Tuesday, November 1, 2011

မဟာသီယာ ရင်းနှီးမြှပ်နှံမှု စာချုပ် ချုပ်ဆိုမည်

မျိုးသန့် | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၁ ရက် ၂၀၁၁

မလေးရှား ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် (Mahathir Mohamad) ၏ ဗုဒ္ဓဟူး နေ့တွင် စတင် သွားရောက်မည့် မြန်မာ နိုင်ငံ ခရီး စဉ်တွင် စီးပွားရေး ရင်းနှီး မြှပ်နှံမှု စာချွန် လွှာများ လက်မှတ် ရေးထိုးရန် ရှိကြောင်း မြန်မာ နိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) အထွေထွေ အတွင်း ရေးမှူး ဦးစိန်ဝင်းလှိုင်က ပြောသည်။

UMFCCI ၏ ဖိတ်ကြား ချက်ဖြင့် မြန်မာ နိုင်ငံသို့ သုံးရက်ကြာ လာရောက်မည့် မလေးရှား ဝန်ကြီးချုပ် ဟောင်းသည် ဗုဒ္ဓဟူးနေ့ နေ့လည် တနာရီ ခွဲမှ ညနေ လေးနာရီ ခွဲအထိ ရန်ကုန်မြို့ ကုန်သည် ကြီးများ ဟိုတယ်တွင် ကျင်းပမည့်မြန်မာ- မလေးရှား စီးပွားရေး ရင်းနှီး မြှပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိသည် ဟုလည်း သိရသည်။

"UMFCCI ကနေ ကမကထ လုပ်တဲ့ Business Trip (စီးပွားရေး ခရီးစဉ်) ပေါ့၊ အဓိက ကတော့ MOU (နားလည်မှု စာချွန်လွှာ) ထိုးဖို့ကိစ္စရှိပါတယ်။" ဟု ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

၂၀၀၃ ခုနှစ်တွင် အနား ယူခဲ့သည့် ၂၂ နှစ်ကြာ ဝန်ကြီး ချုပ်ဖြစ်ခဲ့သူ မစ္စတာ မဟာသီယာသည် မလေးရှား နိုင်ငံကို အာရှ စီးပွားရေး ကျားတကောင်ဖြစ်လာအောင် ပြောင်းလဲ ပေးခဲ့သူ ဖြစ်သကဲ့သို့ တဘက် တွင်လည်း တင်းတင်း ကြပ် ကြပ် အုပ်ချုပ်မှုကို ကျင့်သုံးကာ သူ၏ အာဏာကို ခြိမ်းခြောက် လာသူ များအား ပြင်းပြင် ထန်ထန် နှိပ်ကွပ် လေ့ရှိ သူဟု နာမည်ဆိုး ထွက်ခဲ့သည်။

ဒေါက်တာ မဟာသီယာသည် မလေးရှား နိုင်ငံကို ၂၀၂၀ ပြည့် နှစ်တွင် စက်မှုနှင့် စီးပွားရေး လုပ်ငန်းများ သတင်းနှင့် နည်းပညာ ကဏ္ဍတို့ကို ကမ္ဘာ့ အဆင့် မီဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ချမှတ်ကာ ၁၉၉၁ ခုနှစ်တွင် စတင် အကောင် အထည် ဖေါ်ခဲ့သည်။

No comments: