Sunday, December 28, 2014

မြန်မာနိုင်ငံမှ ၅၈ နိုင်ငံသို့ ဆန်တင်ပို့ထားပြီး တရုတ်သို့ ကန်ဒေါ်လာ သန်း ၂၇၀ ကျော်ဖိုး အများဆုံးတင်ပို့

သီဟကိုကို

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၉ ရက် အထိ တရုတ်နိုင်ငံသို့ ဆန်တန် ချိန် ၇၂၀,၀၀၀ ကျော် တင်ပို့ ထားပြီး ကန်ဒေါ်လာ ၂၇၃ သန်းရရှိ ထားသည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီး ဌာန၏ ကုန်သွယ်ရေး စာရင်း တွင်ဖော်ပြ ထားသည်။

ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသော အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံပေါင်း ၅၈ နိုင်ငံတွင် တရုတ်နိုင်ငံသို့ ဆန်တန်ချိန်အများဆုံး တင်ပို့လျက်ရှိပြီး နယ်စပ်ကုန် သွယ်ရေးမှ ဆန်တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ထား ကာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ ဆန်တန်ချိန် တစ်သောင်းကျော် တင်ပို့ထားသည်။

ဒုတိယ အများဆုံး အဖြစ် ရုရှနိုင်ငံသို့ ဆန်တန်ချိန် ၂၃,၀၀၀ ကျော် တင်ပို့ထားပြီး ကန်ဒေါ်လာ ၁၀ သန်း ရရှိထားသည်။ ရုရှနိုင်ငံ သို့မြန်မာနိုင်ငံ ကပေါင်းဆန် အမျိုး အစားကို အဓိကထားတင်ပို့လျက်ရှိနေပြီး ပေါင်းဆန်သည် ပြည်တွင်းဈေးကွက်တွင် စားသုံးမှုနည်းပါးကာ ပြည်ပသို့သာ တင်ပို့ မှု များပြားသည်။

အာရှနိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၆,၃၀၀ ကျော် တင်ပို့ထားပြီး ကန်ဒေါ်လာ နှစ်သန်း ကျော်ရရှိထားသည်။ ထိုင်းနိုင်ငံသို့ ဆန်တန်ချိန် ၂,၇ ၀၀ကျော် တင်ပို့ထားပြီး ကန်ဒေါ်လာ တစ်သန်းကျော် ရရှိထားသည်။

အာရှဒေသ တွင်းနိုင်ငံ များဖြစ်သည့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ အရှေ့ အလယ်ပိုင်းနိုင်ငံ ဆော်ဒီ၊ ဥရောပမှ ဆွီဒင် နိုင်ငံများကို ဆန်တန်ချိန် တစ်သောင်း ကျော်စီ တင်ပို့ထားပြီး ပိုလန်၊ ဘူဂေးရီးယား၊ ဗီယက်နမ်၊ သီရိလင်္ကာ စသည့်နိုင်ငံများသို့ ဆန်တန်ချိန် ၅,၀၀၀ ကျော်စီ တင်ပို့ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်ရေး စာရင်းများအရ ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ကိုးသိန်းကျော် တင်ပို့ ထားပြီး ကန်ဒေါ် လာ ၃၄၂ သန်းကျော် ရရှိထားသည်။ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရရှိရန် မျှော်မှန်းထားသည်။

ထို့အပြင် ဆန်ကွဲကို နိုင်ငံပေါင်း ၃၇ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဆန်ကွဲ တန်ချိန် ၁၉၀,၀၀၀ ကျော် တင်ပို့ ထားကာ ကန်ဒေါ်လာ သန်း ၆၀ ကျော်ရရှိထားသည်။ဆန်ကွဲကိုလည်း တရုတ်သို့ တန်ချိန် ၉၈,၀၀၀ ကျော်ဖြင့် အများဆုံးတင်ပို့ထား ပြီး ကန်ဒေါ်လာ ၃၂ သန်း ရရှိထားသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့လျက်ရှိသော်လည်း လယ်ယာစိုက်ပျိုးရေး တောင်သူများသည် အာရှဒေသအတွင်းရှိ အခြားနိုင်ငံ များမှ တောင်သူများနှင့် နှိုင်းယှဉ်လျှင် အကျိုးအမြတ် ရရှိမှု အနည်းဆုံးဖြစ်နေသည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

No comments: