Saturday, July 28, 2012

အဓမ္မမှု ကျူးလွန်သူ ရဲအား တရားဥပဒေအရ အရေးယူခြင်းမရှိ

ကော့လီ

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့တွင် အမျိုးသမီးတစ်ဦးအား သားမယား အဖြစ် အဓမ္မပြု ကျင့်ခဲ့သူ ရဲတပ်သားကို တရားစွဲဆို အရေးယူခြင်း မရှိဘဲရဲ စခန်း မှာသာ ချုပ်နှောင် အပြစ်ပေး သွားမှာ ဖြစ်တယ်လို့ မြို့နယ် အာဏာပိုင် များက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

မိုင်းကိုင် မြို့နယ် ဆေးရုံမှာ လူနာစောင့်အဖြစ် လိုက်ပါလာသော ပလောင် တိုင်းရင်းသူ တစ်ဦးကို မိုင်းကိုင် ရဲစခန်းက ရဲတပ်သား အောင်ဆွေဦး က ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်မှာ ရဲစခန်းသို့ လှည့်ဖြားခေါ် ဆောင် သွားပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ပြီးနောက် မြို့နယ် အာ ဏာပိုင်များက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ မိုင်းကိုင်မြို့ခံ တစ်ဦး ကကော့လီကို အခုလို ပြောပြပါတယ်။

ကောင်မလေးက သူ့အဒေါ် ဆေးရုံတက်တာကို လိုက်စောင့်ပေးတာ။ ရဲအောင် ဆွေဦး က ကောင်မလေးဆီက သောက်ရေခွက် ငှားသွား တယ်။ အဲဒီညနေ ကောင်မလေးက ရေခွက်ပြန်တောင်းတော့ ရေခွက်က ရဲစခန်းမှာ ကျန်ခဲ့တယ်။ ပြန်လိုချင်ရင် လိုက်ယူဆိုပြီးပြောတော့ ကောင်မလေးကလည်း လိုက်ယူတယ်။ ရဲစခန်းရောက်တော့ အောင်ဆွေဦး က ကောင်မ လေးကို အလိုမတူဘဲ အဓမ္မပြုကျင့်တယ်တဲ့။ နောက်တစ်နေ့ မနက် ၉ နာရီကျမှအောင်ဆွေဦးက ကောင်မလေးကို ဆေးရုံ ပြန်လိုက် ပို့တယ် လို့ ပြောတာပဲ။

အဆိုပါ ဖြစ်ရပ်ကို အဆိုပါ ပလောင် တိုင်းရင်းသူမှ တဆင့် ဆေးရုံ တာဝန်ကျ သူနာပြုများက သိရှိသွားပြီး မိုင်းကိုင်မြို့နယ် အမျိုးသမီး ရေး ရာအဖွဲ့၊ ရဲစခန်း တို့ကို တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲစခန်းမှူး တို့က နားလည်မှုနဲ့ဟုဆိုကာ နစ်နာကြေး ငွေကျပ် သုံးသိန်းပေးပြီး ကောင်မလေးအား အမှုမဖွင့်ရန် ပြောဆိုကြောင်း၊ ပြီးတော့ ရဲ အောင်ဆွေဦး ကိုလည်း အချုပ်ထဲမှာ သုံးလ ထည့်ထားမှာ ဖြစ်ကြောင်း ပြောဆိုကြောင်း သိရပါတယ်။

ကျနော်တို့နိုင်ငံက တရားဥပဒေဟာ မုဒိန်းမှု ကျူးလွန်သူကို ဒီလိုပဲ ညှိနှိုင်းပြီး တရား မစွဲဆိုဘဲ ထားလို့ရသလား။ လျော်ကြေးပေးပြီး အ ချုပ် ထဲထားရုံနဲ့ ပြီးသွားသလား။ ပြီးတော့ ရဲကို ရဲစခန်းမှာ ပြန်ချုပ်ထားတယ်ဆိုတာဟာ ဘယ်လိုယုံရမှာလဲ – လို့ မိုင်းကိုင်မြို့နယ် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးက ကော့လီကို မှတ်ချက်ပေးပါတယ်။

အဆိုပါ ရဲတပ်သား အောင်ဆွေဦး ဟာ အိမ်ထောင်ကွဲနေသူ တစ်ဦးဖြစ်ပြီး ထိုနေ့က သူ့ရဲ့သားငယ် ဆေးရုံတက်နေတာကြောင့် ဆေးရုံကို ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့အထိတော့ အောင်ဆွေဦး ကို ရဲစခန်း ချုပ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

No comments: