ABC
ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ် ၄၃ လမ်းအနီးက အစ္စလာမ်ဘာသာရေးကျောင်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး ကျောင်းသား ၁၃ ဦးသေဆုံးပြီးနောက် ဗလီအကြီးအကဲနဲ့ ကျောင်းဆရာတစ်ဦးကို ရဲတွေက စုံစမ်းမေးမြန်းမှုတွေ လုပ်နေပါတယ်။
မီးအားမြင့်စက်ကနေ မီးလောင်မှုဖြစ်တာလို့ အာဏာပိုင်တွေကမှတ်ချက်ချထားပေမယ့် မကြာသေးခင် ကပဲ မြန်မာနိုင်ငံ ဒေသတချို့မှာ မူစလင် လူမျိုးတွေကို တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက် တချို့က မီးလောင် မှုကို ရှို့မီးလို့ ယူဆ ကြပါတယ်။
အဲဒီ ဘာသာရေးကျောင်းမှာ ကျောင်းသား အယောက် ၇၀ လောက်ရှိပြီး မီးလောင်တဲ့ အချိန်ဟာ မနက် ၂ နာရီအချိန်လောက်မှာဖြစ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် တခါးကို သော့တွေနဲ့ ခတ်ထား တဲ့အပြင် ပြတင်းပေါက် တွေမှာလည်း သံဇကာတွေ၊ သံတိုင်တွေနဲ့ ပိတ်ထားတဲ့ အတွက် ထွက်ပြေးလို့မရပဲ မီးခိုးတွေမွန်ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းသား ၁၃ ယောက် သေဆုံးခဲ့ရတာလို့ သိရပါတယ်။
အပေါ်ထပ်တက်တဲ့ လှေကားထစ်အောက်မှာ ထားတဲ့ မီးအားမြင့်စက်မီးလောင်ရာကနေ နောက်ပိုင်းမှာ မီးစက်အတွက်အသုံးပြုတဲ့ ဒီဇယ်ဗုံးကို မီးစွဲပြီးအပေါ်ထပ်ထိ မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။
သေဆုံးသူ ကလေးငယ်တွေကိုလည်း မြေမြုပ်သဂြိုလ်ခဲ့ကြပြီး အသုဘအခမ်းအနားကို လူပေါင်း ထောင်နဲ့ချီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဗလီအနီးတဝိုက်မှာ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့လည်း သိရပါတယ်။
မြန်မာမှာ ဖြစ်နေတဲ့အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံကို သတိနဲ့ ခရီးသွားကြဖို့ နိုင်ငံခြားအစိုးရသတိပေး
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ သတိနဲ့သွားလာဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်သလို မလေးရှားအစိုးရကလည်း မလိုအပ်ရင် မြန်မာနိုင်ငံ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းကို သွားရောက်မလည်ပတ်ကြဖို့ မှာကြားထားပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မလေးရှားနိုင်ငံသားတွေအနေနဲ့ သတင်းတွေကို အမြဲ မျက်ခြေမပြတ်လေ့လာ ဖတ်ရှု၊ နားဆင်ဖို့၊ ဆန္ဒပြမှုတွေကို ဝေးဝေးရှောင်ကြည်ဖို့အပြင် လူတွေစုဝေးနေတဲ့ နေရာမှာ မနေ့ကြဖို့ သတိပေးထားပါတယ်။
မလေးရှားအစိုးရအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ပေါ်လစီမကျင့်သုံးလိုပေမယ့် မြန်မာနိုင်ငံ အကြမ်းဖက်မှုမှာ ပါဝင်သူတိုင်း ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ ပြောလိုကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို လူမျိုးရေး၊ ဘာသာရေးပြဿနာလို့ တချို့က ရှုမြင်တဲ့အတွက် အစ္စလာမ်ဘာသာကို အဓိကကိုးကွယ်တဲ့ ပါကစ္စတန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ တင်းနစ်ကစားတဲ့အခါ တိုက်ခိုက်ခံရမှာကို စိုးရိမ်သူတွေလည်းရှိပါတယ်။
ပါကစ္စတန်တင်းနစ် ကစားသမားတွေကတော့ မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်မှာ ကျင်းပမဲ့ Davis Cup Asian-Oceania တင်းနစ်ပြိုင်းပွဲကို သွားရောက်ကစားမှာဖြစ်တယ်လို့ ပြောကြပါတယ်။
ကစားကွင်းတွေမှာ လုံခြုံရေးတွေ စိတ်ချရတဲ့အနေအထားရှိတဲ့အတွက် သွားရောက်ကစားမယ့်အကြောင်း မြန်မာနိုင်ငံအနေနဲ့လည်း ပွဲစဉ်တွေ ဖျက်မဲ့ အနေအထားမရှိဘူးလို့ ပါကစ္စတန်နိုင်ငံ အားကစားအရာရှိတွေက ပြောပါတယ်။
No comments:
Post a Comment