အာရ်ကန်တိုင်းမ်စ်
မြန်မာနိုင်ငံမှနေ၍ အမေရိကန်ပြည်ထောင်စု ပြည်နယ်ဒေသ အနှံ့အပြားသို့ ဓမ္မဒူတ ဓမ္မဒေသနာ ခရီးကြွရောက်တော်မူလာသော မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ တရားဟော တရားပြအကျော် ဆရာတော် ဘဒ္ဒန္တဇဝန (မေတ္တာရှင်-ရွှေပြည်သာ)၏ ဓမ္မဒေသနာ တရားသဘင်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့၊ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော်အတွင်း၌ လာမည့် စက်တင်ဘာလတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘဒ္ဒန္တဇဝန တရားသဘင်ပွဲ၏ ဓမ္မဒေသနာ အမြိုက်ဆေးကို စက်တင်ဘာလ ၇ ရက်၊ ၈ ရက် (စနေ၊ တနင်္ဂနွေ) နေ့  များတွင် ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ၅ နာရီထိ တိုက်ကျွေးဟောပြော ချီးမြှင့်ပေးတော်မူမည်ဖြစ်ကြောင်း သိရှိရသည်။
အမာရီလိုမြို့ အနီးတ၀ိုက်တွင် အခြေချနေထိုင်နေကြသည့် မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာဝင်များအား တရားဓမ္မ ဉာဏ် ရင့်သန်လာစေရန်၊ မျိုးဆက်သစ် လူငယ်မောင်မယ်များ၊ ဘာသာတရား အဆုံးမများနဲ့ ရင်းနှီးကျွမ်းဝင် လာစေရန်နှင့် အမျိုး ဘာသာ သာသနာ ဂုဏ်ရောင်တိုးစေရန်၊ စသည့် ရည်ရွယ်ချက်များဖြင့် ယခုလို တရားသဘင်ပွဲတော်ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆရာတော် အရှင်ဇ၀နကို မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ် ရပ်ကွက်၌ အဖဦးထီ၊ မိခင်ဒေါ်သိန်းရင်တို့မှ ၁၃၂၆ ခုနှစ်၊ တပို့တွဲလဆန်း (၁၅) ရက်၊ အင်္ဂါနေ့ (၁၆-၂-၆၅) တွင်ဖွားမြင်ခဲ့ပြီး သက်တော် ၂၂ နှစ်အရွယ်မှစ၍ ယခုအချိန်ထိ ဗုဒ္ဓဓမ္မလောက၊ ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ဆုမွန်၊ မြတ်မွန်ရတနာ၊ သာသနာ့ရောင်ခြည်၊ ဇမ္ဗူ့ရတနာ၊ လျှို့ဝှက်ဆန်းကြယ်၊ နိုင်ငံ့ဂုဏ်ရည်၊ ဘာသာသွေး၊ မြစ်မခစာသ၀ဏ်၊ သူရဇ္ဇ၊ ရောင်ပြန် စသော မဂ္ဂဇင်းများတွင် ဆောင်းပါးအပုဒ် (၂၀၀) ကျော်နှင့် ၀တ္ထုတို၊ ရှည် အပုဒ်(၁၀၀) ကျော်တို့ကို ဦးဇ၀န(တောင်သာ)၊ အရှင်ဇ၀န(မန္တလေး)၊ မေတ္တာရှင်(ရွှေပြည်သာ) စသည့် ကလောင်အမည်တို့ ဖြင့် ရေးသားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
အမာရီလိုမြို့ရှိ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံကျော် ဓမ္မကဓိက တရားဟော တရားပြ အကျော်အမော် ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)နှင့် ဓမ္မာစရိယ ဂဏဝါစက နိုင်ငံကျော် ဓမ္မကထိက ရွှေညဝါဆရာတော် ဘဒ္ဒ န္တပညာသီဟတို့၏ ဓမ္မဒါန ဓမ္မပူဇာ တရားအလှူ ဓမ္မသဘင်ပွဲတော်များကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

No comments:
Post a Comment