Thursday, May 7, 2015

ကုလသမဂ္ဂ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးကော်မရှင်နှင့် ရခိုင်အရေးလှုပ်ရှားသူတို့ အမေရိကန်တွင် တွေ့ဆံ

နိရဉ္စရာ

အမေရိကန် နိုင်ငံတွင် အခြေချနေထိုင်သော ရခိုင်အရေး တက်ကြွ လူပ်ရှားသူများ အဖွဲ့ တစ်ဖွဲ့သည် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ရှိ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေး ကော်မရှင် (Special Rapporteur on the rights of indigenous peoples) မှ တာဝန်ရှိသူ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းတွေ့ဆုံမှုကို ဧပြီလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးတွင် ပြုလုပ်ခဲ့ကြောင်း တွေ့ဆုံပွဲတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ ခိုင်ဘခင်က ပြောကြားသည်။

“ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ တိုးရင်းသားလူမျိုးများအခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေး ကိုယ်စားလှယ် Ms. Victoria Tauli Corpuz က ဘာပြောသလဲဆိုရင် မြန်မာတိုင်းရင်းသားတွေက ဖိတ်ခေါ်လာမယ်ဆိုရင် သူ့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများသို့ ကိုယ်တိုင် သွားရောက် လေ့လာစစ်ဆေးလိုကြောင်း ပြောပါတယ်” ဟု ဆိုသည်။

Ms. Victoria Tauli Corpuz မှာ ယင်းအဖွဲ့၏ တာဝန်ရှိသူ Special Rapporteur ဖြစ်ကြောင်း သိရသည်။

ရခိုင်ကိုယ်စားလှယ် အဖွဲ့မှ အချက် လေးချက်ကို အဓိကထား တင်ပြဆွေးနွေးခဲ့သည်ဟု ခိုင်ဘခိုင်က ဆက်လက် ပြောဆိုသည်။

“ ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့ အချက် လေးချက်က ဘာတွေလဲဆိုတော့ နံပတ်တစ်က အာဏာ ခွဲဝေမှုနဲ့ သယံဇာတခွဲဝေပေးမှု မရှိခြင်းနဲ့ပတ်သက်ပြီး တင်ပြတယ်။ နံပတ် နှစ်က ရခိုင်တမျိုးသားလုံး ပညာရေးနိမ့်ကျမှုကို တင်ပြတယ်။ နံပတ်သုံက ဆင်းရဲမွဲတည်မှုကြောင့် ရခိုင်တွေ နေရပ်စွန့်ခွာမှု များလာတဲ့ အတွက် လူမျိုးရေး ဆိတ်သုန်းသွားနိုင်တဲ့ အခြေအနေတွေကို တင်ပြ ဆွေးနွေးတယ်။ နောက်ဆုံး နံပတ်လေးက ရခိုင်တမျိုးသားလုံး ဘ၀လုံခြုံမှု မရှိဘဲ ဖြစ်နေတယ်။ အထူးသဖြင့် အမျိုးသမီးနှင့် ခလေးသူငယ်များ ဘ၀လုံခြုံမှု ကင်းမဲ့နေတဲ့ အကြောင်းတွေကို တင်ပြ ဆွေးနွေး ခဲ့ပါတယ်” ဟု ပြောသည်။

ရခိုင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မနွယ်နွယ်ဦးမှလည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးတွေ နေထိုင်ရာ ဒေသများတွင် အမျိုးသမီးနှင့် ခလေးသူငယ်များ ဘ၀လုံခြုံမှု ကင်းမဲ့ နေကြ ရပုံများကို တင်ပြခဲ့ကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်မှ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရသော မသီတာထွေးနှင့် ကချင်ပြည်နယ်မှ ကျောင်းဆရာမလေး နှစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရသော ဖြစ်ရပ်များကို မီးမောင်းထိုး ခိုင်းနှိုင်း ထောက်ပြခဲ့ ပြောဆိုခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများအခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေး Ms. Victoria Tauli Corpuz က ရခိုင်ပြည်နယ်တွင် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့်တိုင်အောင် ရခိုင်တမျိုးသားလုံး ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေခြင်း၊ တန်းတူအခွင့်ရေး မရှိဘဲ ဖြစ်နေရသည့် အပေါ် ကြားသိရ၍ အထူးစိတ်မကောင်းကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ယင်းပြင် ရခိုင်တိုင်းရင်းသားများ အနေဖြင့် ရခိုင်လူမျိုး တည်တံ့ရေးအတွက် မိမိတို့ ၏ စာပေ သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိန်းကြရန် လိုအပ်ကြောင်းကိုလည်း သူမအနေဖြင့် တိုက်တွန်းပြောကြားခဲ့သည်ဟု ခိုင်ဘခင်က ပြောဆိုသည်။

No comments: