Thursday, November 28, 2013

တိုင်းအစိုးရက ဖြေရှင်းပေးရန် မိကျောင်းကန်ရပ်ကွက် မူလပိုင်ရှင်များ ဒုတိယအကြိမ် သပိတ်စခန်းဖွင့်

နန်းမြင့်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မူလပိုင်ရှင်များက နိုဝင်ဘာ ၂၆ ရက်တွင် ယင်းနေရာ၌ပင် ဒုတိယအကြိမ် သပိတ်စခန်းဖွင့်လှစ်လိုက်ပြီး သိမ်းဆည်းမြေများပြန်လည် ရရှိရေး တိုင်းအစိုးရမှ ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်ဟု အဆိုပါ သပိတ်စခန်းရှိ ကိုအောင်မျိုးဝင်း က မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ၂၆ တွင် ဆန္ဒဖော်ထုတ်ရန် စာတင်ထားခဲ့ရာ ခွင့်ပြုမိန့်ကျပြီးဖြစ်သော်လည်း ဆန္ဒမပြဘဲ သပိတ် စခန်းဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဆန္ဒဖော်ထုတ်ဖို့ တရားဝင်ခွင့်ပြုချက်ရတယ်။ အဲဒါကို သပိတ်စခန်းဖွင့်လိုက်တဲ့သဘော ဖြစ်သွားတယ်။ ဆန္ဒဖော်ထုတ်မယ်ဆိုရင် ပြီးရင် ပြန်သွားရုံသက်သက်ပဲ ထင်တယ်။ အဲဒီအတွက် ရန်ကုန်တိုင်းက တာ ၀န်ခံမှုရှိသူ တစ်ယောက်ယောက်က ကျွန်တော်တို့နဲ့ လာရောက် ညှိနှိုင်းပြီးတော့ ဖြေရှင်းမယ်ဆိုရင် တောင်းဆိုချင်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်ပြီး ၀န်ကြီးဦးမြင့်ဆွေက တာဝန်ယူပေးမှဖြစ် မယ်လို့ ယူဆတယ်”ဟု ပြောသည်။

၎င်းတို့အနေဖြင့် သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး အောက်တိုဘာ ၂ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ပထမအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ယင်းကိစ္စကို တာဝန်ယူသည်ဟု ကတိပေးခဲ့သည့်အတွက် အောက်တိုဘာ ၅ ရက်တွင် သပိတ်စခန်း ပိတ်သိမ်းခဲ့သည်။

သို့သော် ရန်ကုန်တိုင်းအစိုးရမှ တာဝန်ယူ ဖြေရှင်းပေးစေလို၍ နောက်ထပ်တစ်ကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုခြင်းဖြစ်သည်ဟုလည်း ကိုအောင်မျိုးဝင်းက ဆိုသည်။

“လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရေးကော်မရှင်အဖွဲ့က ဖြေရှင်းပြီး လွှတ်တော်မှာ တင်ပြပါ တယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ တာဝန်ရှိသူတွက မဖြေရှင်းပေးဘူး။ အဲဒီအတွက် ရန်ကုန်တိုင်းက တာဝန်ခံမှုရှိသူ တစ်ယောက်ယောက်က ကျွန်တော်တို့နဲ့ လာရောက် ညှိနှိုင်းပြီးတော့ ဖြေရှင်းမယ်ဆိုရင် တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

အဆိုပါ မြေသိမ်းဆည်းမှုနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်က လွှတ်တော်တွင် တင်ပြခဲ့ပြီးဖြစ်သည်ဟုလည်း ယင်းကော်မရှင်မှ အဖွဲ့ဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

“အစိုးရဘက်က အမြန်ဆုံး ဆောင်ရွက်နိုင်အောင် လွှတ်တော်မှာပဲ မိကျောင်းကန်အပြင် လယ်ယာမြေနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တင်ပြခဲ့တယ်။ မိကျောင်းကန်ကိစ္စက အစိုးရပိုင်းအပြင် တပ်ပိုင်းဆိုင်ရာပါ ဆုံးဖြတ်ပေးရမှာဖြစ်တဲ့အတွက် တပ်ပိုင်းဆိုင်ရာကို ကော်မရှင်ကနေ တင်ပြထားတာရှိပါတယ်။ ဒါနဲ့ပတ် သက်ပြီး ဘာမှ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ သပိတ်စခန်းဖွင့် ဆန္ဒပြမှုနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ညှိ နှိုင်းဆောင်ရွက်ပေးမှုများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ကော်မရှင်အနေဖြင့် ကူညီရန် အသင့်ရှိသည်ဟုလည်း ဦးခိုင်မောင်ရည်က ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း“တရားဥပဒေ ဘောင်အတွင်းက ဖြေရှင်းနိုင်ဖို့ ကာယကံရှင်များကရော ရန်ကုန်တိုင်းအစိုးရရော တရားဥပဒေဘောင် အတွင်းက နှစ်ဦးနှစ်ဖက် အဖြေမျိုးရှာနိုင်ရင် အကောင်းဆုံးဖြစ်တယ်”ဟု ပြောသည်။

ဆန္ဒပြ တောင်းဆိုခြင်းအတွက် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ခွင့်ပြုချက်ရထားခြင်းဖြစ်ပြီး သပိတ်စခန်းဖွင့်ခြင်းမှာ တရားဥပဒေနှင့်မညီဟုလည်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဦးသက်ထွန်းက ပြော သည်။

“ဥပဒေနဲ့အညီ ဆက်ပြီး ဆောင်ရွက်သွားမယ်။ အင်အားသုံးပြီး ဖြေရှင်းတာတို့ မရှိပါဘူး။ နိုင်ငံသားတိုင်း က နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေကို လေးစား လိုက်နာသင့်တယ်။ ဥပဒေကပေးထားတဲ့ အကာအကွယ်နဲ့ အခွင့်အရေးကိုလည်း ပြည့်ပြည့်၀၀ ယူသင့်တယ်”ဟု ပြောသည်။

ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့်လှစ်ခြင်း အပါအ၀င် အဆိုပါ မိကျောင်းကန် အပိုင်း ၁၊၂၊ ၃ မှ မူလပိုင်ရှင်များက မြေနေရာ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်မှုပေါင်း ခုနစ်ကြိမ်အထိ ပြု လုပ်ခဲ့ပြီးဖြစ်သည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ မြေနေရာများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ၁၉၉၁ ခုနှစ်က ယခု ဆန္ဒပြသည့် မူလပိုင်ရှင်များထံမှ သိမ်းယူခဲ့ပြီး သီးပင်၊ စားပင် စိုက်ပျိုးသူများကို အငှားချထားပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အငှားချထားသူများကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက နေရာပြောင်းရွှေ့ခိုင်းရာတွင် အင်အားသုံး ဖြေရှင်းခဲ့ပြီးနောက် တပ်စည်ပင်က လွှဲပြောင်းယူကာ ခြံစည်းရိုးများ ကာထားခဲ့သည်ဟုလည်း ၎င်းတို့က ပြောသည်။

No comments: