Monday, March 25, 2013

ABC

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ​ကရင်နီဒုက္ခသည် ​စခန်းတခုမှာ ​မီးလောင်မြှုကီး ​ဖြစ်ပွားခဲ့ပြီး ​သေဆုံးသူ ​အတော်များခဲ့တဲ့အတွက် ​ထိုင်းအာဏာပိုင်တွေက ​သေဆုံးသူအလောင်းတွေကို ​ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး ​အခုဆိုရင် ​ရှာဖွေမှုကို ​အဆုံးသတ်လိုက်ပြီးလို့ဆိုပါတယ်။

ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံး ​(UNHCR) ​နဲ့ ​ကယ်ဆယ်ရေးလုပ်သားတွေဟာ ​အရေးပေါ် ​အကူအညီတွေ ​ဆောင်ရွက်ပေးနေတယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​မတ်လ ​၂၂ရက်နေ့ ​ညနေပိုင်းက ​ထိုင်း ​နိုင်ငံ ​မြောက်ဖက်ပိုင်း ​မယ်ဟောင်ဆောင် ​ခရိုင်မှာရှိတဲ့ ​ကရင်နီ ​ဒုက္ခသည်စခန်း ​တခုမှာ ​မီးလောင်မှုကြီး ​ဖြစ်ပွားခဲ့တဲ့အတွက် ​ကလေးငယ် ​၁၀ဦး ​အပါအဝင် ​သေဆုံးသူ ​စုစုပေါင်း ​၃၆ဦး ​ရှိခဲ့ပြီး ​အိမ်ခြေ ​၄၀၀ ​လောက် ​မီးလောင်ခဲ့တယ်လို့ ​ထိုင်းအာဏာပိုင်တွေက ​ဆိုပါတယ်။

သေဆုံးသူတွေ ​အများစုဟာ ​ကလေးငယ်တွေ၊ ​အမျိုးသမီးတွေနဲ့ ​သက်ကြီးရွယ်အိုတွေ ​ဖြစ်ကြပြီး ​လူပေါင်း ​၂၀၀၀ ​လောက် ​အိုးအိမ်မဲ့ ​ဖြစ်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ​မီးလောင်မှုဟာ ​ထမင်းချက်ရာကနေစတင် ​ဖြစ်ပွားခဲ့တယ်လို့ ​ယူဆရတဲ့အကြောင်း ​ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံး ​(UNHCR) ​က ​ဆိုပါတယ်။ ​ဒုက္ခသည်စခန်းက ​အိမ်တွေဟာ ​ဝါးနဲ့ ​သက်ကယ်တွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ​ဘာကြောင့်မီးလောင်မှုဖြစ်ခဲ့လည်းဆိုတဲ့ ​အဓိက ​အကြောင်းအရာတွေကိုတော့ ​ရဲတွေက ​စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

ကရင်နီဒုက္ခသည်စခန်းမှာ ​တိုက်ပွဲကြောင့် ​ထွက်ပြေးခိုလုံတဲ့ ​ဒုက္ခသည်အိမ်ခြေပေါင်း ​၃၀၀၀ ​ကျော်ရှိပါတယ်။

No comments: