Saturday, May 30, 2015

အော်ရီဒူးဖုန်းတိုင် တည်ဆောက်မည့်နေရာ ကန့်ကွက်ကြောင်း အစိုးရထံ တင်ပြ

ဆန်းဖြိုးထွန်း

လွိုင်ကော်မြို့မင်္ဂလာရပ်ကွက်ရှိ အာဇာနည် ကျောက်တိုင်ကွင်း နှင့် တောင်ကွဲစေတီ ရှေ့တွင် အော်ရီဒူးဖုန်း ကုမ္ပဏီက တာဝါတိုင် စိုက်ထူးနေခြင်းကို ဒေသခံများ ကန့် ကွက်ကြောင်း ပြည်နယ်အစိုးရထံ တင်ပြကြသည်။

မေ ၁၉ ရက်က ကန့်ကွက်သူ ၈၉ ဦး လတ်မှတ်ရေးထိုးထားသည့်စာကို ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံ တင်ပြခဲ့ကြသည်။

လွိုင်ကော်မြို့ခံ ဦးသက်တင်က “ကယားပြည်နယ်ရဲ့ အမွေနစ် တောင်ကွဲစေတီကြီး ကွယ်သွားမှာ တခုရယ် နောက်ပြီးတာဝါတိုင် အာဇာနည် ကျောက်တိုင်ကုန်းမြေ တဝက်ပါတာရယ်ကို ကန့်ကွက်ထားတာ” ဟု ပြောသည်။

တာဝါတိုင်မတည်ဆောက်မီက မင်္ဂလာရပ်ကွက်ရပ်ကျေးဥက္ကဋ္ဌ ရုံးတွင် အစည်းအဝေး ခေါ်ပြီး မဲခွဲဆုံးဖြတ်ရာ ၉ မဲ ၃ မဲ ဖြင့် ကန့်ကွက်သူများက အနိုင်ရခဲ့သည်။

သို့သော် စည်ပင်သာယာရေး အမှုဆောင် ကိုယ်စားလှယ်က အိမ်နီးချင်းများ ထောက်ခံမှုကို ရယူပြီး တာဝါတိုင် စိုက်ထူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

တာဝါတိုင်ကို တောင်ကွဲစေတီရှေ့တွင် စိုက်ထူခြင်းကို ကန့်ကွက်ပြီး ဆန္ဒပြတောင်းဆို ပါက လူထုကို ၀န်းရံမည်ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် ကပြောသည်။

“ကျနော်တို့က ကန့်ကွက်တယ်၊ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ရင်လည်း ဝန်းရံပါဝင်သွားမယ်” ဟု သူက ပြောသည်။

ကန့်ကွက်မှုကြောင့် တာဝါတိုင် တည်ဆောက်မှုများကို ခေတ္တရပ်နားထားပြီး လက်ရှိ ဖောင်ဒေးရှင်းများ တူးဖော်ပြီးစီးနေပြီဟု ဆိုသည်။

ထိုကိစ္စအတွက် မြို့နယ်စည်ပင်သာယာကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

No comments: