Thursday, April 16, 2009

ဘယ်သူနိုင်သလဲ


ဤတရက် ကြံကြံဖန်ဖန် နှစ်ခု တွေ့ရသည်။ တခုက ကျနော့် တူနှစ်ယောက်၏ လက်လှဲတမ်း ကစားပုံ၊ နောက်တခုက ဧပြီလ ၆ ရက်နေ့ထုတ် အယ်ဒီတာ့ အာဘော်တခု။

အိမ်က တူနှစ်ယောက် လက်လှဲတမ်း ကစားကြသည်။ အကြီးက ၇ နှစ်၊ အငယ်က ၅ နှစ်၊ ကစားကြတော့ အငယ်က သူ ရှုံးလျှင်ကျမည့်ဘက်ကို သူက အနိုင်ဟု သတ်မှတ်သည်။ ညာသန်နှစ်ဦးအဖို့ ဘယ်ဘက် လှဲနိုင်သူကသာ နိုင်စတမ်းတွင် တူအငယ်က ညာဘက်ကျသူ အနိုင်ဟူ၏။ ထို့နောက် အားကြိုးမာန်တက် လှဲကြရာ တူအကြီးက ပိုပြီး အားကြီးသူပီပီ ညာဘက်ကို လှဲချသောအခါ တူအငယ်က နိုင်ပြီဟု အော်လေသည်။ ထိုအခါ တူအကြီးက မေး၏။ "ဘဘ ဘယ်သူနိုင်သလဲ” ၊ “မင်း နိုင်တယ်” ။ ထိုအခါ တူအငယ်က “သားသား ရွေးထားတဲ့ဘက် ကျတာ၊ သားသား နိုင်တာပေါ့။ မဟုတ်ဘူးလား ဘဘ”။ ထိုအခါ ကျနော်က “အေး မင်း နိုင်တယ်” ဟု မျှတစွာ ဆုံးဖြတ်ပေးခဲ့သည်။

ထို့နောက် ၆ ရက်နေ့ထုတ် ရက်စွဲတပ်ထားသော်လည်း ၄ ရက်နေ့ကတည်းက ဈေးကွက်ထဲ ရောက်နေသော ဂျာနယ်တခုကို ဖတ်ကြည့်သည်။ “ရင့်ကျက်သော နိုင်ငံရေးကျင့်သုံးသူ မှန်သမျှကို အစိုးရက စောင့်ရှောက်သွားမည်ဆိုသော အချက်ဖြစ်သည်” ဟု အယ်ဒီတာ့အာဘော်တွင် ရေးထားရာ ရင့်ကျက်သော နိုင်ငံရေးသမားဆိုသည်မှာ စစ်တပ်ကို ထောက်ခံသူဟု ဆိုပါမှ ပို၍ ပုံပေါ်ပေလိမ့်မည်။ မထောက်ခံလျှင် မရင့်ကျက်၊ မရင့်ကျက်လျှင် မစောင့်ရှောက်ဆိုသော အဓိပ္ပာယ် ရှိလေသည်။

ထို့နောက် ဆက်လက်၍ “နိုင်ငံရေးဆိုသည်မှာ ထောင်တန်းကျနိုင်သော အလုပ်ဖြစ်သည်ဟု ခံယူထားကြသော လူ့အဖွဲ့အစည်း တခုလုံးအတွက် ဗိုလ်ချုပ်မှူးကြီး၏ စကားတခွန်းသည် အားဆေးတခွက်၊ အာမခံချက်တခု ဖြစ်ပါသည်” ဟူ၏။ ဤခံယူချက်သည် အဘယ့်ကြောင့် လူ့အဖွဲ့အစည်းတွင် ဖြစ်တည်လာသနည်း။ နိုင်ငံ၏ အရေးကို အားထုတ်ကြသော ပြည်သူတို့အား မတရားဖိနှိပ်သော၊ ဥပဒေမဲ့ ပြုကျင့်သော၊ စစ်တပ်၏ လက်စွမ်းကြောင့် ဤသို့အတွေးအမြင် ထွက်ပေါ်လာခြင်းဖြစ်ရာ မခံချင်ဘဲ ယူနေရသော လူထု၏ အခြေအနေ ဖြစ်ပေသည်။

လက်တွေ့အားဖြင့် ပြည်သူလူထုက နားလည်ထားသည်မှာ၊ ပုံဖော်နေကြသည်မှာ နိုင်ငံရေးဆိုသည်ထက် တရားမျှတရေး၊ လူ့အခွင့်အရေးရှိရေး စသော အခြေခံလို အပ်ချက်များဖြစ်သည်။ ထိုသို့ တရားမျှတရေးကို တောင်းဆိုရာ ဥပဒေမဲ့ အုပ်ချုပ်သူများက ထောင်တန်းချသည်၊ သတ်ဖြတ်သည်၊ နှိပ်စက်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းကြီး တခုလုံးက ဥပဒေမဲ့ ကျင့်သုံးသော စစ်တပ် အုပ်ချုပ်လျှင် ထောင်တန်းဆိုသည်မှာ ၎င်းတို့၏ ခြိမ်းခြောက်ရာ၊ ရက်စက်မှု သရုပ်ကိုဖော်ရာ နေရာကြီးဟု နားလည်လေသည်။ ထို့ကြောင့် တရားမျှတရေး၊ လူ့အခွင့်အရေး ရရှိရေး စသော လူသားတို့၏ ပဓာန လိုအပ်ချက်အတွက် လှုပ်ရှားမှုသည် ဤစစ်တပ်လက်ထက် မုချထောင်တန်းကျနိုင်သည့် လှုပ်ရှားမှုဟု နှလုံးသွင်းမိကြလေသည်။

ဤနှလုံးသွင်းမှုအတွက် ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းအပေါ် ရှုမြင်သုံးသပ်ထားသော အယ်ဒီတာ၏ အားဆေးသည် မည်သို့သော အဓိပ္ပာယ် ရှိပါသနည်း။ စစ်တပ်ကို မထောက်ခံသူသည် မရင့်ကျက်သူဟု ယူဆပြီး အားဆေး မပေးနိုင် ဖြစ်လေရာ ဗိုလ်ချုပ်မှူးကြီး၏ အားဆေးသည် ၎င်းတို့၏ အလိုကိုဖြည့်သော အဖွဲ့အစည်း မိတ်ဆွေများ အတွက်သာ အာဆေးဖြစ်ပြီး ၎င်း၏ ရန်သူအတွက် သို့မဟုတ် ဒီမိုကရေစီ တောင်းဆိုနေသော ပြည်သူလူထုအတွက်ဆိုလျှင်မူ အဆိပ်ပြင်းတခွက် ဖြစ်ပေလိမ့်မည်။

ထို့နောက် အယ်ဒီတာ့ အာဘော်၏ နောက်ဆုံးအပိုဒ်က ဤသို့ ရေးထား၏။

“မည်သို့ပင်ဖြစ်စေ နိုင်ငံအကြီးအကဲဖြစ်သူ၏ တပ်မတော်နေ့ မိန့်ခွန်းပါ လုပ်ငန်းလမ်းညွှန်များကို အာဏာပိုင် အဖွဲ့အစည်း အသီးသီးက လိုက်နာဆောင်ရွက်ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ပျောက်ဆုံးနေသော Trust ကို ပြန်လည်တည်ဆောက်၍ ဒီမိုကရေစီစနစ်ဆီသို့ လက်တွေ့ပို့ဆောင်ပေးသည့် လမ်းစတခု ဖြစ်ပါလိမ့်မည်” ။

ဤအယ်ဒီတာ့ အာဘော်ကို ကြည့်လျှင် မြန်မာပြည်တွင် လက်ရှိအမှန်တကယ် ပျောက်ဆုံးနေသည်မှာ ယုံကြည်မှုပင်ဖြစ်ကြောင်း တွေ့မိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ယနေ့ ကျနော့် တူနှစ်ယောက်၏ အနိုင်အတွက် ဘက်ရွေးချယ်မှုကိုလည်းကောင်း၊ အယ်ဒီတာ၏ အာဘော်သည်လည်းကောင်း၊ အဆီအငေါ် မတည့်မှုကြောင့် ဤဆောင်းပါးဖြစ်လာသည်။

ယခု ၂ဝ၁ဝ ရွေးကောက်ပွဲကို သည်သို့မြင်၏။ စစ်တပ်က နေရာအနှံ့ ကစားကွက် စီးထားသည်။ လုပ်ချင်ရာ လုပ်ခွင့်ရသည်။ ထို့ကြောင့် သူနိုင်မည်၊ NLD က ရှုံးမည့်ဘက်ကို ကြိုပြီး နေရာယူထားသည်၊ ရွေးချယ်ထားသည်။ ဘာအခွင့်အရေးမှ မရှိ။ သို့သော် သူ ရွေးချယ်ထားသည့်အတိုင်း ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူ ရွေးထားတာ မှန်သွားသည်။ ကျနော့်တူနှစ်ယောက်၏ လက်လှဲတမ်း ကစားပွဲအတိုင်း၊ ရွေးချယ်ထားသည့် ဘက်က မတူ။

ထို့ကြောင့်လည်း အနိုင်သည် နှစ်ယောက်လုံးအတွက် ဆိုင်၏။ ခွန်အားပိုကြီး၍ အနိုင်ရမည် သေချာသော တူအကြီး၏ အနိုင်ဘက် ရွေးချယ်မှုနှင့် ရှုံးမည့်ဘက်၊ လဲကျမည့်ဘက်ကို အနိုင်ဟု ရွေးချယ်ထားသော တူအငယ်တို့၏ အဖြေနှစ်ခုရှိသော ပုစ္ဆာတပုဒ်။

အနှစ်မပါသော၊ အမှန်တရားမဲ့သော၊ ဘက်မညီသော ယှဉ်ပြိုင်မှုတခု၏ အဆီအငေါ် မတည့်မှု။

ဤသည်ကို စစ်တပ်က ဒီမိုကရေစီ ရွေးကောက်ပွဲဟု အမည်လှလှ တပ်ထားသည်။

တိုင်းပြည်၏ အုပ်ချုပ်မှုအာဏာကို လက်နက်ဖြင့် မတရား သိမ်းပိုက်ထားသူများက တရားဝင် အုပ်ချုပ်ခွင့် ပါမစ်ကို ယဉ်ယဉ်ကျေးကျေး ခင်းကျင်းပြီး အပြစ်မဲ့သော၊ ကိုယ်ပိုင်ဆန္ဒ တစုံတရာမျှ ဖော်ပြခွင့် မရှိသော၊ ခြိမ်းခြောက်နှိပ်စက်ထားသော ပြည်သူလူထုကို တရားသည်၊ မျှတသည်ဟု မျက်စိမှိတ် လက်ခံပေးဖို့ မျက်နှာပြောင်တိုက် တောင်းဆိုနေသည်။ ထိုယဉ်ကျေးပျူငှာမှု၏ နောက်ကွယ်တွင် အတိုင်းအဆမဲ့သော ရက်စက်မှုက စောင့်နေသည်။

မည်သို့ပင်ဆိုဆို ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်က မျှော်မှန်းထားသလို ဖြစ်ပေါ်လာမှုသည် တဖက် အတိုက်အခံ အင်အားစု၏ ကြိုတင်တွက်ချက်ထားသော အလားအလာလည်း ဖြစ်ပေသည်။ စစ်တပ်၏ အောင်မြင်မှုသည် တိုင်းပြည်လူထု၏ မျှော်လင့်ချက်၊ ဆန္̔ဒတို့ကို ပြည့်ဝလာစေနိုင်မည် မဟုတ်မှန်းလည်း လူထုက သိပြီးသား ဖြစ်သောကြောင့် ဤအဖြေသည် ဒီမိုကရေစီတိုက်ပွဲ၏ အဆုံးအဖြတ် အဖြေမဟုတ်။ တိုက်ပွဲ၏ မဟာဗျူဟာမြောက် ပထမဆုံး ခြေလှမ်း သို့မဟုတ် တိုက်ပွဲခေါ်သံ ဖြစ်ပေလိမ့်မည်။

No comments: