Wednesday, August 29, 2012

လူသားချင်း စာနာမှုတွေနဲ့ ဂီတသံ

ပန်းမြတ်ဇော်

မိုးက အခုပဲ ရွာတော့မလိုနဲ့ အုံ့ မှိုင်းစပြုနေပြီး အေးစက်စက်နဲ့ ငြီးငွေ့စရာကောင်းတဲ့ ညနေခင်းပေမယ့် ရန်ကုန်မြို့ရဲ့ အမျိုးသားကဇာတ်ရုံနဲ့ ပတ်ဝန်းကျင်မှာတော့ လူအများက ကဇာတ်ရုံဆီကို ဦးတည်သွားလာနေကြပါတယ်။

သူတို့နား ရောက်သွားတော့ စကားသံကြောင့် သတိထားမိလိုက်တာက ရခိုင်လူမျိုးများ ဖြစ်ပြီး လက်မှတ်ကိုယ်စီကိုင်လို့ အမျိုးသားက ဇာတ်ရုံထဲ ဝင်သွားတာကို တွေ့လိုက်ရပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ လုပ်တဲ့ ရခိုင်ပြည်နယ် တိုင်းရင်းသား မိသားစုများ၏ ကလေးငယ်တွေ အတွက် ပညာ ရေး ထောက်ပံ့ဖို့ စီစဉ်ထားတဲ့ တေးဂီတ ဖျော်ဖြေပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲကို လာသူတွေက အရွယ်စုံ ပါဝင်နေပြန်တော့ တခြား ဂီတပွဲတွေ ထက် ထူး ခြားနေပြန်ရော။

ညနေ စောင်းလာတာနဲ့အမျှ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံ ဝင်ပေါက်မှာ တိုးဝင်သူ ပိုများလာပါတော့ တယ်။ ဖျော်ဖြေ ရေးပွဲ တွေနဲ့ ဒွန့်တွဲရှိနေခဲ့တဲ့ လက်မှတ် မှောင်ခိုရောင်းသူတွေလည်း တွေ့လာရပြန်ပေါ့။

ရုံထဲ ရောက်တာနဲ့ ပထမဆုံး မြင်လိုက်ရတာက ‘အလှူခံဌာန’ဆိုတဲ့ စာတန်းလေးပါ။ အဲဒီ ဘေးမှာတော့ ရ ခိုင်ရိုးရာ သီချင်းခွေတွေ ရောင်းလို့။ ရခိုင်သီချင်းသံတွေကလည်း ပျံ့လွင့်နေတော့ ရခိုင်ပြည် ရောက်သွားသလားလို့တောင် ထင်မိတယ်။

ညနေ ၆ နာရီမှာ ပွဲစတင်မယ်လို့ ကြေညာထားပေမယ့် တခြားဂီတပွဲတွေလိုပဲမစနိုင်သေးပါဘူး။ပိတ်ကားထက် မှာတော့ ‘ရခိုင်ပြည်နယ်တိုင်း ရင်းသား မိသားစုများ၏ ကလေးငယ်များအတွက် ပညာရေး ထောက်ပံ့မှု တေးဂီတ ဖျော်ဖြေပွဲ’ ဆိုတဲ့ စာတန်း ကပ်ထားပြီးအောက်ဘက်မှာ တော့ ငွေကြေးအထောက်အပံ့ပေးထားတဲ့ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်ရဲ့ တံဆိပ်နဲ့ ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်ခဲ့ကြတဲ့ ရခိုင် အမျိုးသားကွန်ယက်၊ ဖွံဖြိုးရေးမဏ္ဍိုင်၊ Wave Myanmar တို့ကို ကိုယ်စားပြုတဲ့ တံဆိပ်တွေ ကပ်ထားတာ မြင်ရ ပါတယ်။

“ရခိုင်ပြည်နယ်အတွက် ဆိုတာ ဖြစ်နေလို့လည်း ရာသီဥတု အေးတာတောင် လာအားပေးတယ်။ အခုပွဲရဲ့ တီးလုံးသံတွေ အမျိုးသား သီချင်း သံတွေ ကြားရတော့ ဝမ်းနည်းမိတယ်။ ဖြစ်နိုင်ရင် ဒီလိုပွဲမျိုး မလုပ်စေချင်ဘူး၊ ဝမ်းနည်းမိ တယ်” အသက် ၂၅ နှစ်အရွယ် မိန်းကလေး တဦး က ပြောရင်း ပြောရင်း မျက်ရည်ဝဲလာပါတယ်။

သူက ရခိုင်ပြည်နယ်က ရမ်းဗြဲမြို့နယ် ဇာတိဖွားဖြစ်ပြီး ရန်ကုန်ရောက်တာတော့ ၁၅ နှစ် ရှိပြီလို့ ဆိုပါတယ်။ ဒီအချိန် မှာပဲ ဂီတပွဲ စတင် တော့ မှာ ဖြစ်ကြောင်း ကြေညာသံကို ကြားလိုက်ရပါတယ်။ နာရီကြည့်တော ည ၇ နာရီ ထိုးခါနီးနေပါပြီ။ ရခိုင် မင်္ဂလာစည်တော်ကြီးရဲ့ အဖွင့်သံ အောက်က ပရိတ်သတ် ၁,၅ဝဝ လောက် ဆံ့တဲ့ ပွဲကြည့်စင်နှစ်ထပ် ရှိတဲ့ ရုံထဲမှာ ပရိတ်သတ်က ပြည့်ကြပ်နီးပါး ဖြစ်နေပါပြီ။ အောက်ထပ် ရှေ့ဆုံးတန်း ကျပ် ၁၅,ဝဝဝ နဲ့ နောက်ဘက်ပိုင်း ကျပ် ၁၂,ဝဝဝ၊ အပေါ်ထပ်ကို ကျပ် ၁ဝ,ဝဝဝ ရယ်လို့ သတ်မှတ်ရောင်းတာမှာ စောင်ရေ ၁,၃ဝဝ ကုန်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဗြုံန်းဆို လက်ခုပ်တီးသံတွေ ဆူညံသွားလို့ စင်ပေါ်ပြန်လှည့်ကြည့်တော့ တိုက်ပုံ အနက်ရောင် ဝတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင် စင်နောက်ဘက်ကနေ ထွက်လာပြီး “ပြည်ထောင်စုက ဘယ်နေရာဖြစ် ဖြစ် ကျနော်တို့နဲ့ ဆိုင်တယ်။ အထူးသဖြင့်ဒုက္ခ ရောက်နေသူတွေဘက်က ရပ်ပေးရပါလိမ့်မယ်။ နိုင်သမျှ လုပ်ပေး ရမှာပါ။ ကျနော်တို့ ပြည်ထောင်စုသားတွေ ဒုက္ခရောက်နေတာ ကျနော်တို့ မကြည့်နိုင်ဘူး။ ကျနော်တို့ တတ်နိုင်သမျှ လုပ်ပေးတာပါ” လို့ ပြောသံနဲ့အတူ လက်ခုပ်သံတွေ ထပ်မံပေါ်ထွက်လာပါတော့တယ်။

ကိုမင်းကိုနိုင် က ပရိတ်သတ်နဲ့ နှုတ်ဆက်ပြီးတဲ့အခါမှာ ရခိုင်အမျိုးသား ကွန်ယက် ဥက္ကဋ္ဌ ကိုတင်ထူးအောင် ကလည်း အဖွင့်မှာစကား ပြော တယ်။

ပြီးတဲ့အချိန်မှာတော့ Lazy Club band ရဲ့ လက်စွမ်းပြ တီးခတ်သံ စတင်ကြားလိုက်ရပြီး အဆိုတော် ဟဲလေး နဲ့ ဝေလျှံ က ပွဲဦးထွက် စ တင် သီဆိုဖျော်ဖြေပါတယ်။ ဂီတ ဖျော်ဖြေပွဲက အသက်စဝင်လာပြီး ဟဲလေးက သီချင်း သုံးပုဒ် ဖျော်ဖြေ သွားခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီိနေ့က ကမ္ဘာ့ လူသားချင်း စာနာထောက်ထား ကူညီမှုနေ့လည်း ဖြစ်တာက ဒီပွဲကို ပိုပြီး သက်ဝင်သွားစေသလိုပါပဲ။

စင်မြင့်ကန့်လန့်ကာ နောက်ကွယ်မှာတော့ ရခိုင်လူမျိုးများအတွက် အနုပညာကြေး မယူဘဲ အခမဲ့ ဖျော်ဖြေပေးဖို့ အဆိုတော်တွေက လည်း အ လှည့်ကျ စောင့်နေကြတာကို တွေ့နိုင်ပါတယ်။

အဆိုတော် ဉာဏ်လင်းအောင်နဲ့ Lလွန်းဝါတို့ သီဆိုအပြီးနောက် ပန်းရောင်ဖျော့ဖျော့ ဂါဝန်ရှည်နဲ့ ချမ်းချမ်းက “တကယ် ဆိုရင် အချစ်ပဲ လို တယ်” သီဆိုချိန်မှာတော့ ပရိတ်သတ်က လိုက်ဆိုနေကြပြန်ရော။

ခေတ္တအစီအစဉ် တင်ဆက်ပေးတဲ့ ကိုမင်းကိုနိုင်ရဲ့ ရခိုင်လိုပြောသံက လက်ခုပ်သံ ညံသွားပြန်စေပါတယ်။

ရုပ်ရှင်အစည်းအရုံးရဲ့ အလှူငွေ ၁၀ သိန်းကို ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ (ဦး)ဇင်ဝိုင်းနဲ့ သရုပ်ဆောင် (ကို)နေတိုး တို့က ပေးပြီး ကိုမင်း ကို နိုင်က ကိုယ်စား လက်ခံရယူပေးခဲ့ပါတယ်။

အဲဒီနောက် ရခိုင်အဆိုတော်မလေး ရတနာမိုင်က ရခိုင်လို နှုတ်ဆက်ပြီး စတင်သီဆိုတဲ့အခါမှာတော့ “မိုင်လေး”၊” မိုင်လေး” လို့ ပရိတ်သတ် အားပေးသံတွေ ညံလို့ နေပြန်တယ်။ ပန်းစည်းတွေ တက်ပေး၊ ပန်းကုံးတွေ စွတ်ကြနဲ့ပေါ့။

ဒီပွဲမှာပဲ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်နဲ့ဇနီးက ကျပ်တသိန်း လှူသွားပါတယ်။

Rock အဆိုတော်တဦး ဖြစ်တဲ့ ထူးအယ်လင်းက Rock သီချင်း ကြမ်းကြမ်းတွေ သီဆိုပြီး စင်ပေါ်က ဆင်းခါနီးမှာ “ဘင်္ဂါလီတွေ ထွက်သွားဖို့ အတွက် အပြည့်အဝ ရပ်တည်ပေးမှာပါ” လို့ ပြောလိုက်တဲ့ အချိန်မှာတော့ ပရိတ် သတ်ရဲ့ လက်ခုပ်သံတွေက ဆူညံသွားခဲ့ပါတယ်။

ရခိုင် အဆိုတော် ဝင်းကိုခိုင်ရဲ့ ရခိုင်ပြည်နယ်ကို လာရောက်ဖို့ ဖိတ်ခေါ်တဲ့ သီချင်း သီဆိုချိန်မှာ ပရိတ် သတ်တွေက စင်အောက်ကနေ ကခုန် ကြကုန်ပါလေရော။

ကိုမင်းကိုနိုင်က ပရိတ်သတ်ကြားထဲ အလှူငွေ လိုက်လံကောက်တော့ ပန်းစည်းတွေ ပေးသူပေး၊ ပွေ့ဖက်နှုတ်ဆက်သူနှုတ်ဆက်ပေါ့။

ဒီလိုနဲ့ ည ၁ဝ နာရီ ခွဲနေတာတောင် ပရိသတ်တွေကလည်း ဇွဲကောင်းကောင်းနဲ့ အားပေးနေဆဲပါပဲ။

ကျမ ကတော့ မနက် ရုံးစောစော သွားရမှာဖြစ်လို့ ဇာတ်ရုံထဲက ထွက်လာ လိုက်ပါတယ်။ အပြင်ရောက်တဲ့အခါမှာတော့ ည ၁၁ နာရီရဲ့ လေ အေးအေး တိုက်ခတ်မှုကို ခံစားလိုက်ရပေမယ့် ဒီပွဲက လှူတန်းငွေဟာ ပဋိပက္ခကြောင့် ဒုက္ခရောက်ရ တဲ့ ကလေးများရဲ့ ပညာရေး အထောက် အပံ့ရကြမှာကို တွေးမိရင်း ပီတိ ကူးစက်လာ ပါတော့တယ်။ ။

No comments: