Tuesday, September 25, 2012

လားရှိုးမြို့ပေါ်တွင် လုယက်ဓားပြတိုက်မှုများ မကြာခဏဖြစ်နေ

ကော့လီ

စက်တင်ဘာလအတွင်း လားရှိုးမြို့ပေါ်မှာ လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး လားရှိုးမြို့နယ် ရဲတပ်ဖွဲ့က တရားခံတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းလည်း မရှိဘူးလို့ သတင်းရရှိပါတယ်။

ညပိုင်း ၉ နာရီတောင် မထိုးသေးဘူး လူရိုက်ပြီး ဆိုင်ကယ်လုတာတွေလည်း ရှိတယ်။ ၁၉ ရက်နေ့တုန်းကဆိုရင် နံနက် ၄ နာရီလောက် ရပ်ကွက် ၇ ကနေ မြို့မဈေးကို တိုဟူးသွားပို့တဲ့ ကလေးမလေးကို အပြန်မှာ နောက်ကဆိုင်ကယ် နဲ့ ကပ်ပြီးလိုက်လာတယ်။ ကောင်မလေးက ကြောက်ကြောက်နဲ့ ပြေးပေမယ့် လူကလည်းရှင်းတယ်လေ။ ဒါနဲ့ တားပြီး ဆိုင်ကယ်ကနေ ဆင်းခိုင်းတယ်။ မ အော်နဲ့လို့ပြောပြီး ဆိုင်ကယ်ကို လုယူသွားတယ် – လို့ မကြာခင်ကမှ ဖြစ်ပွား ခဲ့တဲ့ လုယက်မှုတစ်ခု အကြောင်းကို လားရှိုးမြို့ခံ တစ်ဦးက ကော့လီကို ပြော ပြပါတယ်။

ရဲစခန်းနဲ့ နီးကပ်တဲ့ လားရှိုး မြို့တော်ခန်းမနောက် ဘုရားကြီးနောက်လမ်းကြားမှာ ဆိုင်ကယ်လုမှု၊ ဖုန်းလုမှု၊ ပိုက်ဆံလုမှု မကြာခဏ ဖြစ် ပွား နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ညအချိန်မှာ လူငယ်တစ်ယောက်ကို ရိုက်နှက်ပြီး ဆိုင်ကယ်လုသွားတာ လူစုပြီး လိုက်ရှာတော့ ဆိုင်ကယ် ပွဲစားတန်းမှာ ပြန်ဖမ်းမိကြောင်း သိရပါတယ်။

ဆိုင်ကယ်စီးတဲ့ အမျိုးသမီးတွေက သူတို့ပိုက်ဆံအိတ်တွေကို ဆိုင်ကယ်ရှေ့မှာ ချိတ်ပြီးစီးကြတာ ကလည်း လုယက်သူတွေကို ဖိတ်ခေါ်နေ သလို ဖြစ်နေတယ်လို့ သိရပြီး အဲဒီလို ပိုက်ဆံအိတ် လုယက်မှုတွေဟာ ညပိုင်းသာမက နေ့ခင်း ကြောင်တောင်ပါ ဖြစ်တတ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ အပတ်မှာပဲ ဘဏ်က ငွေထုတ်ပြီး ပြန်လာတဲ့ အမျိုးသမီးနှစ်ယောက်က ဆိုင်ကယ်စီး ပြီးပြန်အလာ သိန္နီလမ်း မောင်မောင်မှန်ဆိုင် နားအရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်စီးလာရင်း အနားကပ်မှ ပိုက်ဆံထုပ်ကို လုပြီး အမြန်မောင်းပြေးသွားပါတယ်။ အဆိုပါ အမျိုး သမီးနှစ်ယောက်ဟာ မြို့မဈေးမှာ ဆိုင်ဖွင့်ပြီး ဈေးရောင်းချသူတွေ ဖြစ်ပါတယ်။ အခုလို လုယက်ခံလာလို့ ရဲစခန်းကို သွားတိုင်တဲ့အခါ တာ ဝန်ရှိရဲဝန်ထမ်းတွေက အမှုဖွင့်အရေးယူပေးခြင်းမရှိဘဲ ကိုယ့်ကိုယ်ကို သတိထားဖို့၊ ဒီလိုအမှုမျိုး ၁၉ မှုတောင် လာတိုင်ထားပြီးပြီလို့သာ ပြန်ပြောလိုက်တယ်လို့ သိရပါတယ်။

ဒီလိုလုယက်မှုတွေအပြင် လူစည်ကားရာနေရာတွေမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုတွေတောင် မကြာခဏ ဖြစ်နေတယ်လို့ သိရ ပါ တယ်။

မြို့လယ်ခေါင်က စတိုးဆိုင်တွေ၊ စာအုပ်တွေကို နေ့ခင်းကြောင်တောင် ဆိုင်ဖွင့်ထားတဲ့အချိန်မှာ ဓားပြဝင်တိုက်ကြတယ်။ ဓားပြတိုက်တဲ့ အဖွဲ့တွေထဲမှာ မိန်းမတွေတောင် ပါတယ်ဗျ။ စာအုပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ဆိုရင် ခြောက်သိန်းလောက် ပါသွားတယ်- လို့ လားရှိုးမြိုခံက ပြောပါ တယ်။

တရုတ်နိုင်ငံက မှောင်ခိုဆိုင်ကယ် တင်သွင်းရာမှာ ဆိုင်ကယ်ကယ်ရီ အဖြစ်လုပ်ကိုင်တဲ့ အနယ် နယ် အရပ်ရပ်က လူစိမ်းတွေ ရောက်လာ ခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲမှု မြင့်တက်လာခြင်း၊ ရဲတပ်ဖွဲ့ကလည်း နယ်မြေလုံခြုံရေး ထိရောက်စွာမလုပ်နိုင်ခြင်းတို့ကြောင်းအခုလို လုယက် ဓားပြတိုက်မှုများ များပြားလာရပြီး တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိတာဖြစ် နိုင်တယ်လို့ ဒေသခံများက ပြောဆိုနေကြ တယ်လို့ သိရပါ တယ်။

No comments: