Tuesday, April 7, 2009

ကချင်ပြည်နယ်မှ ပေးစာတစ်စောင်

မင်းထက်အောင်

ကချင်တိုင်းရင်းသား အသိတစ်ယောက်ထံက Email နဲ့ ဒီစာကို ရရှိခဲ့ပါတယ်။





သြော် သူတို့ ကချင်ပြည်နယ်ဘက်မှာလဲ ကိုယ်တို့ မွန်ပြည်နယ်ဘက်က အဖြစ်နဲ့ သိပ်မကွာခြားလှပါလား။ စီးပွားရေး အင်မတန်နိမ့်ကျတဲ့ ကိုယ်တို့နိုင်ငံမှာက ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေသာမက တပြည်လုံးအပါအဝင် နယ်စပ် ဒေသတလျှောက်၊ အထူးသဖြင့် ထိုင်းနယ်စပ် ယ္ခုစာမှာပါတဲ့ တရုပ်နယ်စပ်တွေအနှံ့ KTV လို့ခေါ်တဲ့ ယောကျာ်းလေး တွေ သီချင်းဆိုယင်း မိန်းခလေးငယ်တွေနဲ့ အပမ်းဖြေခန်းများတွေကတော့ ပြည့်လျှံနေတော့တာပါပဲ။ အဆင့်တွေက အမျိုးမျိုးပါပဲ၊ စက္ခု၊ သောတအာရုံကအစ အာရုံငါးပါးစလုံး၊ ကြည်ဖြူမှုကို ငွေနဲ့လမ်းခင်းပြီး ရှာယူလို့ရတဲ့နေရာတခု လို့ဆိုယင် မှားနိုင်မည်မဟုတ်ပါ။

ဘာကြောင့်ပါလဲ၊ ကိုယ်တို့တိုင်းပြည်မှာက ငွေပေါပြီး သူဌေးတွေများနေလို့လား၊ မဟုတ်တန်ရာ။

တခုတွေးမိတာကတော့ တိုးတက်ဖြစ်ထွန်းမှု အလွန်မြန်ဆန်လာတဲ့ ဒီခေတ်ကြီးနဲ့ လူတွေအမှီလိုက်ပြီး ရပ်တည်နေနိုင် ကြရအောင် အလုပ်တွေကို ယခင်အယင်ကထက် ပိုပြီးလုပ်ကိုင်လာကြရပါတယ်။ ဝင်ငွေမတတ်နိုင်ယင် ကိုယ်ဘဝ သာမက မိသားစုတခုလုံးပါ အများနဲ့ တန်းတူရပ်တည်နိုင်ကြမှာ မဟုတ်လို့လေ။

စစ်ဖိနပ်အောက်က စစ်ဒဏ်အမျိုးမျိုး၊ အသွေးအရောင်စုံလွန်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်ရဲ့ ဒီလိုအလွှာအသီးသီးကြားက လူတွေထဲမှာ အထူးသဖြင့် အပျိုဘော်ကာလဝင်စ အမျိုးသမီးငယ်လေးတွေ မှာ အများနည်းတူ ခေတ်နဲ့အမီ ဝတ်ချင်စားချင်၊ နေချင်ကြပါတယ်။ လှချင်တယ်၊ လှတာကိုယ်မှ သဘောကျတတ် ပါတယ်။ လူသားတွေရဲ့ သဘောသဘာဝပါပဲ။ ဒါပေမဲ့ အလုပ်လက်မဲ့ အင်မတန်ပေါများနေတဲ့ ဒီလိုနိုင်ငံမှာ သူတို့လေး တွေအတွက် ဘာအလုပ်တွေကိုများ တာဝန်ယူထားသူ(ဝါ) တာဝန်ရှိသူတွေ ဖန်တီးပေးထားပါသလဲ။

ဘွဲ့ရကျောင်းပြီးပြီဆိုယင်ပဲ ဘွဲ့ဓါတ်ပုံဝတ်စုံကို ဧည့်ခန်းမှာချိတ်ပြီး ရရာအလုပ်ကို ရှာကြံလုပ်ကိုင်နေရတဲ့ ဒီတိုင်းပြည်မှာ ယောကျာ်းငယ်လေးတွေအဖို့ တပိုင်းထား၊ မိန်းခလေးငယ်တွေအဖို့ကတော့ မှိုလိုပေါက်နေတဲ့ KTV ဆိုင်တွေမှာ နာရီနဲ့အပမ်းတော်ဖြေ၊ ပျော်တော်ဆက်တဲ့ ဘဝအလုပ်ကို အလွယ်တကူ ရှာဖွေလို့ရပါတယ်။

အဝတ်အစားလှလှ၊ မိတ်ကပ်နှုတ်ခမ်းနီမျိုးစုံ၊ အမွှေးနံ့သာလှိုင်လှိုင် ကြိုင်ကြိုင်သင်းနေတဲ့ ရနံ့တွေနဲ့ ကိုယ့်အဖိုး အဖေ အရွယ် ယောကျာ်းတွေ အလိုတော်ကျ သီချင်းဆို၊ ရင်ငွေ့လှုံယင်း “ကောင်းပေ့” ဆိုတဲ့ အစားအစာ၊ ယမကာအမျိုးမျိုးကို မှီဝဲယင်း စိတ်ပိုင်းအားဖြင့် အိမ်ကအပူမီးတွေကို ခေတ္တမေ့ပျောက် နိုင်ပါတယ်။ ဒီထက်အဆင့်မြင့်လာ၊ ရင်းနှီးမှုအတိုင်း အတာလေးတွေ၊ သံယောဇဉ် ဘာညာတွေ အတော်အသင့် ရှိလာပြီဆိုယင်တော့ W ဆိုလား၊ လွတ်လွတ်လပ်လပ် အပြင်ထွက်တွေ့ကြမလားပေါ့။

ကိုယ်တို့ မွန်ပြည်နယ်ဘက်မှာတော့ ရာဘာဈေးကောင်းချိန်မှာဆိုယင် တောသူဌေး ရာဘာခြံပိုင်ရှင် ဦးလေးကြီးတွေဟာ ငွေထုတ်ပိုက်ပြီး အဲဒီ KTV ဆိုင်တွေမှာပဲ နေ့နေ့ညညအိမ်မပြန်နိုင်ကြဘူး၊ အိမ်ကအဖွားကြီးထင်နေတာက ငါ့ယောက်ျား အလုပ်ကြိုးစားလုပ်ကိုင်နေရတာ အိမ်ကိုတောင် နေ့နေ့ညည မပြန်ရှာနိုင်ဘူးတဲ့။

လာပြီးပျော်ပါးကြတဲ့လူတွေကလဲ အမှန်တကယ် ငွေရှိကြသလား။

အများအားဖြင့် အလုပ်အကိုင်တည်မြဲမှု မရှိကြတဲ့ လူလတ်တန်းစားတွေဟာ ငွေကြေးအရင်းအနှီးနဲ့ ဦးနှောက် (ခေါင်း) ကိုအသုံးချပြီး ကြုံရာလုပ်ငန်းတွေ လုပ်ကိုင်တတ်လေ့ရှိတဲ့ မြို့ပြမှာရှိကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ပွဲစားလိုလို၊ ပွဲစား လိုလိုဆိုရတာကတော့ မော်တော်ဆိုင်ကယ်ဆိုလဲ မော်တော်ဆိုင်ကယ်၊ နောက်တနေ့ မော်တော်ကားဝယ်ရောင်းသူနဲ့ ဆိုယင် မော်တော်ကားပေါ့၊ ဒါမှမဟုတ်ယင် အိမ်ခြံအရောင်းအဝယ်လား၊ ရတာပါဘဲ။ အလောင်းကစားဆိုလဲ ရတာပါဘဲ။

အရောင်းဝယ်ဖြစ်ကြပြီ ဆိုတာနဲ့ “အာရကေ” ဆိုတဲ့ ပွဲစားအခေါ် အလုပ်ဖြစ်ခဲ့တဲ့ ငွေတွေထဲက အလုပ်ပြီးမြောက် အောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ ဒီ KTV မှာပဲ လာရောက်ကျင်းပလေ့ရှိတယ်။ ဖောက်သည်ဖြစ်နေတဲ့ မိန်းခလေးငယ် တွေနဲ့ပဲ KTV မှာ အာရုံငါးပါးကို လာရောက်ခံစားကြပါတယ်။ အိမ်က မိသားစုကိစ္စတွေကို စိတ်ထဲက တဒင်္ဂတော့ မေ့ပျောက်ထားနိုင်ပါပြီ။ ဒီအခန်းထဲမှာဆိုယင် W ဆေးပြားတွေသုံးတတ်တဲ့သူတွေနဲ့ အရောင်းအဝယ်လုပ်သူတွေ အလုပ်ဖြစ်ကြပြန်ပါတယ်။

KTV ဆိုင်တဆိုင်ဖွင့်နိုင်ဖို့ဆိုယင် အရင်းအနှီးထက် သက်ဆိုင်ရာကို ကိုင်ထားနိုင်စွမ်းရှိရမယ်။ အရပ်ဘက်ကထက် စစ်ဖက်ကဆိုယင် ပိုစိတ်ချရပါတယ်။ ဒါမှမဟုတ် ငြိမ်းအဖွဲ့တွေနဲ့ ပတ်သက်နေရပါမယ်။

စစ်ဖက်က တပ်နယ်မှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ ရဲမှူး၊ မြို့နယ်မှူး၊ ဒါမှမဟုတ် သူတို့ရဲ့ “မှူး” တွေအထဲက အနီးစပ်ဆုံး ဆွေမျိုးညာတကာ စတာတွေကို “ရှယ်ယာ” အမည်ခံသဘော ထည့်ထားပေးရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း မကြာမကြာ နေ့တိုင်းလိုလို အားအားယားယားရှိတိုင်း မျက်နှာလာပြပြီး အလကား စံစား။ “ရှယ်” အဲယားကွန်းအခန်း ထဲမှာ KTV မယ်လေးတွေနဲ့ “ရှယ် ရှယ်”ပေါ့ ။ အချို့ KTV ဆိုင်တွေဆိုယင် စင်တင်တေးဂီတအပြင် အနှိပ်ခန်းတွေကိုပါ တွဲထားပါတယ်။

KTV မယ်လေးတွေအနေနဲ့လည်း ဒီဆိုင်တစ်ဆိုင်ထဲမှာပဲ လအတန်ကြာနေလို့ မကောင်းတတ်ပါဘူး၊ ကြားသွာယင် “အဟောင်း” တွေ ဖြစ်သွားတတ်တယ်လေ။ ဖောက်သည်လည်း နည်းလာမယ်။ ဒါကြောင့် တခြားအဆင်ပြေရာ၊ အဆက်အသွယ်ကောင်းရာ၊ ရေကြည်ရာ မြက်နုရာ ဆိုင်တွေကို ဆက်ပြီး အလုပ်နေရာသစ် ရှာဖွေရပါမယ်။

“ကော့ဂျာ” ရဲ “လုမိုင်” ထံ အခုပေးစာအရ “ဆေးပြားရောင်းတဲ့သူက အဖမ်းမခံရဘဲ ဖမ်းတဲ့သူဘဲ အချုပ်ကျသွားတယ်” ဆိုတော့ KIO မူးယစ်ဆေးဝါးနှိမ်နင်းရေးအရာရှိငယ် ဖြစ်ဟန်တူတဲ့ “ဘရန်အောင်” တယောက် ဘယ်ဥပဒေပုဒ်မတွေနဲ့ ဘယ်နေရာ ဘယ်ဒေသကို ရောက်နေသလဲဆိုတာ ကာယကံရှင်တွေကသာ အသိဆုံးဖြစ်နေမှာပါပဲ။


No comments: