Friday, October 31, 2014

ကုန်သွယ်ရေး ဖြေလျှော့မှုများကြောင့် စီးပွားရေးလုပ်ရန် အကောင်းဆုံးနိုင်ငံများ စာရင်းတွင် မြန်မာ အဆင့်တက်

ဆန်းနယုန်

ကုန်သွယ်ရေး ဖြေလျှော့မှုများကြောင့် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက အဆင့် တစ်ဆင့်တက်လာပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် အဆင့် ၁၇၇ ရရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်သောDoing Business 2015: Going Beyond Efficiency အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခင်နှစ်က ထုတ်ပြန်သော ယင်းအစီရင်ခံတွင် မြန်မာနိုင်ငံက အဆင့် ၁၇၈ ရရှိခဲ့ပြီး အခြားစီးပွားရေးပြုပြင် ပြောင်းလဲမှုများတွင် သိသိသာအဆင့်မတက်လာသော်လည်း ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုတွင် ယခင်နှစ်ကထက် အဆင့် ၃၂ ဆင့် မြင့်တက်ခဲ့ခြင်းကြောင့် ရမှတ် စုစုပေါင်းအဆင့်တွင် အဆင့်တစ်ဆင့်မြင့်တက်လာခြင်း ဖြစ်သည်။

ကဏ္ဍ ၁၀ခုဖြင့် စိစစ်သည့် ယင်းအစီရင်ခံစာတွင် ကဏ္ဍသုံးခု၌ အဆင့်တက်လာပြီး ကဏ္ဍသုံးခုတွင် အဆင့် ကျဆင်းကာ ကဏ္ဍလေးခုတွင် ယခင်နှစ်အဆင့်အတိုင်းသာရရှိခဲ့သည်။ စီးပွားရေးလုပ်ငန်းစတင်ရန် လွယ်ကူမှု (အဆင့် ၁၈၉)၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ရန်လွယ်ကူမှု (အဆင့် ၁၃၀)၊ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးမှု (အဆင့် ၁၇၈)၊ စာချုပ်စာတမ်းလိုက်နာမှု(အဆင့် ၁၈၅) တို့တွင် ယခင်နှစ်ကအတိုင်း အဆင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်ထက် ရမှတ်မြင့်လာသော ကဏ္ဍများမှာ တည်ဆောက်ရေးလုပ်ငန်းခွင့်ပြုချက်လွယ်ကူမှု(အဆင့် ၁၃၀)၊ လျှပ်စစ်မီးရရှိမှု(အဆင့် ၁၂၁)၊ ကုန်သွယ်ရေးဖြေလျှော့မှု (အဆင့် ၁၀၃) တို့ဖြစ်ပြီး ကျဆင်းသွားသော ကဏ္ဍများမှာ ချေးငွေရရှိမှု(အဆင့် ၁၇၁)၊ အခွန်ပေးချေမှု(အဆင့် ၁၁၆) နှင့် ထုခွဲရောင်းချနိုင်စွမ်းရှိမှု (အဆင့် ၁၆၀) တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ပို့ကုန် ၁၆၆မျိုးနှင့် သွင်းကုန် ၁၅၂ မျိုးတို့၏ လိုင်စင်လျှောက်ထားမှုလုပ်ငန်းစဉ်၊ အချိန်ကာလ နှင့် ကုန်ကျစရိတ်တို့ကိုလျှော့ချပေးနိုင်ခဲ့ပြီး ကြီးမားသောပြုပြင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့သည်ဟု ကမ္ဘာ့က သုံးသပ်ထားသည်။

ပို့ကုန်တင်ပို့မှုလုပ်ငန်းစဉ် ကြာမြင့်ချိန်ကို ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့ပြီး သွင်းကုန်တင်သွင်း မှုလုပ်ငန်းစဉ် ကြာမြင့်ချိန်ကို ၁၉ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့သည်ဟု ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဆီယံဒေသ စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့က အစဉ်လိုက်ရပ်တည်နေပြီး မြန်မာက အဆင့်အနိမ့်ဆုံးဖြစ်သည်။

၂၀၁၅ ခုနှစ် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် စင်ကာပူ၊ နယူးဇီလန်၊ ဟောင်ကောင်၊ ဒိန်းမတ်၊ တောင်ကိုရီးယား၊နော်ဝေး၊ အမေရိကန်၊ ဖင်လန်၊ သြစတြေးလျတို့က အစဉ်လိုက်ရပ်တည်နေပြီး စင်ကာပူက ယခင်နှစ်ကလည်း အဆင့်တစ်ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ်နှင့် နောင်နှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာမည် ဟု အောက်တိုဘာ ၆ ရက်၌ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် အာရှပစိဖိတ်ဒေသ စီးပွားရေးနောက်ဆုံး အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments: