ABC
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချူပ် မူကြမ်း နဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် တွေဟာ ဇူလိုင် ၁ ရက်နေ့ ကစပြီး ထိုင်းမြန်မာ နယ်စပ် တစ်နေရာမှာ အစည်းအဝေးတခုကျင်းပ နေပါတယ်။
အစည်းအဝေးမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး ပဒို စောကွယ်ထူးဝင်း ဦးဆောင်တဲ့ အလုပ်အဖွဲ့ကနေ တင်ပြထားတဲ့ ရွေးချယ်စရာ နည်းလမ်းနှစ်ခုကို ရေးသားပြုစုထားတဲ့ စာတမ်း ကိစ္စ ဆွေးနွေး အတည်ပြုချက် ရယူဖို့နဲ့ ဦးနိုင်ဟံသာ ဦးဆောင်တဲ့ အလုပ်အဖွဲ့ ကနေ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းဆောင်ရွက်ချက် စာတမ်းတွေ တင်ပြ ဆွေးနွေး သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ NCCT အစည်းအဝေး ကနေ ဖွဲ့စည်းထားတဲ့ ဒီအလုပ်အဖွဲ့တွေကနေပြီး တင်ပြလာတဲ့ စာတမ်းတွေကို အတည်ပြုချက်ရယူပြီးရင်တော့ အခု ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးမှာ ဆုံးဖြတ်ချက် ရယူသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။
မနေ့က စတင်ကျင်းပတဲ့ အစည်းအဝေးမှာ အစိုးရနဲ့ ညှိနှိုင်းမရတဲ့ အချက်အလက်တခုချင်းစီရဲ့ စကားလုံးအသုံး အနှုန်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ဆိုတဲ့ စကားလုံးလို ကိစ္စ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ ကိစ္စ စတဲ့ သဘောတူညီမှု မရသေးတဲ့ အချက် ၃၀ ကျော်ကိုလည်း ပြန်လည်ညှိနှိုင်း ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
နှစ်ဖက်လက်ခံနိုင်တာတွေကို အကြံပြုချက် ရယူပြီး အခုလထဲမှာ ကျင်းပဖို့ရှိတဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း သိရပါတယ်။
တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပမယ့် နေရာကိုလည်း ဒီအစည်း အဝေးမှာ ထည့်သွင်းဆွေးနွေးသွားဖို့ရှိပြီး အဲဒီနောက်ပိုင်း လာမယ့် သြဂုတ်လထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း တို့နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးသွားမှာဖြစ် တယ်လို့သိရ ကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment