Tuesday, September 25, 2012

သမိုင်းမှာ ထပ်မမှားဖို့

ဧရာဝတီ

ယနေ့သည် ၈ လေးလုံး ပြည်လုံးကျွတ် အရေးတော်ပုံကြီးကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း၍ အာဏာသိမ်းယူခဲ့သည့် ၂၄ နှစ်ပြည့်မြောက် သော နေ့ဖြစ်သကဲ့သို့ မနက်ဖြန် စက်တင်ဘာ ၁၉ ရက်နေ့သည် စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အထက်တန်းကျောင်းသူ မဝင်းမော် ဦး သေဆုံး ရသည့် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

သေနတ် ဒဏ်ရာကြောင့် သွေးအလိမ်းလိမ်းဖြင့် ဝေဒနာ ခံစားနေရသည့် မဝင်းမော်ဦးကို ဆေး ကျောင်းသားနှစ်ဦးက သယ်ဆောင်လာသော ကမ္ဘာကျော် ဓာတ်ပုံကြောင့်သာ လက်နက်မဲ့ ကျောင်းသူတဦးအပေါ် စစ်တပ်၏ ရက်စက်မှု ပေါ်လွင်ခဲ့ခြင်း ဖြစ်ပြီး မဝင်းမော်ဦး၏ အဖြစ်အ ပျက်လည်း လူသိများခဲ့ရခြင်း ဖြစ်သည်။ အလားတူ အဖြစ်အပျက် များစွာ ရှိခဲ့နိုင်သော် လည်း တခုချင်းစီ၊ တဘဝချင်းစီအတွက် သမိုင်းမှန် များကို ၂၄ နှစ်ကြာသည်အထိ ဖျောက်ဖျက်ခံထားရဆဲပင်။

၈ လေးလုံး ဆန္ဒထုတ်ဖော်ပွဲ တလျှောက်လုံးတွင် စစ်တပ်အာဏာသိမ်းသည့် စက်တင်ဘာ ၁၈၊ ၁၉ ရက်နေ့များ အထိ ပျောက်ဆုံးသူနှင့် သေ ဆုံးသူ လူဦးရေ ၃၀၀၀ ကျော် ရှိခဲ့သော်လည်း ထိုအဖြစ်အပျက်အတွက် အစိုးရ အဆက်ဆက်က တာဝန်လုံးဝ မယူခဲ့ပေ။ အလား တူစစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း တောခိုခဲ့သည့် ကျောင်းသားများ အကြား၊ တိုင်းရင်းသား လူမျိုးစုများ အကြား ဖြစ်ပွားခဲ့သည့် လုပ်ကြံ သတ်ဖြတ် မှုများစွာ ရှိခဲ့သော်လည်း တရားခံ မပေါ်ပေါက်သည့် အဖြစ်အပျက် များစွာ၊ သမိုင်းမှန် ထိန်ချန်မှုများစွာ ရှိခဲ့သည်။ ၂၄ နှစ်ကာ လ အတွင်း မြို့ပေါ်နှင့် တောထဲတွင် မတရား သတ်ဖြတ်ခံရမှုများကြောင့် သေဆုံးသူများမှာ စာရင်းပျောက် ဖြစ်ခဲ့ရသည်။

ဒီမိုကရေစီ စနစ်ဖော်ဆောင်မည် ဆိုသည့် ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှသည် ရှေ့တွင် မည်သို့ အမှန်တရားကို ပွင့် လင်းစွာ ဖော်ထုတ်၍ မှတ်တမ်းတင်ကြမည်ကို စတင်စဉ်းစားသင့်ပေပြီ။ သို့မှသာ ခံစား ခဲ့ရသူများကို စာနာရာရောက်ပြီး အမျိုးသား ပြန် လည် ရင်ကြားစေ့ရေး အောင်မြင်နိုင်ပေလိမ့်မည်။

အနီးဆုံး အဖြစ်အပျက် ဖြစ်သည့် ရခိုင်ဒေသ ပဋိပက္ခ၏ တရားခံမှန် များကို ယခုအချိန်အထိ မဖော် ထုတ်နိုင်သေးသကဲ့သို့၊ကချင်ဒေသ၌စစ် ပွဲများ ဆက်လက် ဖြစ်ပွားနေကာ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ကျူးလွန်နေဆဲ ဖြစ် သည်။ နေပြည်တော်ရှိ လူ့အခွင့်အရေးကော် မ ရှင်သည် အမှန်တရားပေါ်ပေါက်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး တို့အတွက် မည်သို့မျှ မလုပ် ဆောင်နိုင်သေးပေ။

ယခုလက်ရှိတွင် မြန်မာပြည်သူပြည်သား များက အမျိုးသားခေါင်းဆောင်အဖြစ် ချစ်ခင်လေးစားလျှက်ရှိသော အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်လည်း ဆုများစွာ ချီးမြှင့်မှုကို ခံယူရန် ကမ္ဘာ့ထိပ်သီး အမေရိကန် နိုင်ငံသို့ ရောက်ရှိ နေချိန် ဖြစ်သည်။ ထို့အပြင် သမ္မ တ ဦးသိန်းစိန်သည်လည်း ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရန် အမေရိကားသို့ မကြာမီ သွားရောက်ရန် ရှိနေသည်။

သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးပေါင်း ဆောင် ရွက်မှုများနှင့်တိုးတက်ဖြစ်ပေါ်မှုများကိုကမ္ဘာ့ နိုင်ငံအသီးသီးက ချီးကျူးဂုဏ်ပြုလျှက် ရှိသော်လည်း ၎င်းတို့နှစ်ဦး သင့်မြတ်ရုံဖြင့် အမျိုး သားပြန်လည် ရင်ကြားစေ့ရေး ပန်းတိုင်သို့ ရောက် ရှိပြီဟု မဆိုနိုင်ပေ။

၂၄ နှစ်လုံးလုံး ဒဏ်ရာ အနာမကျက်သူတို့၏ ဝေဒနာများကို သက်သာခွင့် ပေးမှ၊ အာဃာတများ၊ အငြိုးများနှင့်အမုန်းများပပျောက်သွား မှသာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပန်းတိုင်ကို ရောက်ရှိပြီး ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် ရရှိပေလိမ့်မည်။ ထို့အတွက် တခုတည်း သော နည်းလမ်းမှာ အမှန်တရားကို ရဲဝံ့စွာ ရင်ဆိုင်၍ သေဆုံး (သို့မဟုတ်) ပျောက်ဆုံး သူများကို ထုတ်ဖော် မော်ကွန်းတင် ကာ နောင်လာ နောက်သားများ ဤသို့ ထပ်မံ မမှားရလေအောင် သမိုင်းသင်္ခန်းစာ ပြုစုခြင်းပင် ဖြစ်ပေသည်။

No comments: