Thursday, March 12, 2009

တိုင်းမှူး မတည်ငွေ ထည့်သည်ဆိုသော မူလတန်းကျောင်းသစ် ဆောက်ရန် ဒေသခံများထံ ပိုက်ဆံ ထပ်ကောက်

သျှမ်းသံတော်ဆင့် ကြာသပတေးနေ့၊ 12 မတ်လ 2009

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ မူလတန်း ကျောင်းသစ်တကျောင်း ဆောက်လုပ်ဖို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးက မ တည်ငွေကျပ် ၁ သန်း ထည့်သည်ဟု ဆိုသော်လည်း မိုင်းယန်း မယက ဥက္ကဌ နှင့်ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းအား ဒေသခံ များထံ ပိုက်ဆံနှင့် ဆောက်လုပ်ရေး ပစ္စည်းများ ထပ်မံ ဆင့်ဆိုကောက်ခံခိုင်း သည်ဟု သျှမ်းပြည် အရှေ့ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။


ယခုလ ၃ ရက်နေ့က ထိုသို့ဆင့်ခေါ်ခြင်းဖြစ်ပြီး အဆိုပါကျောင်းသစ်ကို မိုင်းယန်းမြို့နယ် ဈေးတန်းရပ်ကွက်၌ ဆောက် လုပ်မည်ဖြစ်၏။

“တအိမ်ထောင်ကို တရုပ်ငွေ ၁၅ ယွမ် ကောက်တယ်။ ၆ ဘီး ကုန်ကား တစီး ဘိလပ်မြေ ၁၀ အိပ်၊ထော်လာဂျီ အကြီးစား တစီး ၅ အိပ် ၀ယ်ပေး ရတယ်။ ထော်လာဂျီ အသေးစား တွေတော့ အုတ်၊ သဲ၊ ကျောက်တွေ တင်ပေး ရတယ်။ လုပ်အား ပေးပေါ့ ” ဟု ဈေးတန်း ရပ်ကွက်နေ အသက် ၃၀ ကျော်အိမ်ထောင်သည် အမျိုးသား တစ်ဦးက ပြောပြသည်။

မိုင်းယန်းမြို့တွင်း ၆ ဘီး ကုန်တင်ကား ၁၆ စီး ၊ ထော်လာဂျီအကြီး အစီး ၅၀ ကျော် နှင့် ထော်ဂျီသေး အများအပြားရှိကြောင်း၊ တိုင်းမှူးက ကျောင်းသစ်ဆောက်လုပ်ရန် မ တည်ငွေ ထည့်ပေးသည်ဟုဆိုသော်လည်း မိုင်းယန်း ဒေသခံ အိမ်ခြေ ၆၇၀ ကျော်ထံမှ ယွမ်ငွေ ၁၀,၀၀၀ ကျော်ထပ်မံ ကောက်ယူရရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ဈေးသည် အမျိုးသမီး တစ်ယောက်ကလည်း “တြိဂံတိုင်းမှူးက မတည်ငွေထည့်ပေး တယ်လို့သာပြောတာ။ မြို့ခံတွေဆီ ကဘဲ ကောက်တာ ယွမ် ၁ သောင်း ကျော်နေပြီ။ တိုင်းမှူးက ပြည်သူကို ကူတာလား၊ ပြည်သူက တိုင်းမှူးကို ကူတာလား တော့ မသိဘူးဆိုပြီး ဈေးသူဈေးသား တွေဟာသ လုပ်ပြော နေကြတယ်။ အခု တပတ်အတွင်း ဆင့်ဆိုထားတဲ့ ဘိလပ်မြေ တွေ ပိုက်ဆံ တွေအပြီး ကောက်ပြီး မိုင်းယန်းမြို့နယ် ဥက္ကဌ ဦးရဲလင်းအောင်ဆီမှာ သွားအပ်ထားပြီ။ တြိဂံ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုး နေပြည်တော် ၄ လ ပတ် အစည်းအ ဝေးကပြန်လာမှ မူလတန်း ကျောင်းသစ်အုတ်မြစ်ချ မယ်လို့ပြောတယ်” ဟု ပြော၏။

ယနေ့ မိုင်းယန်းမြို့တွင် ဘိလပ်မြေ တအိပ်ရောင်းဈေး တရုပ်ငွေ ၃၅ ယွမ်ရှိကြောင်း၊ ဗမာငွေ လဲလှယ်နှုန်းမှာ ၁ ယွမ် လျှင် ကျပ် ၁၅၀ ခန့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။


No comments: