ရန်ပိုင်
နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်သည့်အနေဖြင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အတွင်းက သက်တမ်း ၁၁၅ နှစ်ရှိ ကမ္ဘာ ကျော် ဂုတ်ထိပ် တံတားပေါ် အထူး ခရီးစဉ်အဖြစ် လူ ၂၀ ဆန့် RGC – 110 ယာဉ်ဖြင့် ပထမဆုံး ပြေးဆွဲမည်ဟု သိရသည်။
သံလမ်းပြုပြင်ရာတွင် အသုံးပြုသည့် RGC- 110 ပေါ်တွင် ဖိုင်ဘာထိုင်ခုံများ တပ်ဆင်၍ ဂုတ်ထိပ်တံတား ၀န်းကျင်ရှိ ရှုခင်းများကို အလွယ်တကူ လေ့လာကြည့်ရှု ဓာတ်ပုံရိုက်နိုင်ရန် စင်းလုံးငှား စနစ်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး၊ ငှားရမ်းခမှာ အစုန် သို့မဟုတ် အဆန် ခရီးစဉ်တခုကို ကျပ် ၁ သိန်းဖြစ်ကြောင်း၊ လိုက်ပါလိုသည့် ပြည်တွင်း၊ ပြည်ပခရီးသည်များ အနေဖြင့် မြန်မာ့မီးရထား ဌာနသို့ ၃ ရက် ကြိုတင် အကြောင်းကြားရမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာ့ မီးရထား အမှတ် ၃ တိုင်း (သွားလာရေး) မန်နေဂျာ ဦးထိန်ဝင်းက“နိုင်ငံခြားသားတွေ ဂုတ်ထိပ်တံတားကို ရိုးရိုးရထားစီး ပြီး လည်း လေ့လာကြပေမယ့် သူတို့အတွက် သိပ်ပြီး စိတ်ကျေနပ်မှုမရှိဘူး၊ ပြူတင်းပေါက်ကထွက် ဓာတ်ပုံရိုက်ရတာလည်း အန္တရာယ် လည်း များတယ် ဒါကြောင့် စွဲဆောင်တဲ့ အနေနဲ့ အခုလို အထူး ရထား စီစဉ်ရတာ”ဟု ပြောသည်။
ယခုပြေးဆွဲမည့် RGC 110 ကို အကာအရံများဖြင့် လုံခြုံရန် ပြုလုပ်ထားပြီး လမ်းစနစ်၊ ဘရိတ်စနစ်များကိုလည်း ကောင်းမွန်ရန် ပြုလုပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အတွင်းရှိ ဂုတ်ထိပ်တံတားကို ၁၈၉၉ – ၁၉၀၀ ခုနှစ်က အင်္ဂလိပ် အင်ဂျင်နီယာ ဆာအာသာ ရန်ဒယ် က စတာလင်ပေါင် ၁ သိန်း ၁သောင်း ကျော် အကုန်အကျခံ၍ သံမဏိတိုင် ၁၆ တိုင်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပေအရှည် ၂၂၆၀ ရှိကာ အမြင့်ဆုံးတိုင်မှာ ပေပေါင်း ၈၀၀ ကျော် မြင့်သည်။
အစိုးရသစ် လက်ထက် ကမ္ဘာလှည့်ခရီးသည်များ အများအပြားဝင်ရောက်လာရာ ဂုတ်ထိပ်တံတားကို လေ့လာရန် လာရောက်သူ များပြားကြောင်း၊ ပုံမှန်မီးရထားစီးပြီး လာရောက်လေ့လာသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ဦးရေမှာ တလလျှင် ၅၀ ခန့်ရှိကြောင်း၊ တချို့ခရီးသည်များမှာ ပြင်ဦးလွင်ဘူတာ သို့မဟုတ် လားရှိုးမှလည်းကောင်း စီးနင်းကြပြီး တချို့သော အုပ်စုလိုက် သွားလာ သည့် ခရီးသည်များအနေဖြင့် နောင်ချိုဘူတာမှ စောင့်ဆိုင်း၍ စီးနင်းကြသည်ဟု ဦးထိန်ဝင်းက ပြောပြသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က“နိုင်ငံခြားသားတွေကို အာရုံစိုက်ပြီး သီးသန့်လုပ်ပေးတာ ကြိုဆိုပါတယ်၊ အုပ်စုလိုက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ကောင်းတယ်၊ ဒါပေမယ့် ပေးရတဲ့ငွေနဲ့ ၀န်ဆောင်မှုနဲ့ ထိုက် တန် ဖို့ လိုတယ်လို့ မြင်တယ်၊ မထိုက်တန်ရင် တခြားဟာကို ရွေးချယ်သွားလိမ့်မယ်”ဟု ပြောဆိုသည်။
ရထားပြေးဆွဲမှု အစီအစဉ်မှာလည်း အမြဲတမ်း ရေရှည်တည်တံ့ရန် လိုကြောင်း၊ ပြီးခဲ့သည်နှစ်က စီးသူနည်းသည် ဆိုသည့် အကြောင်း ပြချက်ဖြင့် ဖျက်သိမ်းလိုက်ရသည့် ကျိုက်ထီးရိုးခရီးစဉ်ကို ရည်ရွယ်ပြေးဆွဲနေသော ကျိုက်ထို-ရန်ကုန် ခရီးစဉ်ကဲ့သို့ မဖြစ် စေ လိုကြောင်း၊ ပထမပိုင်းတွင် အရှုံးပြနိုင်သော်လည်း နောက်ပိုင်း ခရီးသည်များမှ ယုံကြည်မှုရှိလာပြီး ကမ္ဘာလှည့်ခရီးသွားများ တိုး တက်လာအချိန်တွင် လုပ်ငန်းအောင်မြင် လာမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ထို့အပြင် နိုင်ငံခြားသား ခရီးသွားကိုသာ ဦးတည်ထားမည်ဆိုလျှင် တွက်ခြေကိုက်မည် မဟုတ်ကြောင်း၊ ဒေသခံများကို စီးနင်း လိုက်ပါခွင့်ပေးနိုင်လျှင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဒေသခံများ ဘ၀ကိုပါ လေ့လာနိုင်သည့်အပြင် ဒေသခံများလည်း လူနေမှု မြင့်မားလာမည်ဟု ထင်မြင်ကြောင်း ဦးတင်ထွန်းအောင် ပြောသည်။
“ခရီးသွားလုပ်ငန်းကြောင့် ကိုယ့်ဆီကလူတွေလည်း လူနေမှုမြင့်လာတယ်၊ လူနေမှုမြင့်လာရင် ခရီးသွားလုပ်ငန်းလည်း မျက်နှာ ပန်း လှတယ်၊ ဒါကြောင့် လက်ရှိပြေးဆွဲနေတဲ့ မန္တလေး – လားရှိုး ရထားကို အချိန်မှန်ဖို့၊ အိမ်သာတွေ သန့်ရှင်းဖို့ ၊ ထိုင်ခုံတွေ သပ်ရပ်ဖို့ လိုတယ်၊ ဒါမျိုးက တနိုင်ငံလုံးဖြစ်ရမှာ”ဟုလည်း ၎င်းက ဆိုသည်။
ယခုအခါ ရှမ်းပြည်မြောက်ပိုင်းသို့ သွားရောက်လေ့လာသည့် နိုင်ငံခြားသားများသည် မန္တလေးတွင် ညအိပ်ရပ်နားပြီးမှ သွားရောက် သည်များ ရှိသလို၊ ပြင်ဦးလွင်မှ ကျောက်မဲအထိ ရထားစီး၍ သဘာဝအတိုင်းရှိနေသည့် ရှမ်းလူမျိုးတို့ နေထိုင်ရာ ကျောက်မဲ၊ သီပေါစသည့် မြို့များကို လေ့လာပြီးနောက် ကားလမ်းအတိုင်း ဂုတ်တွင်း၊ ပိတ်ချင်းမြှောင် စသည့် နေရာများကို ၀င်ရောက်လေ့လာသည့် ခရီးစဉ်များလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည် ဇန်န၀ါရီ ၂၅ ရက် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်ကို နေပြည်တော်တွင် ကျင်းပရာ သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံ နိုင်ငံများမှ ခရီးသွားလုပ်ငန်း ၀န်ကြီးများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်း ကောင်စီ ဥက္ကဋ္ဌ နှင့် ပစိဖိတ်- အာရှခရီးသွားလုပ်ငန်း အဖွဲ့မှ အမှုဆောင် အရာရှိချုပ်များ တက်ရောက်ခဲ့သည်။
သမ္မတဦးသိန်းစိန်က ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင် အခွင့်အလမ်း၊ ၀င်ငွေတိုးပွားရေးနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုအတွက် အဓိကဖြစ်ပြီး ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက်“တာဝန်သိ ခရီးသွားလုပ်ငန်း”ဖြစ်လာရန် လိုကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုမှာ ၂၀၁၂ ခုနှစ်တွင် ၁ သန်းကျော်၊ ၂၀၁၃ ခုနှစ်တွင် ၂.၁၄ သန်းကျော် ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၃ သန်းကျော် ရှိလာရာ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားများအတွက် တည်ငြိမ်အေးချမ်းမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကန့်သတ် မှုများ ဖြေလျှော့ပေးမှုများကြောင့် ၅ သန်းကျော် ရှိလာမည်ဟု ခန့်မှန်းနေကြသည်။
သို့သော် မကြာသေးမီက ကျိုက်ထီးရိုးတောင်သို့ လမ်းလျှောက်တက်သည့် ပီရူးနိုင်ငံသူ တဦးကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ခြင်းကြောင့် တိုးတက်စ မြန်မာ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပုံရိပ် ထိခိုက်မှုဖြစ်ပေါ်မည်ကို စိုးရိမ်မှုများဖြစ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများ စိတ် ၀င် တစားသွားလာတတ်သည့် နေရာများတွင် အစိုးရအနေဖြင့် လုံခြုံရေးပိုမိုချထားပေးရန် လိုကြောင်း၊ ခရီးသွားများကို နယ်မြေ အခြေ အနေနှင့် ပတ်သက်၍ သတိပေးပြောဆိုမှုများ လိုအပ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များက ပြောဆိုကြ သည်။

No comments:
Post a Comment