Monday, March 25, 2013

ပအိုဝ်း PNLO နဲ့ မြန်မာငြိမ်းချမ်းရေးကော်မတီတို့ အချက် ၁၀ ချက် သဘောတူ

ABC

ပည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီနဲ့ ​ပအိုဝ်း ​အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ​တို့ရန်ကုန်မြို့ ​မြန်မာငြိမ်းချမ်းရေးစင်တာမှာ ​၂ ​ရက် ​တွေ့ဆုံခဲ့ကြပြီး ​စုစုပေါင်း ​အချက် ​၁၀ ​ချက်ကို ​သဘောတူ ​လက်မှတ်ရေး ​ထိုးခဲ့ကြတယ်လို့ ​သိရပါတယ်။

မတ်လ ​၂၂ ​ရက်နဲ့ ​၂၃ ​ရက် ​ဆွေးနွေးပွဲအတွင်း ​အပစ်အခတ် ​ရပ်ဆိုင်းရေး၊ ​ဆီဆိုင်မြို့နဲ့ ​မောက်မယ်မြို့တွေမှာ ​လက်နက်မပါတဲ့ ​ဆက်ဆံရေး ​ရုံးတွေ ​ဖွင့်လှစ်ရေး၊ ​မြေမြုပ်မိုင်း ​ရှင်းလင်းရေး၊ ​သထုံမြို့မှာ ​စီးပွားရေးရုံး ​ဖွင့်လှစ်ရေး၊ ​PNLO ​တပ် ​ဖွဲ့ ​၀င် ​တွေနဲ့ ​ဒေသခံ ​ပြည်သူတွေ ​အတွက် ​နိုင်ငံသား ​စိစစ်ရေးကတ်ပြား ​ထုတ်ပေးရေး ​ကိစ္စတွေ ​အပါအ၀င် ​နိုင်ငံရေး ​တွေ့ဆုံဆွေးနွေးမှု ​စတဲ့ ​အချက် ​၁၀ ​ချက်ကို ​သဘောတူခဲ့ကြတာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ​ပြည်နယ်အဆင့် ​လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ​ခုတခါ ​ပြည်ထောင်စုအဆင့်အနေနဲ့ ​ဆွေးနွေးပြီး ​သဘောတူလက်မှတ်ရေးထိုးတာဖြစ်တယ်လို့ ​ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီ ​ဒုတိယဥက္ကဋ္ဌ၊ ​သမ္မတရုံးဝန်ကြီး ​ဦးအောင်မင်းက ​ပြောပါတယ်။ 

"လွန်ခဲ့တဲ့ ​သြဂုတ်လ ​၂၅ ​ရက်နေ့မှာ ​ပြည်နယ်အဆင့်လက်မှတ် ​ရေးထိုးထားတယ်လေ။အဲဒါကို ​ထပ်ပြီးတော့ ​ဒီကြားထဲမှာ ​တိုက်ပွဲ ​လည်းမဖြစ်ဘူး။ဒီဟာတွေကို ​အတည်ပြုတာ ​ဖြစ်တယ်။ ​ဒီလိုအပစ်အခတ် ​ရပ်စဲပြီးရင် ​စစ်မြေပြင် ​လိုက်နာ ​ရတဲ့ ​စည်းကမ်း ​Coad ​Of ​condct ​တို့ဘာတို့ကိုရေးဆွဲရမယ်။သူတို့ ​တပ်ဖွဲ့တွေ ​သူတို့မိသားစုတွေ ​သူတို့ ​IDP ​တွေ ​ပြန်လာဖို့အတွက် ​လုပ်ပေးရမယ်။ ​သူတို့ ​နယ်မြေဒေသဖွံ့ဖြိုးရေး ​အတွက် ​ကျောင်းတို့ ​တံတားတို့ ​ဆောက်ပေးရမှာပေါ့။ ​IDP ​တွေပြန်ဝင်လာရင် ​ကျွေးဖို့ ​မွေးဖို့ ​လုပ်ရမှာပေါ့။အဲဒီကိစ္စတွေကို ​ဆက်ပြီးတော့ ​ဆွေးနွေးတာ"
အခုဆွေးနွေးပွဲဟာ ​ပြည်တောင်စုအဆင့် ​ဖြစ်ပေမယ့် ​မိမိအနေနဲ့ ​အစိုးရအပေါ် ​အလုံးစုံယုံကြည်ဖို့ ​အချိန်စောသေးတဲ့အကြောင်း ​သူတို့ ​အနေနဲ့လက်နက် ​ချတာ ​မဟုတ်ဘူးလို့ ​PNLO ​ဥက္ကဌ ​ဦးခွန်ဥက္ကာက ​ပြောပါတယ်။

"အလင်းဝင်လာတာလည်းမဟုတ်ဘူး။လက်နက်ချတာလည်းမဟုတ်ဘူး။အပစ်ရပ်တာပေါ့။ ​ကျွန်တော်တို့အပစ်ရပ်တယ်ဆိုတာရပ်တဲ့ကာလမှာကျွန်တော်တို့ ​လုပ်ငန်းတွေလုပ်ဖို့ ​တိုင်ပင်တာ"
အဓိပ္ပါယ်ပြည့်ဝတဲ့ ​နိုင်ငံရေး ​ဆွေးနွေး ​ပွဲလိုမျိုး ​ဖြစ်ဖို့ဆိုရင် ​UNFC ​ကနေ ​တဆင့်တွေ့ဆုံဆွေးနွေးမှ ​ဖြစ်နိုင်မှာ ​ဖြစ်ပြီး ​နောက်ထပ်လည်း ​အဓိပ္ပါယ်ပြည့်ဝတဲ့ ​နိုင်ငံရေးဆွေးနွေးပွဲတွေ ​ဆက်လက် ​ဖြစ်ပေါ်ဖို့လိုတယ်လို့ ​ဆက်ပြောခဲ့ပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲကို ​သွားနိုင်အောင် ​အပစ်ရပ်တာ။နိုင်ငံရေး ​ဆွေးနွေးပွဲ ​ဖြစ်ပေါ် ​လာရင် ​နိုင်ငံရေးပြဿနာကို ​နိုင်ငံရေးနည်းနဲ့ ​ရှင်းမယ်။အဲဒီခါ ​ကျရင် ​ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ​political ​revolution ​ပေါ့ ​။ ​solution ​သို့မဟုတ် ​Aggrement ​တစ်ခု။နိုင်ငံရေး ​သဘောတူညီချက်ရမှတကယ့်ပြည့်စုံတဲ့ ​ကျွန်တော်တို့နိုင်ငံ ​ရေးဟာ ​နိုင်ငံရေးဆွေးနွေးပွဲ ​စတော့မယ် ​စပြီးတော့ ​နိုင်ငံရေးဆွေးနွေးပွဲ ​အပြီးသတ်တဲ့အချိန်မှာနိုင်ငံရေးသဘောတူညီချက်ရမယ်။

အဲဒီအပေါ်မှာ ​တိုင်းပြည်ကို ​ပြန်ပြီး ​ထူထောင် ​သွားမယ်။ကြားမှာ ​ကြာမယ်။ကြာတဲ့အချိန်မှာ ​ကျွန်တော်တို့ ​ဘယ်လိုနေမယ် ​ဆိုတာ ​တိုင်ပင်ကြတယ်။"

အခု ​သဘောတူညီချက်တွေအရ ​နိုင်ငံတော်က ​ပအိုဝ်း ​ဒေသမူးယစ်ဆေးဝါး ​ဆန့်ကျင်တိုက်ဖျက်ရေး ​ဘိန်းအစားထိုး ​သီးနှံစိုက်ပျိုးရေးတွေကို ​ကူညီပံ့ပိုးသွားမှာဖြစ်ပြီး ​ဘယ်လို ​ပံ့ပိုးကူညီသွားမယ် ​ဆိုတာကိုလည်း ​အခု ​ပြောဖို့ ​စောနေသေးကြောင်း၊ ​အချိန်ယူ ​ဆောင်ရွက်ရမှာ ​ဖြစ်ကြောင်း ​သိရပါတယ်။

PNLO ​အဖွဲ့အနေနဲ့ ​သတ္တု၊ ​သစ်၊ ​ဘိလပ်မြေ၊ ​ဟိုတယ်လုပ်ငန်း ​စတဲ့ ​စီးပွားရေးလုပ်ငန်းတွေ ​လုပ်ကိုင်နိုင်ဖို့အစိုးရကကူညီသွားမယ်ဆိုတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မေငယ်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: