ABC
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေကြမ်းကို ပြည်သူ့လွတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် အမျိုးသားလွတ်တော်က မနေ့က အတည်ပြုလိုက်ပြီ်လို့ သိရပါတယ်။
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့ အစည်းတွေကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသားလွတ်တော် ဥပဒေကြမ်း ကော်မတီက နှစ်ဘက်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေး ပြင်ဆင်ပြီး - အမျိုးသားလွတ်တော်က အတည်ပြုခဲ့တာလို့ အမျိုးသားလွတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
အမျိုးသားဥပဒေကြမ်းမှာ ဒီအမှုကိုစကိုင်တဲ့အခါမှာ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးနဲ့ တာဝန်ရှိပုဂ္ဂိုလ်နဲ့လည်း တွေ့တယ်၊ နောက် စာနယ်ဇင်းကောင်စီ ကလည်း ကျနော်တို့ကိုလာတွေ့တယ်၊ ၂ဘက်စလုံးရဲ့ အခြေအနေကို သေချာလေ့လာပြီးတဲ့ အခါကျတော့ အမျိုးသားလွတ်တော် ဥပဒေကြမ်း ကော်မတီအနေအထားနဲ့ ပြင်သင့်တာပြင်၊ ဖျက်သင့်တာဖျက်နဲ့ အဲလို ပြင်ပေးလိုက်ပြီးတော့မှ အမျိုးသားလွတ်တော်မှာ ဒီနေ့အတည်ပြု ပေးလိုက်တယ်။
အမျိုးသားလွတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ အမျိုးသားလွတ် တော်ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွန့်က စာနယ်ဇင်းကောင်စီက ဥပဒေကြမ်းပါအချက် ၅ခုလောက်ဖြုတ်ပယ်ပေးဖို့ အဆို ပြုတာကို ၄ခုလောက် ဖြုတ်ခဲ့တဲ့ အကြောင်း နဲ့ ၁၄ခုလောက်ကို ပြင်ဆင်ပေးဖို့တောင်းဆိုတဲ့ အထဲက ၁၃ခု ပြင်ဆင်လိုက်တဲ့ အကြောင်း ပြောပြပါတယ်။
သတင်း မီဒီယာလောကအတွက် အကောင်းဆုံး ဖြစ်နိုင်မဲ့ဟာကို ပြင်ပေးလိုက်တယ်၊ စာနယ်ဇင်းကောင်စီကလည်း ဆင်ဆာအဖွဲ့လိုဟာမျိုး ပြန်ပေါ်လာပြီးတော့ စာနယ်ဇင်းကို ချုပ်ကိုင်တဲ့ဟာမျိုးကို သူတို့ကစိုးရိမ်တယ်၊ ဒါကြောင့်မို့ ဆင်ဆာအဖွဲ့လိုဟာမျိုးကို ဖြုတ်ပေးလိုက်တယ်၊ ညစ်ညမ်းစာပေတို့ တရားမ၀င်စာတို့ဆိုရင် အမျိုးသားလွတ်တော်က တရားမ၀င်စာဖြစ် မယ်ဆိုရင် တရားရုံးမှာ သွားပြီးတော့ အဆုံးအဖြတ်ခံယူပါ။ တရားမ၀င်စာအဖြစ် ကြားနာစစ်ဆေးနေတုန်းမှာ ထုတ်ဝေဖြန့်ချီမှု မပြုအောင်တားမြစ်ဖို့ တရားရုံးကို လုပ်ပိုင်ခွင့် ပေးလိုက်တာမျိုးတွေပေါ့ဗျာ။
အမျိုးသားလွတ်တော်မှာ အတည်ပြုခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေကြမ်းကို ပြည်သူ့ လွတ်တော်ကို ပေးပို့ပြီး အတည်ပြုချက်ရယူသွားမှာဖြစ်ပြီး အဲဒီကတဆင့် ပြည်ထောင်စုလွတ်တော်ကို ဆက်လက်ပေးပို့ပြီး ပြည်ထောင်စုလွတ်တော်ကသာ အတည်ပြုခဲ့ရင် ဒီဥပဒေကြမ်းဟာ အတည်ဖြစ်သွားမှာ ဖြစ်တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment