Tuesday, July 31, 2012

စင်ကာပူကြက်ခြေနီက မြန်မာကို ဒေါ်လာ ၂ သန်း လှူဒါန်း

ဇွဲထက်

မြန်မာနိုင်ငံ၌ လာမည့် ၂ နှစ်အတွင်း တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနိုင်မည့် စီမံချက် ၆ ခုအတွက် စင်ကာပူ ဒေါ်လာ ၂. ၅ သန်းတန် (အ မေရိကန်ဒေါ်လာ ၂ သန်းခန့်) ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ တရပ်ကို မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံ ကြက် ခြေနီ အ သင်းဥက္ကဋ္ဌတို့ လက်မှတ်ရေးထိုးခဲ့ ကြကြောင်း သိရသည်။

လခြမ်းနီအသင်းများ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သာလှရွှေ နှင့် စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Mr. Tee Tua Ba တို့က အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒ ရေးရှင်း (IFRC) ၏ ဥက္ကဋ္ဌ Mr. Konoe Tadateru၊ အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ၏ ခေါင်းဆောင် များ ရှေ့မှောက်တွင် အပြန်အလှန် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်း နားလည်မှု စာချွန်လွှာအရ ဒေါ်လာ ၂ သန်းကို မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အ သင်း ရုံးများတွင် သတင်း အချက်အလက်များ ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေရာတွင် ပိုမိုထိရောက် ကောင်းမွန်လာစေရေး၊ ရန်ကုန် – နေပြည်တော် အမြန်လမ်းမ တလျှောက်တွင် ထိခိုက်ဒဏ်ရာ ရရှိသူများအ တွက် သူနာတင်ယာဉ် ၀န်ဆောင်မှု ပြုလုပ်ရေး၊ ရပ်ရွာ ခေါင်းဆောင်များနှင့် ကြက်ခြေနီ စေတနာ့ လုပ်အားရှင်များ အတွက် ရှေးဦးသူနာ ပြုစု ခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး စီမံကိန်းသင်တန်းများ ဆောင်ရွက်ရေးတို့ အတွက်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်းစာချွန်လွှာ၌ ကချင် ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် လက်ရှိ နေထိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ ၅ ထောင် ကျော် အတွက် ကျောင်းသုံးပစ္စည်းများ၊ အိမ်ထောင်စု ၃၀၀၀ အတွက် တာပေါ်လင်စများ ထောက်ပံ့ရေး၊ ရန်ကုန် – နေပြည် တော် အမြန် လမ်းတွင် ရှေးဦးသူနာပြု စခန်းတခု ထားရှိရန်နှင့် မြို့နယ် ၄ မြို့နယ်တွင် သိုလှောင်ရုံ လေးခုနှင့် အသုံးအဆောင် ပစ္စည်း များ အရန်သင့်ထား ရှိရေး၊ ပြည့်စုံသည့် အသုံးအဆောင် ပစ္စည်းများပါဝင်သည့် ကျောင်း ၃ ကျောင်း တည်ဆောက် ဖွင့်လှစ် ပေးနိုင်ရေး၊ မြန်မာ နိုင်ငံအ တွင်း သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည့်အခါ အရေးပေါ် အသုံးပြုရန် ကြိုတင် ပြင်ဆင်ရေးနှင့် အလျင်အမြန် တုန့်ပြန်ရေး လုပ်ငန်းများ အတွက် ရန်ပုံငွေ ထားရှိရေး စသည့် လုပ်ငန်းစဉ် များလည်း ပါဝင်သည်။

“စင်ကာပူ ကြက်ခြေနီ အသင်းအနေနဲ့ စီမံကိန်းတွေကို ရွေးချယ်ရာမှာ အကျိုးသက်ရောက်မှု အခြေအနေ တွေသာမက နှစ်နိုင်ငံအကြားက ချစ်ကြည်ရင်းနှီးမှုကိုပါ ဂရုတစိုက် ကြည့်ရှု လေ့လာပါတယ်။ ပြီးတော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ရည်ရွယ်ပါတယ်။ သေးငယ်တဲ့ လမ်းကျဉ်းလေးပေါ်မှာ အတူတကွ လျှောက်သွားရင်းနဲ့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်အောင် အတူတကွ ဆောင်ရွက် သွားကြ ပါမယ်” ဟု Mr. Tee Tua Ba က ပြောသည်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက် တိုက်ခိုက်ပြီးနောက် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြန်မာပြည်သူများအတွက် ရည်ရွယ် ကာ စင် ကာပူနိုင်ငံ ပြည်သူများက လှူဒါန်းသည့် စင်ကာပူဒေါ်လာ ၁၂ သန်း (ကန်ဒေါ်လာ ၉ သန်းကျော်) အနက် ၇.၃ သန်း (ကန် ဒေါ်လာ ၅. ၆ သန်း) ကို အိမ်ရာများ ပြန်လည် တည်ဆောက်ပေးခြင်း၊ ဆေးရုံ၊ဆေးခန်းနှင့် ကျောင်းများ၊ မိဘမဲ့ဂေဟာများ ထူထောင် ဆောက်လုပ်ပေး ခြင်းများ ရှိကြောင်း၊ တချို့စီမံကိန်းများမှာ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေများအတွက် သောက် သုံးရေ လိုအပ်ချက်၊ အစားအစာ၊ ဆေးဝါး၊ အ၀တ်အစားနှင့် လေဘေးဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ပေးရေး၊ စီးပွားရေး လုပ် ငန်းများအတွက်လှေ များ ပြန်လည် ၀ယ်ယူပေးရေး စသည့် လုပ်ငန်းစဉ်များအတွက် အသုံးပြုလျှက် ရှိကြောင်းနှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်းစဉ်များ နှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အတွက် စင်ကာပူဒေါ်လာ ၂. ၂ သန်း (ကန် ဒေါ်လာ ၁ . ၇ သန်း) လှူဒါန်းရန် ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေသည်ဟု သိရကြောင်း MRCS မှ တာဝန်ရှိသူ တဦးက ဆို သည်။

“လူထုအခြေပြု လုပ်ငန်းတွေ လုပ်ဖို့ ကိုယ်စားလှယ်ကို မြန်မာနိုင်ငံမှာ ရုံးစိုက်ဖို့ စေလွှတ်ပြီး MRC နဲ့ အနီးကပ် ပူးပေါင်း ကူညီနေတာက ပြင် သစ်၊ ဒိန်းမတ်နဲ့ သြစတေးလျ ကြက်ခြေနီအသင်းတွေ ရှိပါတယ်။ အခုတော့စပြီး ICRC (အပြည် ပြည် ဆိုင်ရာ ကြက်ခြေနီအသင်း) နဲ့ အနီး ကပ် ပူးပေါင်း လုပ်ဆောင် နေပါပြီ” ဟု MRCS ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေက ပြော သည်။

ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ အစည်းအဝေး တွင် မြန်မာနိုင်ငံအစိုးရက အကျဉ်းထောင်များအတွင်း ၀င်ခွင့်ပြုမည် ဆိုပါကICRCအနေဖြင့် အကျဉ်းသား အားလုံးကို ကြည့်ရှုရန် သ ဘောတူမည် ဆိုသည့် ဆုံးဖြတ်ချက် တခုရခဲ့ကြောင်းလည်း သိရသည်။

“နိုင်ငံတော်အနေနဲ့ မူအရ ပွင့်လင်း လာတာနဲ့အမျှ ICRC ဘက်က ပိုမိုပူးပေါင်း လုပ်ဆောင်ချင်တာ တွေ များလာတယ်။နိုင်ငံတကာ ပူး ပေါင်း ဆောင်ရွက်မှုကလည်း အရင်ကထက် ပိုများလာတယ်။ အရင်က တခါမှ မကမ်းလှမ်းဘူးတဲ့ အ မေရိကန် ကြက်ခြေနီ၊ ဗြိတသျှ ကြက်ခြေနီ အသင်းတွေကပါ ပူးပေါင်း လုပ်ဆောင်ချင်တယ် ဆိုပြီး ကမ်းလှမ်းလာပါတယ်” ဟု ဒေါက်တာသာလှရွှေက ဆက်ပြောသည်။

No comments: