Saturday, March 29, 2014

နိုင်ငံတကာ အကူအညီဖြင့် ဆောက်မည့် အလုပ်သမားဆေးရုံ မြေနေရာ မရ

ဇာနည်အောင်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် နိုင်ငံတကာအကူအညီဖြင့် တည်ဆောက်မည့် ကုတင် ၇၀၀ ဆံ့ အလုပ်သမားဆေးရုံသစ် မြေနေရာမရဖြစ်နေသည်ဟု လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါဆေးရုံသစ်မှာ အလုပ်သမားများ လူမှုဖူလုံရေးခံစားခွင့်တွင် ပါရှိသည့် ကျန်းမာရေးစောင့်ရှောက်မှု ပြုနိုင်ရန်ဖြစ်သော်လည်း တိုင်းအစိုးရသို့ ဖေဖော်ဝါရီပထမပတ်အတွင်း တင်ပြထားသော်လည်း ယနေ့အထိ မြေနေရာတစ်စုံတစ်ရာ ချထားပေးခြင်းမရှိဟု ၎င်းက ဆိုသည်။

ဆေးရုံသစ်တည်ဆောက်ရန် လိုအပ်သည့် မြေငါးဧကအတွက် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြေနေရာရရှိရန် စက်မှုဇုန်တာဝန်ခံများ၊ ရန်ကုန်တိုင်းအစိုးရထံသို့ ဖေဖော်ဝါရီပထမပတ်တွင် တင်ပြတောင်း ဆိုခဲ့သည်။

“ဆေးရုံဆောက်လုပ်ဖို့ စီစဉ်နေဆဲပဲ ရှိသေးတယ်။ အဓိကက မြေနေရာအခက်ခဲ ဖြစ်နေတယ်။ မြေရရင် တော့ ကူညီပေးမယ့်နိုင်ငံက အဆင်သင့်ရှိနေပြီ”ဟု ဦးယုလွင်အောင်က ပြောသည်။

ဆေးရုံသစ်ကို အထပ်မြင့် ငါးထပ်မှ ခုနစ်ထပ်အတွင်း တည်ဆောက်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားသည်။ သို့သော် လက်ရှိအချိန်အထိ မြေနေရာမရရှိသေးပေ။

အဆိုပါဆေးရုံသစ်ကို နိုင်ငံတကာအဆင့်မီ တည်ဆောက်နိုင်ရန် ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံတို့မှ အဓိကထား ကူညီပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူးဦးတင်ဇော်မိုးက“အလုပ်သမားများ အရေး ပေါ်ကျန်းမာရေးပြဿနာကြုံလာရင် နီးစပ်ရာ ဆေးရုံဆေးခန်း သွားနေရတယ်။ ဆေးရုံဆောက်လုပ်နိုင်မှ အလုပ်သမားတွေ အဆင်ပြမှာပါ”ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေအရ ၁၉၅၆ ခုနှစ်က စတင်ကျင့်သုံး အကောင်ထည် ဖော်ခဲ့ပြီး အလုပ်သမားများအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီး သုံးရုံ၊ ဆေးခန်းပေါင်း ၉၃ ခန်းနှင့် ဆေးရုံခွဲပေါင်း ၇၇ ခု ဖွင့်လှစ်ပေးကာ ကျန်းမာရေးစောင့် ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

No comments: