Tuesday, October 1, 2013

ချီတက်ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေကြား သဘောတူညီမှု ၃ချက်ရရှိ

ABC

လက်ပံတောင်းတောင်ဒေသက ​လယ်တီဆရာတော်ဘုရားရဲ့သိမ်တော်နဲ့ ​ဒဿနိက ​အဆောက်အအုံတွေကို ​ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ​လက်ပံတောင်းတောင်အထိ ​ချီတက်ဆန္ဒပြလမ်းလျောက်ကြတဲ့သူတွေနဲ့ ​ဒေသခံအာဏာပိုင်ကြား ​မနေ့က ​ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတော့ ​အဲဒီထဲက ​လွှတ်တော်က ​ဆုံးဖြတ်ချက် ​မချမချင်း ​လုံးဝမထိခိုက်မပျက်စီးစေရပါဘူးဆိုတဲ့အချက်အပါအ၀င် ​အချက် ​၃ချက်ကို ​သဘောတူလက်ခံခဲ့ကြတယ်လို့ ​သိရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ​ပြန်လည်စတင်တော့မယ့် ​လက်ပံတောင်းတောင်ဒေသက ​အစိုးရစီမံကိန်းတွေကြောင့် ​လယ်တီဆရာတော်ဘုရားသီတင်းသုံးခဲ့တဲ့ ​သိမ်တော်နဲ့ ​စေတီတော် ​ထိခိုက်ပျက်စီးသွားမှာနဲ့ ​ရွှေ့ပြောင်းမှာကို ​စိုးရိမ် ​နေတဲ့ဒေသခံတွေက ​စက်တင်ဘာ ​၂၉ရက်နေ့မှာ ​မန္တလေးကနေ ​လက်ပံတောင်းတောင်ကို ​ချီတက်ဆန္ဒပြ ​လမ်းလျောက်လာခဲ့တာဖြစ်ပါတယ်။

ချီတက်ဆန္ဒပြသူတွေဟာ ​စစ်ကိုင်းမြို့အ၀င်မှာ ​လုံထိန်းတပ်ဖွဲ့တွေရဲ့ ​တားဆီးခံခဲ့ရပြီးနောက် ​ချီတက်လမ်းလျောက်တဲ့အဖွဲ့နဲ့ ​စစ်ကိုင်းတိုင်းဒေသကြီး ​အစိုးရအဖွဲ့တို့ ​ဆွေးနွေး ​ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးတော့ ​အချက် ​၃ချက်ကို ​သဘောတူညီမှုရရှိခဲ့တာဖြစ်တဲ့အကြောင်း ​လမ်းလျောက်ရာမှာပါဝင်တဲ့ ​ကိုလှိုင်က ​အခုလိုပြောပါတယ်။ 

“ဒီနေ့မှာကျနော်တို့ ​စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ ​စစ်ကိုင်းသာသနာရေးဝန်ကြီးတွေ၊ ​တိုင်းသံဃာ့နာယက ​တွေလာပြီးညှိနှိုင်းတယ်ခင်ဗျ၊ ​ညှိနှိုင်းတဲ့အခါ ​ကျနော်တို့က ​၃ချက်နဲ့ ​သဘောတူလက်ခံခဲ့တယ်ပေါ့လေ၊ ​အဲဒီ၃ချက်ကတော့ ​လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော်ကို ​လွတ်တော်မှာ ​အဆိုတင်သွင်းပြီးတဲ့အချိန် ​လွတ်တော်က ​ဆုံးဖြတ်ချက်မကျမချင်း ​ဆရာတော်ကြီးတွေရဲ့ ​သြ၀ါဒခံယူနေစဉ်အတွင်းမှာ ​လုံးဝမပျက်မစီးအ ​ထိခိုက်စေရပါဘူးဆိုတဲ့ ​ဂတိတချက်တောင်းခဲ့တယ်ခင်ဗျ။”

ဒုတိယအချက်အနေနဲ့ ​လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော်ကို ​ဖူးမျော်ခွင့်ပေးဖို့ညှိနှိုင်းခဲ့ပေမဲ့ ​အာဏာပိုင်တွေဘက်က ​ကန့်သတ်ချက်တခုပြန်တောင်းခဲ့တဲ့အကြောင်း ​ကိုလှိုင်က ​ဆက်ပြောပါတယ်။

“လယ်တီဆရာတော်ဘုရားကြီးရဲ့ ​သိမ် ​ကို ​၅ဦးထက်မပိုပဲနဲ့ ​သွားရောက် ​ဖူးမျော်ခွင့်ပေးရမယ်၊ ​ဖူးမျော်ခွင့်ကို ​သူတို့ကဘာနဲ့ ​ပြန်ကန့်သတ်လည်းဆိုတော့ ​ပုဒ်မ၁၄၄ထုတ်ထားတဲ့နယ်မြေဖြစ်တဲ့အတွက် ​ဒေသခံပြည်သူ ​လူထုအတွက်စိုးရိမ်ရပါတယ်ဆိုပြီးတော့ ​ တကယ်လို့သွားဖူးမယ်ဆိုရင် ​၅ဦးထက်မပိုတဲ့လူစုသည် ​ ၃ရက်ကြိုပြီး ​စာတင်ပေးဖို့ပေါ့လေ ​အဲဒီတချက်နဲ့ ​ကျနော်တို့ကိုပြန်ပြီးကန့်သတ်တယ်ခင်ဗျ၊ ​ကျနော်တို့ကလည်း ​လက်ခံ ​လိုက်တယ်ပေါ့။” 

နောက်တချက်ကတော့ ​လယ်တီဆရာတော်ဘုရားကြီးရဲ့ ​သိမ်တော်ကို ​ကာကွယ်ရေးအတွက် ​ငြိမ်းချမ်းစွာလမ်း ​လျောက်လာတဲ့လူထုကို ​မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ ​စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ ​လုံးဝတရားစွဲဆိုခြင်းမပြု ​လုပ်ပါဘူးဆိုတဲ့အချက်တွေ ​သဘောတူညီခဲ့ကြပါတယ်။

သဘောတူညီမှုရပြီနောက်ပိုင်း ​ဆန္ဒပြသူတွေက ​နေရပ်ကိုပြန်သွားခဲ့ကြတဲ့အကြောင်း ​ဒီသဘော ​တူညီချက်တွေကို ​လွှတ်တော်မျာ ​တင်ပြသွားမယ်ဆိုတဲ့အကြောင်းနဲ့ ​ဒီကစ္စနဲ့ပတ်သက်ပြီးတော့လည်း ​အစိုးရဖက်က ​တာဝန်ခံမှုဘယ်လောက်ရှိသလဲဆိုကိုလည်း ​စောင့်ကြည့်သွားမယ်လို့ ​လမ်းလျောက်ရာမှာ ​ပါဝင်တဲ့ ​ကိုလှိုင်ကပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

No comments: