Friday, May 29, 2015

မန္တလေးမြို့ အခြေပြုကာ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ဖြစ်ပေါ်နေ

အောင်ကိုဦး

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ဖြစ်စဉ်များတွင် မန္တလေးမြို့ကို အခြေပြု၍ ဖြစ်ပွားလျက် ရှိသည်ဟု အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ဖေသိန်းကျော်က ပြောသည်။

မန္တလေးတိုင်းအတွင်း ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် မန္တလေးနှင့် မူဆယ် လမ်းကြောင်းကို အဓိက အသုံးပြုပြီး မန္တလေး၊ ဗန်းမော်၊ လွယ်ဂျယ် လမ်းကြောင်းကိုလည်း အသုံးပြုသူများ ရှိသည်ဟု ရဲမှူး ဖေသိန်းကျော်က ဆိုသည်။

တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံများသို့လည်း လူကုန်ကူးနေကြရာ ထိုင်းနိုင်ငံသို့ မန္တလေး၊ ပဲခူး၊ သထုံ၊ ဘားအံ၊ မြဝတီ လမ်းကြောင်းနှင့် မန္တလေး၊ ရန်ကုန်၊ ကော့သောင်း လမ်းကြောင်း၊ မန္တလေး၊ တောင်ကြီး၊ တာချီလိတ် လမ်းကြောင်းတို့ကို အသုံးပြုကြပြီး အိန္ဒိယနိုင်ငံသို့ မန္တလေး၊ မုံရွာ၊ ကလေးဝ၊ တမူးလမ်းကြောင်းတို့မှ လူကုန်ကူးမှုများ ကျူးလွန်နေကြကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ (မန္တလေး) ၏ မှတ်တမ်းများတွင် ဖေါ်ပြသည်။

“လူကုန်ကူးမှု အများဆုံးဖြစ်နေတာကတော့ မန္တလေး မူဆယ် လမ်းကြောင်းကို အသုံးပြုပြီး လုပ်တာများတာကို တွေ့ရတယ်၊ အိန္ဒိယ လမ်းကြောင်းနဲ့ ထိုင်းလမ်းကြောင်းကတော့ နည်းပါတယ်။ လူကုန်ကူးခံရသူ အများစုက အမျိုးသမီးတွေ များတယ်၊ နွမ်းပါးတဲ့ အမျိုးသမီးငယ်တွေနဲ့ အထင်ကြီးလွယ်ပြီး လောဘတက်တဲ့ အမျိုးသမီးတွေ များတယ်။ တချို့လည်း လိမ်ညာအခေါ်ခံရပြီး လူကုန်ကူး ခံရတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

လူကုန်ကူးမှုများ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်မှုများအတွက် စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးသွားမည့်အပြင် လူစည်ကားရာ နေရာများ၌ အသိပညာပေး ပိုစတာများကပ်ကာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က လုပ်ဆောင်လျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလ အထိ လူကုန်ကူးမှု (၇)မှု ဖြစ်ခဲ့ပြီး (၄) မှုမှာ တရုတ်နိုင်ငံသို့ ရောင်းစားရန် ဖြစ်သည်။ (၃) မှုမှာ ပြည်တွင်း၌ ရောင်းစားရန်တို့ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မန္တလေး) ၏ မှတ်တမ်းအရ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း မန္တလေးမြို့၌ လူကုန်ကူးမှု (၁၃) မှု ဖြစ်ပွားခဲ့ရာ (၁၀)မှုမှာ တရုတ်နိုင်ငံသို့ ရောင်းစားရန်နှင့် တစ်မှုမှာ မလေးရှားနိုင်ငံသို့ ရောင်းစားရန် ဖြစ်သည်။ နှစ်မှုမှာ ပြည်တွင်း၌သာ ရောင်းစားရန်တို့ ဖြစ်ပွားခဲ့သည်။

No comments: