မမခင်
ဒီကနေ့ မမခင်ရဲ့ မွေးနေ့လေ။ ဘယ်နှစ်နှစ်ပြည့်တာလဲ မေးမလို့လား။ မမေးပါနဲ့၊ မမေးပါနဲ့ ဒီမေးခွန်းကို မမေးကြပါနဲ့။ မမခင်ရဲ့ဘဝမှာ အချည်းအနှီးဖြစ်ခဲ့ရတဲ့ အချိန်ပေါင်းများစွာကို ပြန်ပြောရရင် ရင်နာလွန်းလို့ပါ။ ဘဝတလျှောက်လုံးရဲ့ နှစ်တွေအကုန်လုံးလောက်က စစ်အာဏာရှင်လက်အောက်မှာ နေခဲ့ရတာမို့ အဲဒီလို ကုန်ဆုံးခဲ့ရတဲ့ နှစ်တွေကို မမခင်အမေမွေးခဲ့တဲ့ အသက်တွေထဲက နှုတ်လိုက်မှဖြင့် အဓိပ္ပါယ်ရှိတဲ့ အသက်အမှန်ကို ရမှာပါ။ အာဏာရှင် ဦးနေဝင်းကြီးစိုးခဲ့တဲ့ မဆလပါတီလက်အောက်က ၂၆ နှစ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူကို အာဏာလွှဲပေးဖို့ အချိန်ဆွဲထားတာက အနှစ် ၂၀။ နှစ်ခုပေါင်းရင် ၄၆ နှစ်။
အဲဒီလေးဆယ့်ခြောက်နှစ်ကို အမေမွေးတဲ့ အသက်ထဲက နှုတ်ရင် မမခင်ဟာ အခုမှ ပူတူတူလေးလောက်ပဲ ရှိဦးမှာရှင့်။
ပူတူတူလေး မမခင်က အချိန်....အချိန် အချိန်ဆိုတာကို သိပ်တန်ဖိုးထားတာ။ အချိန်ရဲ့တန်ဖိုးတွေ ဘာတွေ ငယ်ငယ်တုန်းက စာစီစာကုံးရေးသလို အသေးစိတ် ပြန်မရေးချင်ပါဘူး။ အချိန်တွေက ကုန်လွယ်လွန်းလို့လေ။ နအဖစစ်ဗိုလ်ချုပ်တွေကတော့ ပြည်သူကို အာဏာလွှဲပေးဖို့ အချိန်ဆွဲတာကို အလုပ်တခုလို လှည့်ပတ်လုပ်နေကြတာ။ အခုဆိုရင် ဘာလိုလိုနဲ့ မမခင်တောင် အရွယ်ကလေး ထောက်လို့လာပြီ၊ ဒီမိုကရေစီ ရနိုးရနိုး မျှော်ကိုးရင်း အချိန်တွေကုန်လာလိုက်တာ။ အင်း.... ဒီတခါ သပိတ်မှောက်ရင် လမ်းတောင်လျှောက်နိုင့်ပါ့မလား မသိတော့ပါဘူး။ သံဃာတော်များ မေတ္တာပွားတဲ့အထိတော့ ရန်ကုန်မြို့ရဲ့ လမ်းတလျှောက် ကြိုးစားပြီး လျှောက်နိုင်ခဲ့သေးပါတယ်။ မမခင်တယောက် ၁၉၇၄ ဦးသန့် အရေးအခင်းလောက်က ပထမနှစ်ကျောင်းသူဘဝမှာ သန်ပါ့၊ မြန်ပါ့။ အရေးအခင်းအစမှာ ရှေ့က ကိုကိုကျောင်းသားကြီးတွေ ဦးသန့်အလောင်း မ,သွားတာနောက် တကောက်ကောက် လိုက်ခဲ့တုန်းက မောမှန်းမသိ ပန်းရမှန်းမသိ။ “စံပါယ်ဖူးသစ် တဆယ့် ခြောက်နှစ်” အရွယ်ကိုးရှင့်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတုန်းကလဲ မမခင် အသက်မကြီးသေးပါဘူး။ ပြေးနိုင်တုန်း လွှားနိုင်တုန်း ချီတက်နိုင်တုန်းပါ။ ဆန္ဒပြပွဲဆိုတာ ဘယ်နှစ်ခေါက်ပါခဲ့သလဲ မမှတ်မိတော့ပါဘူး။ ဒီလို အရေးတော်ပုံမျိုးဆိုတာ တသက်မှာ တခါနှစ်ခါသာ ပါဝင်ဆင်နွှဲရတတ်တာမျိုးမို့ အို.... ပြောမနေနဲ့၊ ဘယ်နားက တရားပွဲဖြစ်ဖြစ် မမခင်ပါတယ်။ ချီတက်တယ်ဆိုတာ တနေ့ကို ဆယ်မိုင် ဆယ့်ငါးမိုင်၊ နေ့လုံးပေါက်၊ တခါတလေ ညလုံးပေါက်။ အာဏာရှင်စိတ်ပေါက်နေတဲ့ လူတွေကို “စိန်လွင် ခြောက်တန်း တစောက်ကန်း သောက်ရမ်း အုပ်ချုပ် တိုင်းပြည်ပြုတ်”၊ “ မဆလပါတီ အလိုမရှိ”၊ “စစ်အာဏာရှင် အလိုမရှိ”၊ “ဒီမိုကရေစီ ချက်ချင်ပေး”၊ “ရရင်ရ မရရင်ချ” တွေ လက်သီးလက်မောင်းတန်းပြီး အော်ခဲ့တာ မနေ့တနေ့ကလိုပါပဲ။
အဲဒီတုန်းက ပြည်သူလူထုရဲ့ ဒီမိုကရေစီ တောင်းဆိုသံဟာ မိုးထိအောင် ညံခဲ့ပါတယ်။ ဒါကြောင့်လဲ ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာ အာဏာသိမ်းတဲ့ ဗိုလ်စောမောင်က “ ပါတီတွေ ဖွဲ့ကြပါ။ ရွေးကောက်ပွဲ လုပ်ပေးမယ်” လို့ ဟုတ်သယောင်ပြောပြီး ၁၉၉၀ မေ (၂၇) ရက် ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီးလုပ်တော့ မမခင်တို့ပြည်သူတွေ ထောက်ခံတဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့တာပေါ့။
နိုင်တာမှ နိုင်တာမှ အပြတ်အသတ်။ ကတ်ကတ်သတ်သတ် ပွတ်ကာသီကာ နှာတဖျားအသာနဲ့ နိုင်တာမျိုးမဟုတ်ဘူး။ မဲပေးနိုင်သူဦးရေရဲ့ ၉၀% ကျော်နဲ့ နိုင်ခဲ့တာ။ ပြည်သူတွေဆိုတာ ပျော်ကြလွန်းလို့ ခုန်ပေါက်နေတာပဲ။ မမခင်မှတ်မိနေပါသေးတယ်၊ ပြည်သူထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး အနိုင်ရမြို့နယ်က ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်။ လွတ်တော်အမတ်က ဒေါ်စန်းစန်း။ မမခင်တို့ဆိုရင် VOA နဲ့ BBC က ကြေငြာပေးတဲ့ အနိုင်ရအမတ်စာရင်း နားထောင်ပြီး တခါနိုင်တိုင်း ရေဒီယိုကြီးကို ဖက်ဖက်ထားတာ။ အခါ ငါးရာလောက်ရှိမယ်။ ဟိုလေ အမတ်ဦးရေက ၃၈၅လား။ အင်း… သေသေချာချာမမှတ်မိပေမဲ့ မမခင် ရေဒီယိုကြီးကို ဖက်ထားမိတာက အခါငါးရာမကတော့ဘူး။ ဒီလိုဖြစ်တာ မမခင်တယောက်တည်း ဟုတ်မယ်မထင်ဘူး။ ပြည်သူအားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝမ်းမြောက်ခဲ့ကြမှာဘဲ။
မမခင်တို့ပြည်သူတွေ ၁၉၉၀ ရွေးကောက်ပွဲအတွက် ဘယ်လိုပင် ဝမ်းမြောက်ဝမ်းမြောက် စစ်အာဏာရှင်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗွေဖောက်တော့ ပြည်သူတွေ လမ်းတွေပျောက်ခဲ့ရတာပါပဲ။ ဗိုလ်စောမောင်ရဲ့ “ရွေးကောက်ပွဲပြီးရင် ဘားတိုက်ပြန်မှာပါ” ဆိုတဲ့ ကတိစကားဟာ ရွေးကောက်ပွဲ ပြီးတာနဲ့ ဘယ်ရောက်သွားတယ်မသိရတော့ဘူး။
ဗိုလ်စောမောင်တယောက် လူထုအပေါ် ကတိမတည်။ စစ်သားစကားပါဆိုတဲ့ အပြောအဟော၊ တီဗွီမှာ တခါပြောရင် (၇) နာရီကြာတယ်။ ဒီအပြောအဟောတွေဟာ နောက်ကွယ်က ကြိုးကိုင်ထားတဲ့ အာဏာရူး နေဝင်းရဲ့အောက်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ခဲ့တာ အားလုံးအသိပါပဲ။ သူ့စကား သူမတည်နိုင်တော့တဲ့ ဗိုလ်စောမောင် အရူးဖောက်တော့ ဆေးထိုးသတ်လိုက်တယ်ဆိုလား၊ ကောလဟာလစကားက အတည်ပြောတဲ့ ‘မြန်မာ့အသံ’စကားထက် မှန်တတ်ပါတယ်။ အဲဒီလို ဗိုလ်စောမောင် လူ့လောက,က ပျောက်သွားတော့ ဦးနေဝင်းက အာဏာရှင် နောက်တယောက်ကို အစားထိုးပြန်တယ်။ ဗိုလ်သန်းရွှေပေါ့။
ဗိုလ်သန်းရွှေလက်ထက်မှာကျတော့ ဦးနေဝင်းလဲ သူမွေးတဲ့မျောက် သူ့ပြန်ခြောက်။ အကျယ်ချုပ်ဘဝနဲ့ နိဂုံးချုပ်မှာတော့ သူ့အလောင်းမသာဟာ မြန်မာပြည်ထဲမှာ ထားစရာမြေမရှိရှာလို့ ပြာအတိလုပ်ပြီး သူ့သမီး စန္ဒာဝင်းက ရေမျှောချလိုက်ရတယ်လေ။ အာဏာရှင်ဆိုးဆိုတာ ဇာတ်သိမ်းမကောင်းတတ်ပါဘူး။ အဲဒီအထဲမှာ အာဏာရှင် ဦးနေဝင်းကို နောက်ကွယ်ကနေ အာဏာအသက်ဆက်ပေးနေတဲ့ ဒေါက်တာမောင်မောင်လည်း အပါအဝင်ပေါ့။ သူမှာက သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေ ရှိတယ်တဲ့။ ဦးနေဝင်းက မဆလဖွဲ့စည်းပုံတုန်းကလည်း သူ့ကိုပဲ ရေးခိုင်းခဲ့တာလေ။ ၁၉၈၈ အလွန်ကာလမှာလည်း ဖွဲ့စည်းပုံတခု လိုပြန်ပြီဆိုတော့ ဒေါက်တာမောင်မောင်ကို ရေးခိုင်းပြန်တယ်။ အဲဒီတခါတော့ မောင်မောင်က ငြင်းဖို့ကြိုးစားခဲ့တယ်။ ဒါကို ဦးနေဝင်းကို မကျေမနပ်ဖြစ်ပြီး သူ့ကို ဖိအားတွေပေးလို့ စိတ်တွေညစ်ပြီး သူ့ရောဂါနဲ့ လုံးဝမတည့်တာတွေကို စား၊ အစားအသောက်လည်းမရှောင်၊ ဆေးသောက်တာလည်း ရပ်ပစ်လိုက်တော့တာတဲ့။ မတည့်တာတွေစားတယ်ဆိုတာ အဆိပ်သောက်တာနဲ့ တူတူပဲပေါ့။ ဒီလိုနဲ့ ရောဂါအခြေအနေ ရုတ်တရက်ဆိုးရွားလာပြီး သေသွားတာတဲ့။
ပြည်သူကို မငဲ့ညှာရင် ဘယ်လို နိဂုံးချုပ်ရတယ်ဆိုတာ မသိရှာသေးတဲ့ ဗိုလ်သန်းရွှေ ဗိုလ်မောင်အေး အုပ်စုဟာ ပြည်သူကို ဆက်လက်ညာဖို့ ကြိုးစားနေကြပြန်ပြီလေ။ အလိုလေး … စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ လမ်းပြမြေပုံ (၇) ချက်တဲ့။ စည်းကမ်းဆိုတာ လူ့ယဉ်ကျေးမှုအစကတည်းက သူ့ဟာနဲ့သူ ရှိပြီးသားပါ။ လူဆိုတာ ဦးနှောက်နဲ့သတ္တဝါတွေပါ။ အကောင်းအဆိုး ခွဲတတ်ပါတယ်။ စည်းကမ်းဆိုတာ အကောင်းအဆိုးခွဲခြားတတ်တဲ့ ဦးနှောက်က လာတာပါ။ ဒါကို စစ်အာဏာရှင်တွေက ဒီမိုကရေစီဆိုတဲ့ စကားရှေ့မှာ စည်းကမ်းဆိုတဲ့ စကားလုံးပါထည့်ထားတယ်။ ဆိုလိုတာက ကျုပ်တို့ အာဏာအောက်သာ နေကြလို့ ပြောတာပါပဲ။ အဲလိုစကားအချပ်နဲ့ ဗိုလ်သန်းရွှေ အုပ်ချုပ်ပုံက ပိုလို့ အယုတ်တမာဆန်တာ အားလုံသိတော်မူကြတဲ့ အတိုင်းပါဘဲ။ တော်တော်လေးကို ရှင်းပါတယ်။ အများမှတ်သားစရာက ၂၀၀၃ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းခန်းလှည့်လည်ပွဲကို ပြည်သူတွေ တခဲတနက် ကြိုဆိုခဲ့ကြတာကို မနာလိုကဲပြီး လုပ်ကြံပွဲ ဒီပဲယင်းအရေးအခင်းပွဲကြီးပါပဲ။ ဘယ်လိုလုပ်ကြံတယ်ဆိုတာ အများသိပြီးသားမို့ မမခင်က အသေးစိတ် ပြန်မပြောတော့ပါဘူး။
အဲဒီတုန်းက အဖြစ်အပျက်ကြောင့် စစ်အစိုးရအပေါ် တကမ္ဘာလုံးက တော်တော်ကြီး စိတ်ပျက်သွားကြတာပါ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့် သုံးယောက်အတွဲမှာ အဓိက ကြံစည်တာ ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့ပါတနာ စက်မှု (၁) ဝန်ကြီး အောင်သောင်းပါတဲ့။ မကြံအပ် မစီအပ် သူတို့ရဲ့အကြံအစည် အစုတ်အပြတ်ကြောင့် တကမ္ဘာက တော်တော်ကြီး ကဲ့ရဲ့မဲ့ကိန်းရောက်တော့ အာဏာလေးရှိနေသေးတဲ့ မောင်ခင်ညွန့်ကလေးဟာ အာစီယံနိုင်ငံတွေဆီ အပြေးသွားပြီး အရှက်ပြေစကားလေးနဲ့ လေပြေထိုးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အောင်သွယ်ခိုင်းခဲ့တယ်။ အဲဒီမှာ ခင်ညွှန့်ရဲ့မိတ်ဆွေကြီး သက်ဆင်က စပြီးပြောခဲ့တာ။ မြန်မာပြည်ဒီမိုကရေစီရေး ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ “Rode Map” တခု ရှိရမယ်လို့။ အခု သူ့နိုင်ငံက ခွေးပြေးဝက်ပြေး ပြေးနေရတဲ့ သက်ဆင်ရဲ့ စကားဟာ နအဖအတွက် အသက်ရူပေါက်ရစရာ စကားပါပဲ။ သူတို့ဟာ သူတို့တော့ မြန်မာဗိုလ်ချုပ်တွေဟာ Road Map ဆိုတာလောက်ကို မပြောတတ်ပါဘူး။ ထိုထိုသော Road Map ဆို့တဲ့ သက်ဆင်ရဲ့စကားကို မြန်မာမှုပြုပြီး လမ်းပြမြေပုံ (၇) ချက်တွေ ဘာတွေ နအဖပါးစပ်က ထွက်လာတာပါ။ အခြေခံဥပဒေတခုကို ဗိုလ်ချုပ်အောင်ဆန်း အကြမ်းရေးတာ ၂ ရက်ခွဲသာ ကြာခဲ့တာကို နအဖစစ်အုပ်စုက ၁၄ နှစ်ကြာခဲ့တာ သိကြတယ်မို့လား။ အခု သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ပြည့်ဖို့ ဘယ်နှသက်လောက် လုပ်မလဲမသိဘူး။ ရွှေဝါရောင်တော်လှန်ရေးသာ ပေါ်မလာခဲ့ရင် ဆယ်သက်လောက်ကြာနိုင်တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့လို့ အရှက်နောက်တခါကွဲမှ ဒီမိုကရေစီအတွက် လုပ်နေပါတယ်ဖြစ်အောင် အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ခဲ့ပါသေးတယ်။
အခြေခံဥပဒေ ဆန္ဒခံယူပွဲဆိုတာကလဲ မမခင်တို့ဖြင့် အံ့သြမကုန်နိုင်ဖွယ်ဖြစ်ခဲ့ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လို့ ပြည်သူတွေ ငိုပွဲဆင်နေရချိန်မှာတောင် မအောင့်နိုင်၊ မအီးနိုင်၊ မစောင့်နိုင် ဇွတ်လုပ်သွားတယ်။ ပြည်သူမျက်ရည် ခြောက်ပါစေတော့လို့ သဘောမထားနိုင်ဘဲ မဲလိမ်၊ မဲခိုး၊ မဲမသမာတွေနဲ့ ကျေးလက်တောရွာတွေက လူတွေကို ဘောလ်ပင်နဲ့ ဖောင်တိန်မပေးဘဲ သူတို့လူနဲ့ သူတို့ အမှန်ခြစ်သွားတဲ့ ပွဲလေ။ တချို့ရပ်ကွက် မြို့နယ်တွေက မဲစာရင်းမှာ မဲပေးနိုင်သူဦီးရေက တသောင်း၊ ထောက်ခံမဲက တသောင်းခွဲ။ အဲလို ကွဲလွဲချက်တသီကြီးနဲ့ တကမ္ဘာလုံးအပေါ် ဖြီးသွားတဲ့ လိမ်ပွဲကြီးဆိုတာ သိကြပါတယ်။
သူတို့အဖို့ တော့ အရှက်ဆိုတာလည်း မရှိတော့ပါဘူး။ ကဗျာဆရာ ဦးတင်မိုးစကားကို ကိုးကားပြောရရင် အရှက်ကို အရေခွံခွာ တနေရာမှာ ချိတ်ဆွဲလိုက်ပြီ။ ဒီလိုပဲ ပြောရမလား။ အရှက်ကို အရေခွံခွာ ကြပ်ပြေးနေပြည်တော်မှာ ချိတ်ဆွဲထားပြီလို့ ပြောလိုက်တာ အမှန်ဆုံးထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် သူတို့ ဆက်အုပ်ချုပ်ဖို့ လမ်းပြမြေပုံ (၇) ချက်နဲ့ အသက်ဆက်ဖို့ လုပ်နေတာ ရယ်စရာပါပဲ။ ကမ္ဘာနိုင်ငံတကာမှာ စိန်ရွှေဝတ်တာ ဂုဏ်မဟုတ်တော့။ ပညာနဲ့အသက်မွေးမှ ဂုဏ်ရှိတဲ့ ခေတ်ကြီးမှာ မမြင်ဘူးလို့ မူးမြစ်ထင် ကိုယ့်သားသမီးကိုယ် စိန်ရွှေဆင်။ တိုးတက်နေတဲ့ နိုင်ငံတွေမှာ ကားသင်္ချိုင်းက ကားမသာတွေကို မြန်မာပြည်က ဗိုလ်ချုပ်တွေက မဟာ့မဟာအခွင့်အရေး ကားပါမစ်ဈေး။ နိုင်ငံတကာမှာ အိမ်ဖော်အလုပ်ပြုတ်တောင် ထည်လဲသုံးနိုင်တဲ့ လက်ကိုင်ဖုန်းပါမစ်ဈေး။ အဲလောက်အသိလေးနဲ့ စခန်းသွားနေတဲ့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲပုံကို ပြည်သူတကာက ရွှံရှာစက်ဆုတ်ကုန်ပြီ။
မမခင်က သူတို့ စစ်အုပ်ချုပ်ရေးခိုင်မြဲဖို့ ရည်ရွှယ်တဲ့ လမ်းပြမြေပုံ (၇)ချက်ထဲက အဓိကပစ်မှတ် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြည်သူတွေ ဘယ်လိုမြင်ကြသလဲလို့ ဟိုဟိုဒီဒီ လူမျိုးစုံ မေးကြည့်မိပါတယ်။ ကြားရတာ ပြောရမလား။ တကယ့်ကို ဟားရပါတယ်။ တက္ကစီဒရိုင်ဘာတယောက်က ပြောတယ်၊ “အမကြီးရာ … သူတို့လိမ်တာညာတာ ကျနော်တို့ အားလုံးသိတယ်၊ ကျနော့်ကားပေါ်မှာ ခရီးသည်ဆိုတာ ပြောချင်တာ ပြောကြတာဗျ။ ထင်ရာမြင်ရာပေါ့။ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းများပြောရင် ၁၉၉၀ ရွေးကောက်ပွဲ ရှုံးရဲ့သားနဲ့ အာဏာလွှဲမပေးတာကို စပြီးဆဲတော့တာပဲဗျို့” တဲ့ရှင်။
ရန်ကုန်မြို့က မိတ်ဆွေ ကုန်သည်အကြီးစားတယောက်က “ ဟေ့ မမခင် .. ဒီကောင်တွေ ဆက်အုပ်ချုပ်လို့ မဖြစ်ဘူး၊ နင်တို့သိတာထက် ငါက ပိုသိတယ်။ ညောင်နှစ်ပင်ညီလာခံကတဲက ငါက ဆဲချင်နေတာ။ အဲဒီမှာ ညီလာခံ ကိုယ်စားလှယ်တော်တော်များအကြောင်း ငါသိတယ်၊ သိသမျှ နင့်ကို မိန်းကလေးမို့လို့ အားနာတယ်၊ ဒါပေမဲ့ ပြောရမယ်၊ ဟိုတယ်ကောင်းကောင်းက ပြည့်တန်ဆာခေါင်းတွေဟ” တဲ့ရှင်။
ဟော … နောက်တယောက်ပြောပြန်ပါပြီ။ သူက စစ်တပ်ကပါ မြစ်ဝကျွန်းပေါ်က အရာခံဗိုလ်ကြီးပါ။ လုပ်သက် နှစ် (၃၀) ကျော်။ စစ်တပ်အကြောင်း နောကျေသူပါ။ သူက “ မမခင် ကျနော်မပြောချင်ဘူးဗျာ၊ ဒါပေမဲ့ဗျာ ရင်ထဲမှာ စိတ်ချမ်းမသာလို့ ပြောရမှာပါ၊ ကျနော်လဲ စစ်တပ်က၊ ဒါပေမဲ့ နာဂစ်မုန်တိုင်းဖြစ်တုန်းက ဗိုလ်ချုပ်တွေလုပ်ပုံ ငတ်ပြတ်နေတဲ့ ပြည်သူကို ထမင်းတလုပ်ကျွေးဖို့ စစ်တပ်ထဲမှာ အစည်းအဝေးလုပ်တာ တလလောက်ကြာတယ်၊ သဒ္ဒါတရားတော်တော်နည်းတဲ့ လူတွေ၊ စစ်တပ်မှာလဲ အောက်ခြေက မွဲနေတာပါ၊ ကျနော်တို့ကတော့ စစ်တပ်ဟာ စစ်တပ်ထဲမှာပဲနေပြီး တိုင်းပြည်ပိုကောင်းအောင် လုပ်နိုင်သူလက်ထဲ လွှဲပေးတာ အကောင်းဆုံးလို့ မြင်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ အာဏာရှင်ဗိုလ်ချုပ်တွေပဲ ဆက်လုပ်ဦးမှာမို့ ကျနော်တို့ကတော့ မထောက်ခံဘူးတဲ့”။ ကဲ … ဘယ်နှယ့်ရှိစ။
အဲလို ပြောကြဆိုကြတဲ့အထဲမှာ မမခင်သဘောအကျဆုံးက ရပ်ကွက်ထဲက အကြော်သည် ဒေါ်မယ်မရဲ့ စကားပါပဲ။ အတန်းပညာမတတ်ပေမဲ့ ရုပ်ရှင်တို့ ဇါတ်ပွဲတို့ အမြဲကြည့်ပြီး မှတ်သားထားတာတွေလည်း များ၊ ပြည်ပသတင်းဌာနတွေလဲ အမြဲနားထောင်သူမို့ အာပလာ ဗာလချာတော့ မဟုတ်ဘူး။ သူသိတာတော့ ကောင်းကောင်းပြောတတ်သူပါ။ သူ့ကို မမခင်က “ အဒေါ် ၂၀၁၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အဖွဲ့ကို မဲထည့်ဖို့ မျှော်နေသလား” လို့ မေးကြည့်လိုက်တာပါ။ ဒီတော့ သူက “အမယ်လေးတော် တူမကြီးမို့ မေးရက်ပေတယ်၊ တူမကြီး ကြားဖူးတယ်မဟုတ်လား၊ ‘မြန်မာ့သဘင် စင်မြင့်ပေါ် တင့်တင့်တယ်တယ် ထည်ဝါလှသနော်၊ ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်က မျှော် တိုင်းပြည်က မျှော်’ ဆိုတဲ့ သီချင်းလေ၊ ရုပ်ကလဲချော၊ အဆိုကောင်း၊ အကကောင်း၊ အပြောကောင်းမို့ တိုင်းပြည်က မျှော်တာပေါ့၊ တိုင်းပြည်ကို မွဲသထက်မွဲအောင် စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်မဲ့ အလုပ်ကို တိုင်းပြည်က မမျှော်၊ မမျှော်၊ ငါတတ်သမျှ အဆဲမျိုးစုံနဲ့ ဟောဒီလို အော် အော်ပြီး ကလော်ဆဲချင်ပါသေးသတဲ့တော်” တဲ့။
No comments:
Post a Comment