Saturday, June 25, 2011

ကျေးရွာဥက္ကဋ္ဌများအဖြစ် ကြံ့ဖွံ့များကို အထက်က တိုက်ရိုက်ခန့်

ထွန်းထွန်း

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားရာ၌ မြို့နယ်အာဏာပိုင်များက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များအား တိုက်ရိုက်ခန့်အပ်မှုများ ပြုလုပ်နေကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောသည်။

“လောလောဆယ် ကျနော်တို့ဆီ ရောက်တာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နောက် မကွေးတိုင်း တချို့မြို့နယ်တွေမှာ ရှိပါတယ်” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြောခွင့်ရ ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေ အခန်း ၅၊ အုပ်ချုပ်ရေးကဏ္ဍပါ ပုဒ်မ ၂၈၉ - ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခန့်ထားရာ၌ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ သမာဓိရှိသည့် ပုဂ္ဂိုလ်ကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်” ဟု ဖော်ပြထားသော်လည်း အသေးစိတ် ဥပဒေပြဋ္ဌာန်းချက်များ မရှိသေးပေ။

“လွှတ်တော်က ပြဋ္ဌာန်းပြီးမှ လုပ်ရမှာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပြည်သူလူထုက
လေးစားကြည်ညိုပြီးတော့ သိက္ခာသမာဓိရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင်တော့ ကျနော်တို့ပါတီက လိုလားပါတယ်” ဟု ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက “မင်္ဂလာဒုံ တမြို့နယ်လုံးတင် မဟုတ်ဘူး၊ ဘိုကလေးလည်း
ထောက်လှမ်းပြီးပြီ။ ကျနော်တို့ ပါတီဝင်တွေ ရှိတဲ့နေရာတွေကို လှမ်းပြီးတော့ ချိတ်ဆက်ကြည့်တဲ့အခါ အကုန်လုံးက ဖိတ်ခေါ်ခြင်း၊ အသိပေးခြင်းတို့ မရှိဘူး။ ဒီလိုပဲ အပေါ်ကနေ လမ်းညွှန်မှုနဲ့ပဲ ခန့်ထားလိုက်တာကို ကျနော်တို့ တွေ့နေရပါတယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဦးဉာဏ်ထွန်းဦးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် “ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် နိုင်ငံရေးပါတီဝင် မဟုတ်သူ ဖြစ်ရမည်” ဟူ၍ ၂ဝ၁၁ မေလအတွင်းက ပြည်တွင်း မီဒီယာများကို ပြောကြားခဲ့သေးသည်။ ခန့်ထားရာတွင် သက်ဆိုင်ရာ ရပ်/ကျေးရှိ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအတွင်း သြဇာရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက် စိစစ်ရွေးချယ်ရမည်ဟု ဆိုခဲ့သည်။

သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ကြံ့ဖွံ့ပါတီဝင်များဖြင့် ခန့်အပ်နေသည်ကို မကျေနပ်သဖြင့် ရပ်မိရပ်ဖ
၃၅ ဦးက လက်မှတ်ထိုးကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ကန့်ကွက်စာ ပေးပို့မှု ရန်ကုန်တိုင်း ထောက်ကြန့်မြို့နယ်
မြောက်ပိုင်းရပ်ကွက်တွင် ဖြစ်ပေါ်နေသည်။

“ဘယ်လိုဖြစ်သလဲဆို ကြံ့ခိုင်ရေးက ဦးစီးပြီးလုပ်လိုက်တဲ့အတွက် ကျနော်တို့ ရပ်မိရပ်ဖတွေက တယောက်မှ မသိလိုက်ရဘူး။ ရပ်မိရပ်ဖတယောက်မှ မသိလိုက်ဘဲ ဒီလိုလုပ်တယ်ဆိုတော့ တွေ့လိုက်တဲ့ စာ (ဝန်ကြီး ဦးဉာဏ်ထွန်းဦး ပြောဆိုချက်) နဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ သူတို့ဥစ္စာက တမျိုးဖြစ်နေတာပေါ့နော်။ ဒါဟာ ပီပီပြင်ပြင် မရှိဘူးလို့လည်း ထင်တယ်။ မူဝါဒနဲ့လည်း သိပ်မကိုက်ညီဘူး ဖြစ်နေတာပေါ့” ဟု ကန့်ကွက်စာ ပေးပို့ရာ၌ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် ရပ်မိရပ်တဦးဖြစ်သူ ဦးရွှေငြိမ်းက မဇ္ဈိမကို ပြောသည်။

ထောက်ကြန့်မြို့နယ်မှ မြောက်ပိုင်းရပ်ကွက်တွင် သာမက အခြားရပ်ကွက်များ ဖြစ်သည့် ရဲစု၊ ရဲစုတောင်ပိုင်း၊
လေးဆူတောင်၊ ရွာမ၊ ဘောလုံးကွင်း ရပ်ကွက်များတွင်လည်း ကြံ့ဖွံ့ပါတီဝင်များသာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားသဖြင့် ကန့်ကွက်စာတင်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းတွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိကာ ကျေးရွာ ၂ဝ၅၆ ရွာနှင့် ရပ်ကွက်ပေါင်း ၆၅၇ ရပ်ကွက် ပါဝင်ကြောင်း တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့်၏ ၂ဝ၁ဝ ဇန်နဝါရီအတွင်း ပြောဆိုချက်ကို ပြည်တွင်းသတင်းဂျာနယ်များက ကိုးကား
ဖော်ပြထားသည်။

ရပ်/ကျေးဥက္ကဋ္ဌအနေဖြင့် မိမိဒေသအတွင်းမှ မှုခင်းကိစ္စများ၊ နေအိမ်အရောင်းအဝယ်ကဲ့သို့သော ကိစ္စများအပြင် အခြားသော သာရေးနာရေးကိစ္စရပ်များတွင် အဓိကအရေးကြီးသူဖြစ်ကာ မိမိဒေသ ဖွံ့ဖြိုးရေးအတွက် မြို့နယ်၊ တိုင်းအဆင့် ဥက္ကဋ္ဌများနှင့် ဆက်သွယ်ရသူ ဖြစ်သည်။

နအဖ စစ်အစိုးရလက်ထက်ကတည်းက ရပ်/ကျေး ဥက္ကဋ္ဌများကို အထက်အာဏာပိုင်များက ရွေးချယ်လာတော့သည်။

ဦးနေမျိုးဝေက ‘‘အနည်းဆုံးဗျ ဒီမိုကရေစီနည်းကျ ခန့်ထားရမယ်လို့ ဖွဲ့စည်းပုံမှာ မပါပေမယ့် ကျနော်တို့က ဒီမိုကရေစီနည်းကျ ခန့်ထားစေချင်တယ်။ ဥပမာ ၆ ယောက် ရှိမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၆ ယောက်ရှိရင် ၆ ယောက်က စာရွက်ကလေးတွေ ဝေပါ။ ကြိုက်တဲ့သူ ကလစ်လုပ်ပြီး မဲသွားပေးပါ။ ဘုန်းကြီးကျောင်းကျောင်းမှာ မဲပုံးစိုက်လိုက်ရင် ရတယ်။ အဲဒါမျိုး ကျနော်တို့က လုပ်စေချင်ပါတယ်။ အဲဒီအဆင့်ထိ မလုပ်နိုင်သေးရင်တောင်မှ ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းတိုင်ပင်မှု လုပ်သင့်ပါတယ်။ ဒါက ဘာလို့ဆိုတော့ ဒီမိုကရေစီ ရေခံမြေခံကိုပြုစုပျိုးထောင်ရာ ရောက်ပါမယ်’’ ဟု ဆိုသည်။

ထိုသို့ ခန့်အပ်နေခြင်းအပေါ် ဝေဖန်ကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက သဘောထား ထုတ်ပြန်ချက်အား ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။

No comments: