Friday, November 29, 2013

နောင်ချိုရှိ လယ်ယာမြေပြဿနာများ ကော်မရှင် စတင်စစ်ဆေး

မြန်မာ့ခေတ်

တပ်သိမ်းမြေများကို စစ်ထောက်ချုပ်ရုံးက စစ်မည်

နောင်ချိုမြို့နယ်အတွင်း တောင်သူများမှ လယ်ယာမြေစစ်ဆေးရေး ကော်မရှင်အဖွဲ့ထံသို့ တိုင်ကြားထား သော အမှုများအား ရှမ်းပြည်နယ် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်က နိုဝင်ဘာလ ၂၅ ရက်မှ စတင်ကာ လာရောက် စစ်ဆေးလျက်ရှိကြသည်။

အဆိုပါအဖွဲ့တွင် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် လယ်ယာမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် အဖွဲ့ဝင်များအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင်၊ နောင်ချိုမြို့ ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြတို့ ပါဝင်သည်။

“ကျွန်တော်တို့ကော်မရှင်က စစ်ဆေးပေးရုံပဲရှိတယ်။ တင်ပြလာတဲ့ အချက်အလက်တွေကို ကျွန်တော် တို့က မြေအသုံးချမှုကော်မတီကို ပြန်တင်ပေးမှာ ဖြစ်တယ်။ ဆုံးဖြတ်တာက အဲ့ဒီအဖွဲ့ကနေ ဆုံးဖြတ် ပေးမှာပါ”ဟု လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

ကော်မရှင်သို့ တင်ပြတိုင်ကြားထားသော အမှုတွဲပေါင်း ၃၄ မှုရှိပြီး တပ်မှ သိမ်းဆည်းထားသော မြေများ အား စစ်ထောက်ချုပ်ရုံးမှ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် နောင်ချိုမြို့နယ်အတွင်းရှိ အသိမ်းခံမြေများအားလုံးမှာ ယခင်စစ်အစိုးရလက်ထက် ကော်ဖီစီမံကိန်းဖြင့် သိမ်းသည့် မြေများ များပြားပြီး နောက်ပိုင်းတွင် ကုမ္ပဏီများသို့ ရောင်းချခဲ့သည့်အ တွက် တောင်သူနှင့် လုပ်ငန်းရှင်များအကြား ဖြစ်ပေါ်သည့် ပြဿနာမှာ အများဆုံးဖြစ်နေကြောင်း ယင်း ကော်မရှင်မှ သိရှိရသည်။

“တောင်သူတွေကတော့ နိုင်ငံတော်စီမံကိန်းဆိုပြီး မာရှယ်လောထုတ်လို့ ကြောက်ပြီး ပေးလိုက်ကြရတာ၊ မူလပိုင်ဆိုင်တဲ့ ပြေစာတွေလဲ ရှိကြတယ်”ဟု စုံစမ်းစစ်ဆေးမှုသို့ လာရောက်သော အုမ္မခါးကျေးရွာ တောင်သူတစ်ဦးမှ ပြောသည်။

စစ်ဆေးမှုအား အမှုတွဲ များသဖြင့် နှစ်ရက်ခွဲ စစ်ဆေးမည်ဖြစ်ပြီး၊ ပထမရက်ဖြစ်သော နိုဝင်ဘာလ ၂၅ ရက်တွင် အမှုတွဲပေါင်း ၁၅ မှု စစ်ဆေးခဲ့ကာ ဒုတိယရက်တွင် အမှုတွဲ ၁၉ မှု ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

No comments: