Wednesday, November 23, 2011

မွန်ဒီမို ခေါင်းဆောင် ပြောင်း

အာကာ၊ကောင်းဝါသတင်းဌာန


အသက် အရွယ် ကြီးရင့်ပြီး ပါတီ၏ လုပ်ငန်း ဆောင်တာ များကို ထမ်းဆောင် နိုင်စွမ်း မရှိတော့ သည့်အတွက် မွန် အမျိုးသား ဒီမို ကရေစီ အဖွဲ့၏ လက်ရှိ ဥက္ကဌ နိုင်ထွန်းသိန်းက ပါတီ ခေါင်းဆောင် အဖြစ်မှ အနား ယူကာ ဒု-ဥက္ကဌ နိုင်ငွေသိမ်းကို လွှဲပြောင်း လိုက်ပြီ ဖြစ်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၀) က မော်လမြိုင်မြို့တွင် ကျင်းပသည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (မွန်ဒီမို) ၏ အစည်းအဝေးတွင် အနားသွားသည့် ဥက္ကဌဟောင်း နိုင်ထွန်းသိန်းအား ဂုဏ်ထူးဆောင် နာယကအဖြစ် အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်ဟု မွန်ဒီမို၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

“ကျနော်တို့ ဥက္ကဌကြီးက ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမဲ့ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်လို့ မှတ်ညာဏ် ချွတ်ယွင်းတာတွေ ဖြစ်လာတယ်။ ဒါ့ကြောင့် သူက ပါတီခေါင်းဆောင်အဖြစ်က အနားယူလိုက်တာပါ” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

ပါတီဥက္ကဌအဖြစ် အနားယူခဲ့သည့် နိုင်ထွန်းသိန်းမှာ အသက် ၉၅ နှစ် ရှိပြီး၊ ဆက်လက်တာဝန်ယူမည့် နိုင်ငွေသိမ်းမှာ အသက် ၈၉ နှစ် ရှိပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ လူငယ်ဘဝမှ စ၍ လက်နက်ကိုင် တော်လှန်ရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး လုပ်ငန်းများကို အိုမင်းချိန်ထိ လက်တွဲညီညီ လုပ်ဆောင်လာခဲ့ပြီး လေးကြိမ်တိုင် ထောင်ဒဏ်အသီးသီး ကျခံလာခဲ့ရသည်။

ယမန်နေ့က ကျင်းပသည့် မွန်ဒီမို အစည်းအဝေးသို့ မြို့နယ်အသီးသီးမှ ပါတီဝင်များနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး ယုတ်လျော့နေသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များကို ထပ်မံဖြည့်ဆည်း ရွေးချယ်ခဲ့သည်။

မွန်ဒီမို၏ ဖွဲ့စည်းပုံအရ ဗဟိုကော်မတီ ၄၅ ဦး ရှိသည့်အနက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၂၁ ဦး ရှိကာ ယုတ်လျော့နေသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၇ ဦးတွင် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ခေါင်းဆောင် ၅ ဦးဖြင့် အစားထိုးခဲ့သည်ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ခေါင်းဆောင် ၅ ဦးတွင် နိုင်တင်အောင် (ဒု-ဥက္ကဌ ၂)၊ နိုင်ခင်မောင်ဇင် (ပြန်ကြားရေး)၊ နိုင်စိုးမြင့်၊ နိုင်ထောအိန် (အလုပ်သမား ရေးရာ) နှင့် နိုင်ကောတားတို့ ပါဝင်သည်။

အစိုးရသစ်လက်ထက်တွင် ပေါ်လွင်ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှု မရှိသေးသည့်အတွက် မွန်ဒီမိုအနေနှင့် ပါတီမှတ်ပုံတင်ခြင်းကိစ္စကို မဆုံးဖြတ်သေးကြောင်း ဒေါက်တာမင်းစိုးလင်းက ပြောသည်။

“ထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်သေးဘူးဆိုရင် ကျနော်တို့မှာ သံသယတွေ ရှိတယ်။ ဒါ့ကြောင့် ပါတီ မှတ်ပုံတင်တဲ့ကိစ္စကို ကျနော်တို့ ရွှေ့ဆိုင်းထားတယ်” ဟု သူက ပြောသည်။

ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်၏ ခရီးစဉ်အပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်ဒီမို ပါတီအစည်းတွင် ပါတီမှတ်ပုံတင်ခြင်းကိစ္စကို ဆုံးဖြတ်ချက် ချမည် ဖြစ်သည်။

No comments: