Wednesday, February 24, 2016

ကြပ်မတ်အရေးယူဖို့ လိုအပ်နေတဲ့ ဆေးလောက တာဝန်မဲ့မှုများ

ထွန်းထွန်း


မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက ဆရာဝန်တွေနဲ့ ဆေးရုံတာဝန် ရှိသူတွေရဲ့ တာဝန်မဲ့မှု၊ ပေါ့ဆမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ လူတွေအကြား ပျံနှံ့နေပြီး စစ်ဆေး အရေးယူမှုတွေ အားနည်း တဲ့အပေါ် ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။

ဆေးဝါးကုသမှုပိုင်းမှာ ဆရာဝန်တွေရဲ့ ပေါ့လျော့မှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ ရန်ကုန်မြို့က နာမည်ကြီး ပုဂ္ဂလိကဆေးရုံတရုံ ဖြစ်တဲ့ အာရှတော်ဝင် ဆေးရုံမှာ ဝေဒနာရှင်တဦး အသက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ လူမှုကွန်ရက် စာမျက်နှာ(facebook)တွေနဲ့ သတင်း မီဒီယာတွေမှာ ပျံ့နှံ့ပြီး တာဝန်ယူမှုမရှိတဲ့ ဆရာဝန်တွေရဲ့လုပ်ရပ်ကို မီးမောင်း ထိုးပြလိုက်သလို ဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဝေဒနာရှင် အမျိုးသမီးရဲ့ ကျောက်ကပ်မှာတည်နေတဲ့ ကျောက်ကို လေဆာရောင်ခြည်ပစ်ပြီး ချေဖျက်ကုသရာမှာ အရှိန် လွန်ပြီး သွေးကြောပေါက်သွားခဲ့ပေမယ့် ခွဲစိတ်ဆရာဝန်ဟာ ကုသမှုအောင်မြင်ကြောင်း ပြောခဲ့ပြီး လူနာသေဆုံးကာမှ သူ့ရဲ့မှားယွင်း မှုကို ၀န်ခံခဲ့တာပဲ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ ဦးခင်ဇော် က “လူအသက်ဆုံးသွားတော့မှ ဆရာဝန်က သူအရှိန်လွန်သွားတာပါ ဆိုပြီး လာပြောတယ်၊ ဦးတို့ မိသားစုကတော့ သူ့ရဲ့နောက်ဆုံးအချိန်တွေကို အတူရှိနေဖို့ပါ၊ အားလုံးဆုံးရှုံးခဲ့တယ်”လို့ ပြောပြပါတယ်။

ကုသမှု မတော်တဆဖြစ်မှုကို အသိဆုံးဖြစ်တဲ့ ဆရာဝန်အနေနဲ့ ကုသမှုအပြီး ညနေ ၆ နာရီခွဲလောက်ကစလို့ နောက်နေ့မနက် ၁၀ နာရီ လောက်မှသာ လူနာကိုနောက်တခေါက် လာပြန်ကြည့်ခဲ့တာပဲဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူနဲ့ အတူရှိနေခဲ့တဲ့ ညီမဖြစ်သူ ကလည်း “ကျမတို့က လူနာအသက်ရှုရခက်ခဲနေလို့ တခြားအထူးကုဆရာဝန်တဦးကို on call ခေါ်ပေးဖို့ပြောတော့ အဲ့ဒီဆရာဝန်ကြီးက သူကိုင်တဲ့ Case ကို တခြားသူကိုင်တာမကြိုက်ဘူးလို့ ပြောတယ်၊ ဒါဆို သူ့ကိုပဲ ပြန် ခေါ် ပေးပါဆိုတော့လည်း ညဘက်ဆိုမရဘူးတဲ့၊ ဒီလိုနဲ့ပဲ နောက်နေ့ မေ့ဆေးထပ်ပေးတော့ မေ့ဆေးမပျယ်ခင်ပဲ အသက်ဆုံးခဲ့တာ”လို့ ပြောပါတယ်။

ဆရာဝန်တဦးရဲ့ လူနာရှင်တွေအပေါ် ဂရုမထားမှုနဲ့ တာဝန်ယူမှုမရှိတဲ့ လုပ်ရပ်ကြောင့် ပေးဆပ်လိုက်ရတာက သူတို့ကို ယုံကြည် အားကိုးတဲ့ ဝေဒနာရှင်တယောက်ရဲ့ အသက်ပါပဲ။ တာဝန်ယူကုသတဲ့ အထူးကုဆရာဝန်ကြီးအနေနဲ့ ကုသမှုအောင်မြင်တယ်လို့ ဆိုခဲ့ တာဟာ အမှန်တကယ်အောင်မြင်တယ်လို့ ပြောတာလား၊ လိမ်ညာခဲ့တာလား ဆိုတာကို လူနာရှင်တွေက မေးခွန်းထုတ်ကြပါတယ်။


ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ခုတင် ၁၀၀ ဆေးရုံမှာလည်း ကိုယ်ဝန်အပ်နှံထားတဲ့ မွေးလူနာဟာ အသဲအသန်ဖြစ်တဲ့ အချိန် ဆေးရုံကိုရောက်လာခဲ့ပေမယ့် ဆရာဝန်ရှိမနေတဲ့အတွက် မွေးလူနာမိခင်ရော ကလေးပါ သေဆုံးခဲ့ရမှု ဖြစ်ပွားခဲ့ပါသေး တယ်။

ကလေးနှစ်ယောက် မိခင်ဖြစ်တဲ့ သေဆုံးသူဟာ တတိယကိုယ်ဝန် ၅လခန့်ကတည်းက ဆရာဝန်ထံ အပ်နှံပြသခဲ့တာဖြစ်ပြီး မွေးဖွားမယ့်ရက်မှာ ဆေးရုံကို အချိန်မီရောက်လာခဲ့ပေမယ့် ဆရာဝန်ရှိမနေတဲ့အတွက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာယကံရှင် မိသားစုဝင်တွေက ပြောပြပါတယ်။

သူတို့အနေနဲ့တော့ အခုလို ဆရာဝန်နဲ့ဆေးရုံးရဲ့ တာဝန်ဝတ္တရားပျက်ကွက်မှုတွေကို ၀န်ချတောင်းပန်ဖို့ ပြောဆိုခဲ့ပေမယ့် တောင်းပန်ခြင်း မရှိတဲ့အတွက် စစ်ဆေးအရေးယူပေးဖို့ တိုင်းကျန်းမားရေး ဦးစီးဌာန အထိ တင်ပြတိုင်ကြားထားတယ်လို့ ဆိုပါတယ်။

ဆေးရုံ၊ ဆေးခန်းတွေရဲ့ မတော်တဆမှု၊ မှားယွင်းမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အသက်သေဆုံးရတဲ့ဖြစ်စဉ်တွေဟာ လူတိုင်းကြား ဖူး နေကြပေမယ့် စစ်ဆေးအရေးယူပေးဖို့ အမှုဖွင့်တိုင်းကြားမှုတွေကိုတော့ ပြုလုပ်လေ့မရှိသလောက် နည်းပါးတာကိုလည်း တွေ့ရပါတယ်။

အခုဖြစ်စဉ်တွေဟာလည်း လူမှုကွန်ရက်တွေပေါ် ပျံနှံ့လာလို့သာ လူသိရှင်ကြားဖြစ်ခဲ့ရတာဖြစ်ပြီး ဒီလိုဆရာဝန်တွေရဲ့ တာဝန်ပေါ့လျော့ မှုတွေကို နောက်လူတွေမကြုံတွေ့၊ မခံစားရရေးအတွက်သာ ရည်ရွယ်ထုတ်ဖော် ပြောကြားခဲ့တာဖြစ်တယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။

တာဝန်ယူမှုမရှိတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကုသနေတဲ့ဆရာဝန်တိုင်းကို ဆိုလိုတာမဟုတ်ပါဘူး။ ဆေးဝါး၊ စက်ပစ္စည်းတွေ ပြည်စုံ လုံလောက်မှု မရှိတဲ့ကြားကပဲ တာဝန်ယူကုသပေးနေပြီး တာဝန်ကျေတဲ့ ဆရာဝန်တွေ၊ အခြေခံ အသုံးအဆောင်တွေကအစ လို အပ် မှုတွေရှိနေတဲ့ ကျေးလက်၊ နယ်မြို့လေးတွေရဲ့ တိုက်နယ်ဆေးရုံ လေးတွေမှာ ရှိတဲ့အင်းအာနဲ့ လူဦးရေနဲ့မမျှအောင် မညည်းမညူ တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်၊ သူနာပြု ဆရာမတွေလည်း ရှိနေကြပါတယ်။

မြို့တွေပေါ်က ပြည်သူ့ဆေးရုံကြီးတွေမှာလည်း အဆင့်မီကုသရေး၊ ရောဂါရှာဖွေရေး စတဲ့ စက်ပစ္စည်းတွေ ပြည့်စုံ လုံလောက်မှုမရှိတာ၊ ရှိတဲ့ ခုတင်နဲ့ လူနာဦးရေ မမျှတာတွေ၊ လူနာရှင်မရှိဘဲ ရောက်လာတဲ့ဝေဒနာရှင်တွေ စတဲ့ အခက်အခဲမျိုးစုံကြားကပဲ အချိန် ပေး စေတနာထားပြီး ကုသနေကြတဲ့ ဆရာဝန်တွေလည်း အများကြီး ရှိနေပါတယ်။

တိုင်းပြည်ရဲ့အများစုဖြစ်တဲ့ အခြေခံလူတန်းစားတွေဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ ကျေးလက်နဲ့ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံ၊ ဆေးခန်းတွေမှာပဲ အားကိုးတကြီး တက်ရောက်ကုသ နေရတာပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ ဆေးရုံဆေးခန်းကို ရွေးချယ်ခွင့်သိပ်မရှိကြ ပါဘူး။

သိသိသာသာ ဆိုးဝါးမှုမရှိတဲ့ မတော်တဆမှုတွေမှာတောင် ကံကိုပဲ ပုံချလေ့ရှိသူတွေ ဖြစ်ပါတယ်။ အတော်အသင့်ပိုက်ဆံ ရှိသူတွေသာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ပြသကုသနိုင်ကြပြီး ချမ်းသာတဲ့ မိသားစု အသိုင်းအ၀ိုင်းတွေကတော့ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာ သွားရောက် ကုသလေ့ရှိပါတယ်။

ဒီလို ကိုယ့်ပြည်တွင်းက ဆေးရုံ၊ ဆေးခန်းတွေမှာ ယုံယုံကြည်ကြည် ကုသနေသူတွေဟာ ဒီဆေးရုံ၊ ဒီဆရာဝန်တွေကိုမှ မယုံကြည်ရ ဘူး၊ လုပ်သမျှငြိမ်ခံပြီး ကြောက်နေရမယ် ဆိုရင်လည်း သူတို့မှာ တခြားသွားကုစရာ နေရာ မရှိတော့ပါဘူး။

လူတိုင်းဟာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ မပတ်သက်ဘဲ နေလို့မရသလို့ အကြောင်းမဲ့ လာချင်တဲ့သူလည်း ရှိမှာမဟုတ်ပါဘူး။ ဒီနေရာမှာလူနာတွေက အသည်းအသန်ဖြစ်မှ ဆေးရုံ၊ ဆေးခန်းလာကြပြီး ပြန်မကောင်းရင် အပြစ်ပြောချင်ကြတယ်ဆိုတာမျိုး ပြောဆိုနေကြ တာကိုလည်း ကြားရပါသေးတယ်။

အခြေခံ လူတန်းစားတွေထဲက အသည်းအသန်ဖြစ်တဲ့ အချိန်အထိ ဆေးရုံ၊ ဆေးခန်းမသွားနိုင်လို့ သေခဲ့ရတဲ့လူတွေ၊ လမ်းခရီး အဆင် မပြေလို့ အချိန်မီ မရောက်နိုင်ဘဲ အသက်ဆုံးခဲ့ရသူတွေ အများကြီးပါ။ ဆေးရုံရောက်ရဲ့နဲ့ ဆေးဖိုးမရှိလို့ အလှူရှင်စောင့်နေရ တာတွေလည်း ရှိပါသေးတယ်။

ဒီလိုအခြေအနေ အမျိုးမျိုးကြားထဲက ဆေးရုံရောက်လာနိုင်တဲ့ လူနာတွေကို တာဝန်ယူကုသဖို့က ဆရာဝန်တွေရဲ့ တာဝန်ပါ။ အခြေ အနေ အကြောင်းကြောင်းကြောင့် အသက်ကို မကယ်နိုင်ရင်တောင် သူတို့ကို ဂရုစိုက်မှု၊ နှစ်သိမ့်မှု၊ ကြင်နာမှုပေးဖို့လိုပါတယ်။ ငါဆရာဝန်၊ ငါ့သဘောပဲဆိုပြီး တာဝန်မဲ့တဲ့လုပ်ရပ်တွေကိုတော့ ပြောခွင့်မရလို့သာ မပြောဘဲနေရမယ်၊ ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။

နောက်တချက်အနေနဲ့ ဆေးရုံရောက်ဖူးသူ အားလုံးနီးပါး ကြုံတွေ့ရတဲ့ပြဿနာလည်း ရှိပါသေးတယ်။ တာဝန်ကျ ဆရာ၊ ဆရာမတွေကို သူတို့အနေနဲ့ စောဒကမတက်ရဲ၊ မပြောရဲတာပါ။

အဲ့ဒီလိုပြောရင်လည်း ကိုယ့်ရဲ့လူနာဟာ ပစ်ထားခံရတဲ့ သာဓကတွေ ကြုံခဲ့ရပါတယ်။

ကုသမှု မတော်တဆဖြစ်ရပ်တွေမှာလည်း လူကြောင့်ဖြစ်တာတွေရှိသလို အသုံးပြုတဲ့ စက်ပစ္စည်း ချွတ်ယွင်းချက်ကြောင့် ဖြစ်တဲ့ဖြစ် ရပ်တွေလည်း ရှိတတ်ပေမယ့် လက်ခံကုသလို့ ပျောက်ကင်းနိုင်တဲ့ သာမန်ရောဂါကုသမှု ဖြစ်စဉ်တွေမှာတော့ ပုဂ္ဂလိက ဆေးရုံကြီး တွေ အနေနဲ့ အာမခံမှုရှိဖို့ လိုပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမှာရှိတဲ့ ဆေးရုံတခုမှာလည်း ကိုယ်ဝန်ဆောင်သည် တဦး သွေးစစ်ရာမှာ HIV ပိုးတွေ့ရှိကြောင်း ရလာဒ် အဖြေ အပေါ် ကာယကံရှင်တွေအနေနဲ့ ကျေနပ်မှုမရှိတဲ့အတွက် အပြင်ဆေးခန်းတခုမှာ ပြန်လည်စစ်ဆေးရာမှာတော့ ကိုယ်ဝန်ဆောင် သည် ရော ခင်ပွန်းဖြစ်သူမှာပါ HIV ရောဂါပိုးမရှိကြောင်း ရလာဒ်အဖြေ ရရှိခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။

ဒီဆေးစစ်ချက်တွေကို ဆေးရုံကို ပြသတဲ့အခါမှသာ ဆေးရုံက နောက်တကြိမ် ပြန်လည်စစ်ဆေးပေးခဲ့ပြီး ရောဂါပိုး မတွေ့ရတဲ့အခါမှသာ ဓာတ်ခွဲခန်းတာဝန်ရှိသူက သက်တမ်းလွန် ဆေးတွေသုံးမိလို့ အဖြေမှားယွင်းတာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒီဖြစ်ရပ်မှာ ဆေးရုံတာဝန်ရှိသူတွေရဲ့ ပေါ့ဆချက်ကြောင့် ကာယကံရှင်မိသားစုတွေရဲ့ ဂုဏ်သိက္ခာ၊ မျှော်လင့်ချက်တွေ အားလုံးကို ပျက်စီးသွားစေနိုင်သလို မဖြစ်သင့်တဲ့ မှားယွင်းမှုမျိုးလည်း ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်တွေမှာ လူနာရှင်တွေအနေနဲ့ ခွဲစိတ်မှုတွေခံယူရာမှာ ကုသမှုကို သဘောတူကြောင်း လက်မှတ်ရေးထိုးကြ ရ ပါတယ်။ တကယ်တမ်း ဖြစ်လာတဲ့အခါမှာတော့ ဒီအချက်နဲ့ပဲ သူတို့မှာဘာမှပြောဆိုခွင့် မရှိတော့ပါဘူး။ မတော်တဆဖြစ်စဉ်တွေအတွက် အသက်ဆုံးရှုံးပြီးကာမှ ကံကိုပုံချရတဲ့အဖြစ်တွေကိုလည်း ပြည်သူတွေခံစားခဲ့ရတာ များနေပါပြီ။

မတော်တဆမှုနဲ့ ပတ်သက်လို့ ၂၀၀၉ ခုနှစ်က ရွှေဂုံတိုင် SSC အထူးကုဆေးခန်းမှာ အူအတက်ပေါက်တယ် ဆိုတဲ့လူနာ ကုသမှုခံယူစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို မြန်မာနိုင်ငံ ဆေးကောင်စီက စုံးစမ်းစစ်ဆေးခဲ့ပြီးနောက် တာဝန်ယူကုသတဲ့ ဆရာဝန်ကို ဆေး ကုသခွင့် ၅ နှစ်ပိတ်ပင်ခဲ့သလို ဆေးရုံကိုလည်း ပြင်းထန်စွာသတိပေးခဲ့ကာ လျော်ကြေးလည်း ပေးအပ်ခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

ပုဂ္ဂလိက ဆေးရုံတချို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့လည်း ယုံကြည်စွာ တက်ရောက်ကုသနေကြတဲ့ သူတွေအနေနဲ့ အဆင် မပြေမှုတွေ ကြုံတွေ့နေရကြောင်း ကြားသိနေရတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိစစ်ကြပ်မတ်ပေးဖို့ကို အမျိုးသားလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီရဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်း အတွင်း ဆောင်ရွက်မှု အစီအရင်ခံစာမှာလည်း အကြံပြုတိုက်တွန်းထားတာကို သိရှိရပါတယ်။

ကော်မတီ အစီအရင်ခံစာအရ နေထိုင်သူလူဦးရေနဲ့ ဆရာဝန် အချိုးအစားမှာလည်း ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၅၁၈ ဦးမှာ ဆရာဝန်တဦး နှုန်းသာရှိပြီး ရခိုင်ပြည်နယ်အတွင်းမှာတော့ လူဦးရေ ၇၁၄၃ ဦးမှာ ဆရာဝန် တဦးနှုန်းသာ ရှိနေတာကို တွေ့ရှိရပါတယ်။

အခုလိုပွင့်လင်းလာတဲ့ အချိန်မှာတော့ တာဝန်မဲ့တဲ့ ဆရာဝန်၊ ဆရာမတွေရဲ့ လုပ်ရပ်တွေကို ပိုမိုကြားသိလာရပြီး“တရားဝင် လူသတ် လိုင်စင် ရထားသူတွေလို့” ပြစ်တင် ဝေဖန်ခံရတဲ့အထိ အခြေအနေတွေလည်း ရှိနေပါတယ်။

No comments: