နီနီမြင့်
ကမ္ဘာ့အသိုင်းအ၀ိုင်းမှ မြန်မာနိုင်ငံကို ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးအနေဖြင့်လည်း ကောင်း၊ အကောင်းမြင်ဝါဒများ ဆက်လက်တည်တံ့နိုင်ရန် အကြမ်းဖက်မှုများကို အားပေးသော အမုန်း ပွားစေမည့် စကားများကို တားမြစ်သင့်သည်ဟု ဗုဒ္ဓဘာသာကို နှစ်ပေါင်း ၄၆ နှစ်ကျော် လေ့လာလိုက် စားခဲ့သည့် အမေရိကန်စာရေးဆရာ မစ္စတာဂျက်ကွန်ဖီးလ်က တိုက်တွန်းလိုက်သည်။
“ခုချိန်မှာ တစ်ကမ္ဘာလုံးက မြန်မာကို အကောင်းဘက်ကပဲ မြင်နေကြတယ်လေ။ ဘာသာရေးအရရော၊ လူသားတွေအနေနဲ့ရော မြန်မာပြည်က ကောင်းတယ်ဆိုတာမျိုး အမြင်ရှိကြတယ်။ ဒါပေမဲ့ အချို့ဗုဒ္ဓဘာ သာဘုန်းတော်ကြီးတွေရဲ့ အကြမ်းဖက်မှုတွေကို အားပေးနေတဲ့ အမုန်းပွားစေတဲ့စကားတွေ ပြောနေတာ မြင်ရတဲ့အခါမှာ သူတို့ရဲ့ မြန်မာပြည်အပေါ်မြင်တဲ့အမြင်၊ ဓမ္မအပေါ် လေးစားမှုတွေက လျော့ကျသွားပါ တယ်။ ဗုဒ္ဓဘာသာအပေါ်ကိုရော၊ မြန်မာပြည်အပေါ်ရော အများကြီး ထိခိုက်မှုရှိစေပါတယ်။ ကမ္ဘာပေါ်က လူတွေက ဗုဒ္ဓဘာသာဟာ မကောင်းဘူးဆိုတဲ့ အတွေးအမြင်မျိုး သူတို့မှာရှိလာတယ်။ သံဃအကြီးအကဲ တွေ သက်ဆိုင်ရာအဖွဲ့တွေက တားမြစ်သင့်တယ်”ဟု မစ္စတာဂျက်ကွန်ဖီးလ်က ပြောကြားသည်။
ဖေဖော်ရီလ ၂၂ ရက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်သည့် “ဗုဒ္ဓဘာသာအပေါ် အနောက်တိုင်းသားတစ်ဦး၏အမြင်ဖြင့် ကြည့်ရှုနားလည်ခြင်း” ခေါင်းစဉ်နှင့် ဟောပြောမှုတွင် ထည့်သွင်း ပြောသွားခြင်းဖြစ်သည်။
အလားတူပင် အမုန်းပွားစေမည့် ပြောစကားများကို တားမြစ်နိုင်ရန် ဥပဒေတစ်ခုလည်း ရှိသင့်သည်ဟု သူက ဆိုသည်။
“အမေရိကန်ပြည်ထောင်စုမှာ အမုန်းပွားစေမယ့်စကားပြောတာကို ဆန့်ကျင်တဲ့ ဥပဒေရှိတယ်။ လွတ် လပ်စွာပြောဆိုခွင့်က အမုန်းတရားတွေဖြစ်ပြီး အကြမ်းဖက်မှုကို အားပေးတဲ့ စကားတွေဆိုရင် ဥပဒေကို ဆန့်ကျင်တာပဲ။ မြန်မာပြည်သူတွေအနေနဲ့ အမုန်းစကားပြောတာဟာ တခြားလူတွေကို ခံစားစေရမယ် ဆိုတာကို ပြန်လည်သတိချပ်စေချင်တယ်။ ဗုဒ္ဓဘာသာမှာ မေတ္တာဆိုတာ လူသားအားလုံးကို အေးချမ်း စေချင်တာပါ”ဟု သူက ပြောသည်။
ယူဂိုဆလားဗီးယားတွင် ပြည်သူလူထုအတွင်း အမုန်းစကားများပြောခြင်းကြောင့် ပြည်တွင်းစစ်ပွဲများ ဖြစ် ခဲ့ရကြောင်း၊ တောင်အာဖရိကတွင်မူ ပြည်သူများကို အမုန်းစကားပြောရန် ခွင့်မပြုသဖြင့် ပြည်သူများ ကိုယ်တိုင် အတူတကွ လက်တွဲနေနိုင်ရန် စတင်လာခဲ့သည့် သာဓကများရှိသည်ဟုလည်း ၎င်းက ပြော ကြားခဲ့သည်။
လူမှုအဖွဲ့အစည်းတစ်ခုတွင် လူတိုင်းကို လေးစားခြင်း၊ ကြီးသူများကို လေးစားခြင်း၊ ဓမ္မကိုလေးစားခြင်း၊ အမျိုးသမီးနှင့် ကလေးများအပေါ်တွင် ကာကွယ်မှုပေးခြင်း စသည်တို့ရှိပါက အဆိုပါလူမှုအဖွဲ့အစည်း မှာ ဖွံ့ဖြိုးသာယာမည်ဖြစ်ပြီး ထိုအရာများနှင့် ဆန့်ကျင်ပါက တိုးတက်မှုလျော့ကျလာမည်ဖြစ်ကြောင်း ပြောသည်။
“လွန်ခဲ့တဲ့နှစ်ရက်က သီတဂူဆရာတော်နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူ့အနေနဲ့ ဘုန်းတော်ကြီးတွေ အမုန်း စကားပြောတာကို ရပ်တန့်စေချင်တယ်လို့တော့ ပြောခဲ့တယ်။ ဘုန်းကြီးအနေနဲ့ လုပ်မလားဆိုတာတော့ မသိပါဘူး။ သူလုပ်ချင်တယ်လို့တော့ ပြောခဲ့တယ်။ တခြားဆရာတော်အချို့နဲ့လည်း ကျွန်တော် တွေ့ခဲ့ ပါတယ်။ တစ်ပါးနဲ့တစ်ပါး အရမ်းကို ကွဲပြားပါတယ်။ တချို့ဆရာတော်တွေက မုန်းတီးရေးစကားပြော တာကို ရပ်တန့်စေဖို့ ဆန္ဒရှိတယ်။ တချို့ကျတော့လည်း နိုင်ငံရေးပိုင်းနဲ့မသက်ဆိုင်ချင်လို့ သူတို့ရဲ့ကိုယ် ပိုင်နားလည်မှုတွေကလည်း ရှုပ်ထွေးနေတယ်။ အဓိကကတော့ ၀ါဒဖြန့်မှုတွေကြောင့်ပေါ့။ ၀ါဒဖြန့်မှုတွေ ဟာ ဆရာတော်အချို့ကိုတောင် ပြောင်းလဲပစ်နိုင်တယ်”ဟု မစ္စတာကွန်ဖီးလ်က ပြောသည်။
ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်း၏ Buddhist Terror ဆိုသည့် မျက်နှာဖုံးကို တွေ့ခဲ့ရသည့်အချိန်တွင် လွန်စွာ ၀မ်းနည်းခဲ့မိကြောင်းလည်း ပြောသည်။
“အကြမ်းဖက်မှုဆိုတာ ဗုဒ္ဓရဲ့နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၅၀၀ ကျော်အတွင်းမှာ လူအချို့ က ဗုဒ္ဓရဲ့နည်းလမ်းကို လွဲမှား အသုံးပြုကြတယ်လေ။ ဘုရားရှင်လက်ထက်မှာတောင် ဒေ၀ဒတ်ဆိုတာ ရှိခဲ့တာပဲ။ တစ်ခါတစ်ရံမှာ လူအချို့က ဓမ္မကို လွဲမှားအသုံးပြုကြတယ်”ဟု ပြောသည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သော မစ္စတာဂျက်ကွန်လ်ဖီးသည် ၁၉၆၇ ခုနှစ်မှစတင်ပြီး ဗုဒ္ဓဘာသာကို စတင် လေ့လာခဲ့ပြီး ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ၎င်းသည် ၁၉၇၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်တွင် Insight Mediatation Society ကို ပူးတွဲထူထောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်၌လည်း ကယ်လီဖိုးနီးယားပြည်နယ်တွင် Spirit Rock Meditation Center ကို ထူထောင်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဗုဒ္ဓဘာ သာဆရာတော်ကြီးများထံတွင် ဗုဒ္ဓဘာသာကို လေ့လာခဲ့သည်။ မြန်မာနိုင်ငံရှိ မဟာစည်ဆရာတော်၊ တောင်ပုလုဆရာတော်တို့ထံတွင်လည်း ဗုဒ္ဓဘာသာကို လေ့လာခဲ့သူတစ်ဦးဖြစ်သည်။
No comments:
Post a Comment