Wednesday, January 29, 2014

ရခိုင်ပြည်နယ် မောင်တောမြို့တွင် နေအိမ်မီးလောင်မှု ဖြစ်ပွား

နန်းမြနဒီ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာမှာ ဇန်န၀ါရီလ ၂၈ ရက် ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၆ လုံး မီးထဲပါသွားပါတယ်။

မီးထဲပါသွားတဲ့ နေအိမ်အားလုံးဟာ တရွာတည်း နေရာသုံးနေရာမှာ လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မတော်တဆလောင်ကျွမ်းပုံ မဟုတ်ဘဲ တမင်ရှို့တဲ့ ပုံစံဖြစ်နေတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက သုံးသပ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောပါတယ်။

“အနီးအနားမှာ ရခိုင်ရွာ မရှိဘူး။ မီးလောင်တဲ့နေရာက ၃ နေရာဖြစ်ပါတယ်။ ရွာထဲမှာလည်း တချို့အိမ်တွေက သော့ပိတ်ပြီးတော့ လူမရှိဘူး ဆိုတော့ ဒီဟာသည် ရှို့မီးဖြစ်နိုင်တယ်လို့ သူတို့က သုံးသပ်တယ်။ ရွာကလူတွေလည်း ၀င်ပြီးတော့ မီးသတ်တာ မရှိဘူး။ ရွာက လူတွေ မီးရှို့ပြီးထွက်သွားတဲ့ သဘောမျိုးပေါ့။ အိမ်ကစုစုပေါင်း ၁၆ လုံး၊ မီးသတ်အစီရင်ခံစာက အိမ်အိုအိမ်ဟောင်းလေးတွေ ဖြစ်နေတဲ့အတွက် ဆုံးရှုံးမှုကို ၁၆ သိန်းလို့ သတ်မှတ်ပါတယ်။”


မီးလောင်မှုကို တပ်ဦးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလိုပြလုပ်ပြီး မောင်တော ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း၊ ဒီ မီးလောင်မှုဟာ ဘင်္ဂါလီရွာသားတွေက ကိုယ့်အိမ်ကိုယ် မီးရှို့ ထွက်ပြေးသွားတာ ဖြစ်ပြီး အဲဒီ ဖြစ်စဉ်ကို ပုံကြီးချဲ့ပြီး သတင်းမှားတွေ မထုတ်ဖို့ ရခိုင်ပြည်နယ်အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

မီးလောင်မှု မဖြစ်ပွားခင်က အဲဒီ ကျေးရွာအုပ်စုတခုတည်းက ဒုချီးရားတန်း အလယ်ရွာက ဘဂါင်္လီလူမျိုးတွေ အသတ်ခံရတဲ့ကိစ္စ မဟုတ်မှန်ကြောင်း အစိုးရက ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာကျော်ရင်လှိုင်က ပြောပြနေတဲ့ တချိန်တည်းမှာ မီးလောင်မှု ဖြစ်ပွားတာဟာ အစိုးရကို သိက္ခာကျအောင်လုပ်တာလို့ မောင်တောခရိုင် အမှတ် ၄ ရဲတပ်ရင်း ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ခုလိုသုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့ သတင်းထုတ်ပြန်နေတာလေ၊ ၈ နာရီ ၄၅ မိနစ် အချိန်မှာ ဒေါက်တာကျော်ရင်လှိုင် ပြောနေတဲ့အချိန်မှာ အဲလိုလုပ်တော့ နိုင်ငံရေးသိက္ခာ ကျတာပေါ့။”

ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့ က ပဋိပက္ခ ဖြစ်ပွားပြီး ရိုဟင်ဂျာမွတ်စလင် ၄၀ ကျော် သတ်ဖြတ်ခံရတယ်ဆိုတဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး ဖြစ်ရပ်မှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်အစရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဇန်န၀ါရီ ၂၄ ရက်နေ့က မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

အစိုးရဘက်ကလည်း ဒီဖြစ်ရပ်မှာ ရဲတပ်ကြပ်ကြီး ၁ ဦးသာ ပျောက်ဆုံးခဲ့ပြီး ရွာသားတယောက်မှ သေဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ထားပါတယ်။

No comments: