Tuesday, February 25, 2014

ဖွဲ့စည်းပုံပြင်ရေး တံခါးဖွင့်ပေးရန် တောင်းဆို

ကေဇူး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီးဖြစ်နေသည့် ပုဒ်မ ၄၃၆(က)ကို လွှတ်တော် တွင် အဆိုတင်သွင်းကာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းပေးရန် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် များသို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ တောင်သူလယ်သမားအရေး ဆောင်ရွက်သူများ၊ မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့က ဖေဖော်ဝါရီ ၂၃ ရက်က တိုက်တွန်း တောင်းဆိုလိုက်သည်။ ရန်ကုန် မြို့ ဗိုလ်စိန်မှန်အားကစားကွင်း၌ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ရန် ဟောပြောပွဲပြုလုပ်ကာ တောင်းဆို လိုက်ခြင်းဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ဆန္ဒ အမှန်တကယ်ရှိတယ်ဆိုရင် ဒီပုဒ်မကို ပြင်ဆင်ဖို့ လွှတ်တော်မှာ အမြန်ဆုံး အဆိုတင်ဖို့ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်တွေကို ကျွန်တော်တို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ဦးမင်းဇေယျာက မဇ္ဈိမကို ပြောသည်။

လွှတ်တော်အတွင်း ရောက်ရှိနေသည့် အမတ်များအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများဆုံး ဖြစ်နေခြင်းကြောင့် တိုက်တွန်းပြောဆိုရခြင်းဖြစ်သည်ဟုလည်း တောင်သူလယ်သမား အရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ဦးဝင်းချိုက ဟောပြောပွဲ၌ ပြောသည်။

“ပြည်ခိုင်ဖြိုးကအမတ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေသာ စေတနာအမှန်ရှိမယ် ဒီပုဒ်မကို ပြင်ဆင်ရေး ဦးဆောင်မယ်ဆိုရင် ဒီပုဒ်မ ပြင်ဆင်ဖို့ မခက်ခဲပါဘူး ဒီပုဒ်မကို ပြင်နိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့လည်း မခက်ခဲတော့ပါဘူး”ဟု ဦးဝင်းချိုက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များက ယင်းပုဒ်မကိုပြင်ဆင်နိုင်ရန် လွှတ်တော်တွင် ကြိုးပမ်းမှုများမရှိပါက လွှတ်တော်ပြင်ပတွင် ပြင်ဆင်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ရန် လှုံ့ဆော်သွားမည်ဟုလည်း ဦးမင်ဇေယျာက မဇ္ဈိမကို ပြောသည်

ပုဒ်မ ၄၃၆(က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း(၂)ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀ အခန်း(၄)ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁ ၊၁၆၁၊ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀ အခန်း(၁၁) ပုဒ်မ ၄၁၀၊ ၄၃၂ ထိ၊ အခန်း၁၂ ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဆန္ဒဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ပုဒ်မ ၄၃၆ ကို ဦးစွာ ပြင်ဆင်နိုင်မှသာ ကျန်ပုဒ်မများ ပြင်ဆင်ရန် လွယ်ကူမည်ဟုလည်း ဟောပြောပွဲကို ဦးဆောင်သူများက ဆိုသည်။ ဟောပြောပွဲသို့ လာရောက်သူ ၁,၀၀၀ ကျော်ခန့် ရှိသည်။

No comments: