Friday, October 31, 2014

သံတွဲတွင် ညမထွက်ရ အမိန့် အပြီးသတ်ရုတ်သိမ်း

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ပြီး ရုတ်သိမ်းလိုက်ပြီဟု သိရသည်။

ယင်းသို့ ရုတ်သိမ်းကြောင်းကို မြို့ကိုပတ်ကာ အသံချဲ့စက်ဖြင့် ကျေညာသွားသည်ဟု ဒေသခံများက ပြောသည်။

အသံချဲ့စက်နဲ့ ကျေညာရာတွင် “ ငပလီမြို့မှ အပ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း ည ၂၃း၀၀ နာရီ နံနက် ၄း၀၀ ထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားရှိခဲ့ပါသည်။ ယခုအချိန်တွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စနစ်ကျ ထိန်းသိမ်းကြပ်မတ် နိုင်မူများကြောင့် တည်ငြိမ် အေးချမ်း လာပြီ ဖြစ်သဖြင့် ထုတ်ပြန်ထားရှိသည့် ပြစ်မူဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ အရ ညမထွက်တားမြစ် အမိန့်အား ၂၀၁၄ အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ရုတ်သိမ်းလိုက်သည်” ဟု ပါရှိကြောင်း သိရသည်။

ယင်းအမိန့်အား သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်ခြင်း ဖြစ်သည်။

သံတွဲ ဒေသခံ တစ်ဦးကမူ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ အားလုံးအတွက် အကျိုးရှိသည်ဟု ပြောကြားသည်။

“ ညမထွက်ရ အမိန့်ရှိတော့ ညဥ့် တစ်ခုခု ကျန်းမာရေးနဲ့ သက်ဆိုင်လာရင် ဆေးရုံသွားရတာ အရမ်းခက်ခဲတယ်။ အဆင့်ဆင့်တင်ပြရတယ်။ နောက်တစ်ခုက အပြင်ကလာလို့ အချိန်လွန်သွားရင်လည်း မြို့ပြင်မှာဘဲ အိပ်ရတာတွေလည်း ရှိတယ်။ ခုတော့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပြီ ဖြစ်တဲ့ အတွက် ၀မ်းသာပါတယ်” ဟု သူက ပြောသည်။

အစ္စလာမ်ဘာသာဝင် အမျိုးသမီး တစ်ဦးကမူ အခြေအနေမှာ အကောင်းကြီးလည်း မဟုတ်သေးသလို အဆိုးကြီးလည်း မဟုတ်သဖြင့် လုံခြုံရေးကို အနည်းနှင့် အများ စိုးရိမ်မိသည်ဟု ဆိုသည်။

“ အခြေအနေက အကောင်းကြီး မဟုတ်သေးသလို အဆိုးကြီးလည်း မဟုတ်တော့ စိုးရိမ်စိတ်တွေတော့ ရှိပါတယ်။ ဒါပေမယ့် အခြေအနေ တိုးတက်ကောင်းမွန်သွားမှာပါ။ စိတ်တိုင်းကျတော့ မဖြစ်သေးပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဆူပူ အကြမ်းဖက်မူများ ဖြစ်ပေါ်ပြီးနောက် ညမထွက်ရ အမိန့်ကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

No comments: