Wednesday, January 29, 2014

လွှတ်တော်ပြဋ္ဌာန်းသည့် ဥပဒေ ရှစ်ခု ဖွဲ့စည်းပုံနှင့်မညီဟု သမ္မတယူဆ၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်မည်

ဉဏ်လှိုင်လင်း

ထုတ်ပြန်ပြီးဖြစ်သော ဥပဒေရှစ်ခုပါ ပြဋ္ဌာန်းချက်အချို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီညွတ်ဟု သံသယရှိသဖြင့် အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်း၍ အဆုံးအဖြတ်ခံယူသွားမည်ဟု ဇန်န၀ါရီ ၂၇ ရက်တွင် နိုင်ငံတော်သမ္မတက သတင်းထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုလွှတ်တော်က ၂၀၁၂ ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေများထဲမှ ရှစ်ခုအပေါ် ယင်းသို့ ဆောင်ရွက်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ပြီး သမ္မတ လက်မှတ်ရေးထိုးခြင်းမရှိဘဲ အတည်ဖြစ်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေသုံးခုနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့လည်း ပါဝင်သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁၀၅ ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်သည့် ဥပဒေတစ်ခုသည် သမ္မတလက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်မရေးထိုးလျှင်ပင် ဥပဒေ အတည်ဖြစ်လာရမည် ဖြစ်သည်။

ထို့ပြင် သမ္မတ၏ သဘောထားမှတ်ချက်အများစု ပယ်ချခံလိုက်ရသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ပြင်ဆင်သည့် ဥပဒေ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေး ဥပဒေတို့လည်း ပါဝင်သည်။ သို့သော် အဆိုပါဥပဒေလေးခုကိုမူ နိုင်ငံတော် သမ္မတကလက်မှတ် ရေးထိုး၍ အတည်ပြု ထုတ်ပြန်ခဲ့သည်။

“နိုင်ငံတော်သမ္မတအနေဖြင့် အထက်ဖော်ပြပါ ဥပဒေ ရှစ်ခုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာသိရှိရန် ပုဒ်မ ၃၂၅ ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာ တင်သွင်း၍ မှန်ကန်သော အဆုံးအဖြတ်ရယူရန် ဆောင်ရွက်သွားမည်” ဟု သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကမူ သမ္မတသည် ၎င်း၏ ယူဆချက်ကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခြင်းဖြစ်၍ အငြင်းပွားရန်မရှိဟု ဆိုသည်။

“ခုံရုံးရဲ့ ဖွဲ့စည်းပုံအရ မေးခွင့်ရှိတဲ့သူတွေ မေးလာရင် စိစစ်ပြီး ဆုံးဖြတ်ပေးရမှာပေါ့။ မညီဘူးလို့ ဆုံးဖြတ် ရင်ရော၊ ညီအောင်ပြန်လုပ်မှာပေါ့” ဟု ၎င်းက မဇိ္ဈမကို ပြောသည်။

လက်ရှိဖွဲ့စည်းပုံအရ သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည်ဟု ယူဆပါက ခုံရုံးသို့ တိုက်ရိုက် တင်သွင်းနိုင်ခွင့် ရှိသည်။ ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဥက္ကဋ္ဌများ၊ ပြည်သူ သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အား လုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များသည်လည်း သတ်မှတ် နည်း လမ်းများအတိုင်း တင်သွင်းခွင့် ရှိသည်။

နိုင်ငံတော်သမ္မတက ယင်းနည်းလမ်းအတိုင်း ၂၀၁၂ ခုနှစ်အတွင်းကလည်း ဆောင်ရွက်ခဲ့ဖူးသည်။ ထိုစဉ် က လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် အခြေခံဥပဒေနှင့် ညီ၊ မညီ သိရှိလို၍ ဖြစ်သည်။ ယင်းကိုအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကလည်း ဖွဲ့စည်းပုံနှင့် မညီညွတ်ဟု ဆုံးဖြတ်ခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်နှင့် ပြင်းထန်သည့် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ဖူးသည်။

ယခု တစ်ကြိမ်တွင်မူ ယင်းသို့ ဖြစ်လာနိုင်ချေမရှိဟု ကိုယ်စားလှယ်များက သုံးသပ်ကြသည်။ “သမ္မတက သူ့အယူအဆကို လုပ်ခွင့်ရှိတဲ့ဘောင်ထဲက ခုံရုံးကိုတင် ဆုံးဖြတ်စေမယ်ဆိုတာ ကောင်းပါတယ်။ ခုံရုံး အဖွဲ့တွေက သူ့တာဝန်နဲ့ သူဆုံးဖြတ်မှာပါ။ အရင်လို အပြင်းအထန် ငြင်းရခုံရတာမျိုး မဖြစ်နိုင်ပါဘူး။ ပြင်ပြီးတဲ့ ခုံရုံးဥပဒေအတိုင်းအဖွဲ့တွေက လုပ်ကြမှာပဲလေ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေး မောက်က မဇ္ဈိမကို ပြောသည်။

လွှတ်တော်များက ထိုသို့ဆုံးဖြတ်ခဲ့သည့် အခြေခံဥပဒေဆိုင်ရာခုံရုံးကို စွပ်စွဲ ပြစ်တင်ရန်အထိ ကြိုးပမ်းခဲ့ ကြပြီးနောက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဆန္ဒအလျောက် နုတ်ထွက်လိုသည်ဟု သမ္မတထံ စာ တင်ကာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နုတ်ထွက်သွားကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်က ခုံရုံးသည် ၎င်းဆောင်ရွက်ခွင့်မရှိသည်ကို ဆုံးဖြတ်ခြင်းဖြစ်၍ မူလကပင် ပျက်ပြယ်သည့် အမိန့်ဟု ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်တွင် အတည်ပြုခဲ့သည်။ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွင် ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟု ပါဝင်သော်လည်း ပြည်ထောင်စုလွှတ်တော်က ၎င်းဆောင်ရွက်ရန် တာဝန်မရှိသည့်ကိစ္စကို ဆုံးဖြတ်သည်ဟုဆိုကာ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် က ကြိုးပမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အတည်ပြုခဲ့သည်။ ယင်းတွင် မူလက နိုင်ငံတော်သမ္မတ သာ အဆိုပြုခွင့်ရှိသည့် ဥက္ကဋ္ဌရာထူး တာဝန်အတွက် လွှတ်တော်ဥက္ကဋ္ဌများ၏ သဘောတူညီချက်ယူရ မည်ဟူ၍ လည်းကောင်း၊ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများ သုံးဦးစီ ခန့်အပ်ခွင့်ရှိသည့် ခုံရုံးအဖွဲ့ဝင်များ သည် သက်ဆိုင်ရာ ရွေးချယ်ခံထားရသူများကို အစီရင်ခံရမည်ဟူ၍ လည်းကောင်းစသဖြင့် ပါဝင်သည်။

ယင်းနောက် ငါးလကျော်ကြာ လစ်လပ်သွားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များကို ပြန်လည်ခန့်အပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုပြုခဲ့သည့် ဦးမြသိန်း(အငြိမ်းစားညွှန် ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်)က ဥက္ကဋ္ဌအဖြစ် တာဝန်ယူနိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်ကတည်းက ပြန်လည်ဖွဲ့စည်းပြီးဖြစ်သည့် အဆိုပါခုံရုံးအတွက် နိုင်ငံတော် သမ္မတ၏ ယခုတင်သွင်းမှုသည် ၎င်းတို့၏ ပထမဆုံးလုပ်ငန်းတာဝန် ဖြစ်လာမည် ဖြစ်သည်။

No comments: