Tuesday, June 28, 2011

နမ့်ခမ်းမြို့ ပြည်သူ့စစ် ၃ ဦး တိုက်ခိုက်ခံရ၍ သေဆုံး

သျှမ်းသံတော်ဆင့်

ယခုလ ၂၆ ရက်နေ့ ည ၁ နာရီခန့်က အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်မြို့မရပ် ကွက် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း သိရသည် ။

နမ့်ခမ်းမြို့နယ် မန့်စွမ်းရွာ လှေဆိပ်၌ လုံခြုံရေး တာဝန်ယူနေစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးကာ ကျန်နှစ်ဦးမှာ နမ့်ခမ်းဆေးရုံး၌ သေဆုံးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မန့်စွမ်းရွာပေါ့ တရုတ်ဘက်ကမ်းက ရှောက်ရုံပန့်လို့ခေါ်တယ် ပြည်သူ့စစ်တွေက တရုတ်ဘက်ကမ်းကိုမှောင်ခို သယ်တဲ့ သစ်နဲ့ မီးသွေးတွေ အခွန်ကောက်တယ်၊ နမ့်ခမ်းမြို့မရပ်ကွက်ကပဲ၊ ခေါင်းဆောင်က အိုက်စံ ဒု ခေါင်းဆောင်က ရခိုင် လူမျိုး တခြားလူတွေကလာပစ်တာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ် ၂ ယောက်က နမ့်ခမ်းဆေးရုံမှာ သေ တယ်” ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း သျှမ်းပြည် (မြောက်ပိုင်း)၌ ပစ်ခတ်တိုက်ခိုက်မှုများ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေရာ မြန်မာအာဏာပိုင်များဘက်မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မူစယ်မြို့နယ် တုံ့ခန်ကျေးရွာ ဥက္ကဋ္ဌအပါအဝင် ဟိုလောင် - နှင်းအီ ရွာသား ၃ ဦးကို မြန်မာစစ်တပ်မှ ယခုလ ၂၄ ရက် နေ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် သတ်ဖြတ်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ် မံစီမြို့နယ် ဟန်ထက်ရွာရှိ မြန်မာစစ်တပ် လုံခြုံရေးရှိရာ တံတားအနီး မုဒိန်းကျင့် သတ်ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယခုလ ၂၅ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်းကျေးရွာများတွင် ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက် လှည့်လည်ရောင်းချသည့် ဗန်းမော်မြို့ ပေါက်ကုန်း ရပ်ကွက် မှ အမျိုးသမီးဖြစ်ပြီး ၎င်းပျောက်ဆုံးပြီးနောက် ယခုရုပ်အလောင်း ပြန်တွေ့ခြင်း ဖြစ်သည်။

No comments: