်းရန် အတွက် လုပ်အားစုဆောင်းရာတွင် လည်းကောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုများနှင့် မုဒိမ်းကျင့်မှုများ အပါအ၀င် နည်းမျိုးစုံဖြင့် ရက်စက် ကြမ်းကြုတ်မှုများကို ကျုးလွန်ရာတွင်လည်း ပါဝင် နိုင်သည်။

ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်မှု နှင့် ဥပဒေမဲ့ ကုန်သွယ်မှုများ လုပ်ဆောင်ရာတွင်လည်း နအဖ စစ်တပ်အ တွင်းရှိ ကလေးစစ်သားများ ပါဝင်စေခိုင်းခံနေရာတွင် ပါဝင်နိုင်သည်။

အများအားဖြင့် မြန်မာနိုင်ငံမှ ကလေးငယ်များကို ထိုင်း၊ တရုတ်စသည့်နိုင်ငံများသို့ မှောင်ခို ရောင်းဝယ်နေခြင်း ဖြစ်သည်။

မေရိကန်အစိုးရ ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကလေး ကူးသန်းရောင်းဝယ်မှု အဆိုးဝါးဆုံး တတိယအဆင့် နိုင်ငံအဖြစ် ငါးနှစ်ဆက်တိုက် ပါဝင်ခဲ့သည်။

အရှေ့တောင် အာရှတွင် နှစ်စဉ်အမျိုးသမီးနှင့် ကလေးငယ် (၂) သိန်းမှ (၂၂၅၀၀၀ )အထိ ရောင်းဝယ်ခံနေရပြီး အဆိုးဆုံးနေရာမှာ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့ ထိစပ်နေသော မဲခေါင်မြစ်ဝှမ်းဒေသ ဖြစ်သည် ဟုဖော်ပြသည်။

မြန်မာနိုင်ငံလက်ရှိ လူဦးရေအနက် ကလေးဦးရေမှာ ရာခိုင်နှုန်း အတော်များပြားနေပါသည်။ ထိုကလေးများသည် နိုင်ငံ၏အနာဂတ်ကို ပိုင်စိုးမည့် ကလေးများ ဖြစ်ကြပါသည်။ ထို့အတွက် မျက်မှောက်ကာလ ရင်သွေးများ မျိုး ဆက်အနေဖြင့် အနာဂတ်နိုင်ငံတော်ကို ကောင်းမွန်စွာ ဦးဆောင် သွားနိုင်ရန်အတွက် ရှင်သန်မှု အဓိပ္ပါယ် ပြည့် ၀ပြီး ငြိမ်းချမ်းသော ဘ၀များတွင် နေထိုင်ခွင့် ရှိသည့် ဘ၀ဖြတ်သန်းမှုများကို ရရှိ ခံစားနိုင်ရန် အလွန်ပင် အရေး ကြီးပါသည်။

မဖြစ်မနေ အခြေအနေကြောင့်ပင်ဖြစ်စေ၊ ဆန္ဒအလျောက်ဖြစ်စေ အကြမ်းဖက်မှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ခဲ့ရသော ကလေးများသည် အကြမ်းဖက်မှု အပေါ်ခုံမင် မက်မောသော စိတ်ဓါတ် အတွေးအယူအဆများနှင့် အ ကျင့်စရိုက်ဆိုးများကို အနာဂတ်သို့ ဆက်လက်သယ်ဆောင်လာ ကြလိမ့်မည်ဖြစ်သည်။

တိုင်းပြည်နှင့် လူသားအားလုံးအတွက် ငြိမ်းချမ်းရေးအကျိုး ကိုသယ်ပိုးလိုသည့် လူသားများ ဖြစ်လာနိုင်မည် မဟုတ်သဖြင့် ကလေးများ အပေါ် အကြမ်းဖက်မှုကို ယနေ့ အချိန်တွင် ရပ်တန့်ရန် လိုအပ်သည်။

ကလေးများ၏ အခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို တိုးမြှင့်အောင် လုပ်ဆောင်ပေးရန်နှင့် ကာကွယ် ပေးရန် တာဝန်မှာ နိုင်ငံအစိုးရတရပ်တည်းတွင် သာမကဘဲ လူမှုအဖွဲ့အစည်း တခုလုံးတွင် လည်း တာဝန် ရှိသည်။

ထို့အတွက်ကြောင့် လူမှုအဖွဲ့အစည်းအကျိုးအတွက် တိုက်ပွဲဝင်နေကြသော လက်နက်ကိုင် အဖွဲ့များသည် လည်း ဤအကျင့်သိက္ခာပိုင်းဆိုင်ရာ တာဝန်ရှိမှုများကို လေးစားလိုက်နာ ကျင့်သုံးရန် တာဝန်ရှိပေသည်။

ကလေး ကူးသန်းရောင်းဝယ်မှုအား ရာဇ၀တ်မှုသတ်မှတ်သည့် ပါလာမို နိုင်ငံတကာ စာချူပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာ ခုနှစ်နိုင်ငံ မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်း ရောင်းဝယ်မှု ပပျောက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

No comments: