Friday, March 28, 2014

တရုတ်ပို့ သတ္တုကျောက် တင်ကားများ တချို့ သစ်များ ပါခိုး ထုတ်နေ

သျှမ်းသံတော်ဆင့်/ စိုင်းတိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ကူးတို့ဆိပ် မှတဆင့် တရုတ်နိုင်ငံ ဘက်သို့ အများအပြား တင်ပို့နေ သောသတ္တု ကျောက်တင်ကား တချို့တွင် သစ်များ ပါခိုးထုတ် နေကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

အဆိုပါသတ္တုတင်ကားများသည် တရုတ်နိုင်ငံသားပိုင်ကားများဖြစ်ကြောင်း၊ ဒေသခံကားများအသုံးမပြုခြင်းမှာ ထိုသို့ သစ်များခိုးထုတ်ရန်ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ဒေသခံကားသမားစိုင်းယီကဆိုသည်။

“မနေ့က မနက်ပိုင်းက သတ္တုကျောက်တင်ကား ၅ စီး မိုင်းဝီးဘက်ကနေလာတာ သစ်တွေခိုးတင်လာတယ် လေ။ ခွဲသားသစ်တွေကိုတန်ပို (Over weight) တင်လာရင်း လမ်းမကောင်းလို့ နောက်ကြောင်း ပြန်လှည့်တာ တစ်စီးက အောင်မေတ္တာ ရပ်ကွက် လမ်းအကွေ့ တစ်နေရာမှာ တိမ်းမှောက်သွားတယ်၊ ကျန်လေးစီးကတော့ လွှတ်ရာ မောင်းပြေးကြတာ၊ ရပ်ကွက်သားတွေက မှောက်နေတဲ့ကားမိုးကာ သွားဖွင့်ကြည့်လိုက်တော့ ခွဲသားသစ်တွေ ချည်း တင်ထားတာတွေ့ရတယ်” ဟု ၄င်းကပြောပြသည်။

ပြည်သူလူထုအား ထိခိုက်မှုမရှိအောင် ဒေသတွင်း ပြေးဆွဲနေသော သတ္တုတင်ကားများ မိုးကာများဖြင့်ဖုံးအုပ် ရမည်ဟု မြို့နယ်အုပ်ချုပ် ရေးမှူးရုံး၌ပြုလုပ်သောအစည်းအဝေးဆုံးဖြတ်ချက်အရ အမိန့်ထုတ်ထားသည်။ တရုတ်ပြည်ပိုင်ကား များက ၄င်းအမိန့်ကို အခွင့်ကောင်းယူကာ မြန်မာပြည်ဘက်မှ တရားမဝင် သစ်ခိုးထုတ်နေ မှုကို ကားတိမ်းမှောက်မှသာ သိရှိရကြောင်း နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက်အကူအပြု အဖွဲ့ ကပြောပါ သည်။

ထိုသို့ သစ်များ ခိုးထုတ်နေသည့်အမှုအပေါ် ဒေသတွင်းအာဏာပိုင်များမှ မည်သို့တရားစီရင်ဆုံးဖြတ်မည်ဟူ သည်ကိုလည်း ဒေသခံများက စိတ်ဝင်စားနေကြကြောင်း နမ့်ခမ်းမြို့ခံများကပြောပါသည်။

No comments: