Sunday, December 28, 2014

ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ရခိုင်လူထုကို တိုက်တွန်း

ဇော်ဝင်း(ကျောက်ဖြူ)

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ ရရှိနေသော တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၂၅ ရက်နေ့က ကျောက်ဖြူမြို့သို့ ရောက်ရှိလာစဉ် ဒေသခံ ရခိုင်ပြည်သူများအား တိုက်တွန်းသွားသည်ဟု သိရသည်။

“ နိုင်ငံတော် သမ္မတက ၃ နာရီ ကျော်ကျော်လောက်မှာ ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမမှာ မြို့လုထုနဲ့ တွေ့ဆုံပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ လူမျိုးစု နှစ်ခုကြားမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာလည်း အခုအခါ တည်ငြိမ်လာပြီ ဖြစ်တဲ့ အတွက် ရရှိပီးသား တည်ငြိမ်မှုကို ရခိုင်ပြည်နယ် သူ ပြည်နယ်သားတွေ အနေနဲ့ ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်းသွားပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။

၎င်းပြင် နိုင်ငံတော် သမ္မတမှ ဒေသဖွံ့ဖြိုးမှုအတွက် တည့်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ တခြားတစ်ဘက်တွင်လည်း ဒေသ ဖွံ့ဖြိုးတိုးတက်မှုရှိပါမှ တည်ငြိမ် အေးချမ်းမှုရှိလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။

၎င်းပြင် နိုင်ငံတော် သမ္မတက “ ဘာသာမတူ လူမျိုးမတူသည့် လူ့အဖွဲ့အစည်းနှစ်ခုကြား သွေးထွက် သံယို ပဋိက္ခများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါတည်ငြိမ်နေပြီဖြစ်သဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ကောင်းနေပြီဖြစ်သည်ဟု ပြောဆိုကြောင်း” ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၅၀ ရာခိုင်နူန်းကျော် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်မီး မရှိသေးသော ရခိုင်ပြည်နယ် မြို့နယ်များကိုလည်း လျှပ်စစ်မီး မကြာခင်ရရှိအောင် လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ လူကြီးများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ် ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ကျောက်ဖြူမြို့နယ်တွင် ခုတင်၂၀၀ ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန်၊ မြို့တော်ခန်းမကို တိုးချဲ့ ဆောက်လုပ်ပေးရန်၊ မြို့ပေါ်လမ်းငါးလမ်းကိုကွန်ကရစ်လမ်းခင်းပေးရန်၊ ဟောင်းနေပြီဖြစ်သော မြို့မဈေးကို အသစ်ပြန်လည်တည်ဆောက်ပေးရန်စသည်တို့ကို စာဖြင့် ရေးသားတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော်သမ္မတသည် ကျောက်ဖြူမြို့တွင် လူထုနှင့် တွေ့ဆုံပြီးနောက် ရမ်းဗြဲမြို့သို ရဟတ်ယာဉ်များဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။

No comments: