အောင်ထက် / မတ်လ(၁၃) ရက်၊ ၂၀၀၉
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ လမ်းအချို့အား ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး အသင်းမှ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းကို မတ် (၇) ရက်နေ့ က တည်းက စတင် ခဲ့သော်လည်း မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်ခိုင်ဖြိုး အသင်းမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ် ဘို့အတွက် ကြိုတင်ပြင်ဆင်ခြင်း သာဖြစ်သည်ဟု စုံစမ်း သိရသည်။
ရန်ကုန်မြို့တော်ဝန်အဖြစ် ဗိုလ်မှူးချုပ် အောင်သိန်းလင်း တာဝန်ယူခဲ့ချိန် (၇) နှစ် (၈) နှစ် ကာလအတွင်း တောင်ဥက္ကလာပမြို့နယ်တွင်း (၆) ရပ်ကွက်၊ အင်းဝလမ်းနှင့် မိဂသီ (၂၂) လမ်း၊ (၂၁) လမ်း (အထက်) လမ်းများအား ပြည်ခိုင်ဖြိုး၏ ပံ့ပိုးမှုဖြင့် စတင်လမ်း ခင်းပေးခြင်း ဖြစ်ကြောင်း၊ မြို့နယ်တွင်း ရပ်ကွက် အသီးသီးမှ လမ်းသွယ်အားလုံးတို့သည် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းများသာဖြစ်ကြောင်း သိရသည်။
ပေ (၁,၀၀၀) ကျော် ရှိမည့် အဆိုပါ လမ်းခင်းရာတွင် လမ်းခင်းကျောက် (၄၁) ကျင်းနှင့် အရပ်ရပ် ကုန်ကျငွေ သိန်း (၁၂၀) ခန့် မှန်းထားပြီး မတ်လ ကုန်အပြီး လမ်းခင်းပေး မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုး၏ ထောက်ပံ့ငွေနှင့် မြို့နယ်စည်ပင်မှ တာဝန်ယူမည်ဖြစ်ပြီး ကတ္တရာလမ်း မခင်းမီ အုတ်စီရေဆိုး မြောင်းများ ဦးစွာဆောက်လုပ်ရန် မြို့တော်ဝန်မှ ကွင်းဆင်း စစ်ဆေးစဉ် ညွှန်ကြားခဲ့ကြောင်း သိရသည်။
အုတ်စီရေဆိုးမြောင်းများ ဖောက်လုပ်ရန် အိမ်ရှေ့မျက်နှာစာ အကျယ် (၁) ပေကို (၃,၃၀၀) ကျပ်နှုန်းဖြင့် ပေ (၂၀) အိမ် (၆၆,၀၀၀) ကျပ်၊ ပေ (၃၀) အိမ် (၉၉,၀၀၀) ကျပ်၊ ပေ (၄၀) အိမ် (၁၃၂,၀၀၀) ကျပ် လမ်းသားများ ထည့်ဝင်ကြရကြောင်း၊ မိသားစု အတော် များများသည် ချေးငှားပေါင်နှံ၍ အဆိုပါ အုတ်ရေမြောင်းတန်ဖိုးကို ထည့်ဝင်နေကြကြောင်း၊ မထည့်ဝင်နိုင်သော သူများ၏ အိမ်ရှေ့များ ကိုမူ ၀ါးကပ်များဖြင့်သာ မြောင်းဘောင်လုပ်ပေး မှာဖြစ်ကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီတဦးက ပြောသည်။
၁၉၈၈ ခုနှစ် တပ်မတော်မှ နိုင်ငံတော်ကို တာဝန်ယူချိန် မြို့တော်ဝန် ဦးကိုလေးလက်ထက် (၁၀ နှစ်ကျော်) နှင့် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း လက်ထက် (၈ နှစ်ခန့်) အတွင်း တောင်ဥက္ကလာပမြို့နယ်တွင် သည်တကြိမ် တာဝန်ယူ ခင်းပေးခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်း (၂၀) ကျော် ပြည်သူ့အကျိုး အတွက် ဘာတခုမှ လုပ်ပေးခြင်း မျိုးမရှိကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၏ အနိမ့်ပိုင်း နေရာများ ဖြစ်သော ရဲစခန်းရှေ့၊ မြို့နယ် မီးသတ်ရှေ့၊ (၆-၉-၁၀) ရပ်ကွက်၊ မြို့နယ် မ၀တရုံးရှေ့တို့တွင် မိုးတွင်းကာလ အစဉ်အမြဲ ရေကြီးနေမှုကို မည်သို့မျှ တာဝန်ယူ လမ်းခင်း ပေးခဲ့ခြင်း မရှိဖူးကြောင်း၊ ရွေးကောက်ပွဲဝင်မည့် ပါတီတို့သည် နယ်မြို့၊ ကျေးလက်ဒေသများ အထိ မဲဆွယ် စည်းရုံး စဉ် ယခုလိုကာလ ကျမှ ပြည်ခိုင်ဖြိုးမှ အစီအစဉ်တကျ လမ်းခင်းပေးခြင်း သည် သိသာထင်ရှား သော မဲဆွယ်စည်းရုံးမှု သာဖြစ်ကြောင်း နိုင်ငံရေး အကဲဖြတ် တဦးကသုံးသပ်သည်။
အထက်ပါ လမ်းခင်းမည့် အစီအစဉ်သည် ဣစ္ဆိတံ ဓမ္မာရုံလူကြီး ဗိုလ်ကြီးသောင်ထွန်း (ဆေးတပ်) (ငြိမ်း) မှ ဇန်န၀ါရီလအတွင်းက ဓမ္မာရုံအသင်းပိုင် ငွေ (၅) သောင်းအား ဖြိုးစေတနာဆေးခန်းသို့ လှူဒါန်းခြင်းမှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း၊ အသင်းပိုင်ငွေကို မည်သူ့မျှ မတိုင်ပင်ဘဲ သူ့သဘောနှင့်သူ လှူဒါန်းလိုက်ခြင်းအား အသင်းမှ မကျေမနပ်ဖြစ်ကာ အမှုဆောင် အချင်းချင်း စိတ်ဝင်းကွဲခဲ့ကြောင်း ဓမ္မာရုံလူကြီးတဦးမှ ပြောကြားသည်။ နယ်မြို့များ၌ ကွင်းဆင်းမဲဆွယ်မှု ပြုနိုင်သော်လည်း ရန်ကုန်၊ မန္တလေး ကဲသို့ အချက်အချာ မြို့ကြီးများတွင် လမ်းခင်းခြင်း၊ အခမဲ့ဆေးခန်း၊ အခမဲ့ နာရေးကူညီမှုတို့ဖြင့်သာ စည်းရုံးနိုင်ကြောင်း သိရသည်။
No comments:
Post a Comment