Wednesday, March 18, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ- အပိုင်း(၈)

ဗိုလ်ထက်မင်း

ဒီအပိုင်း မှာတော့ ဘိန်းဘုရင် ခွန်ဆာ အနေနဲ့ လက်နက်ချဖို့ ဆက်သွယ်ကြိုးပမ်း ခဲ့ရာမှာ စစ်အာဏာရှင် တွေက ခွန်ဆာရဲ့အမျိုးကို ဓားစာခံ ထားပြီး ဆောင်ရွက်ခဲ့ပုံ၊ တပ်မမှူး တဦးနဲ့ ကကလှမ်းတို့ အဆင်မပြေ ဖြစ်ခဲ့ကြပုံ တွေနဲ့ စစ်အာဏာရှင် တွေအနေနဲ့ ကတိ ပျက်ခဲ့ပုံ တွေကို ဆက်လက်တင်ပြ သွားပါမယ်။

MTA တပ်ဖွဲ့ ၀င်တွေဟာ UWSA တပ်တွေရဲ့  ဖိအားပေး တိုက်ခိုက်မှု တွေနဲ့ န၀တ တပ်ရဲ့  ဓာတုဗေဒ ဗုံးများ သုံးပြီး တိုက်ခိုက်ခဲ့မှု တွေကြောင့် စိတ်ဓာတ်ရေးရာ ကျဆင်း နေချိန်မှာ ခွန်ဆာထံမှ တပ်မှူးဖြစ်သူ ရှမ်းလူမျိုး ကန်ရွက် ဦးစီး အင်အား (၄,၀၀၀) ခန့်ကို ကက လှမ်းက သွေးခွဲစည်းရုံး နိုင်တဲ့အတွက် ခွန်ဆာဟာ အတော်လေးကို စိတ်ညစ် သွားခဲ့ပါတယ်။

အဲဒီ နောက် ခွန်ဆာရဲ့  ကိုယ်စားလှယ် တာချီလိတ်မြို့ခံ ဦးအောင်လှက ထောက်လှမ်းရေး တပ်ကို ဆက်သွယ်ပြီး ခွန်ဆာ အနေနဲ့ လက်နက်ချ မယ်ဆိုတဲ့ အကြောင်း သတင်းပို့လာ တဲ့အတွက် စစ်အာဏာ ရှင်တွေဟာ တအံ့တသြ ဖြစ်ကာ မယုံတ၀က် ယုံတ၀က် ဖြစ်နေခဲ့ ပါတယ်။ ဒါကြောင့် ခွန်ဆာနဲ့ MTA စစ်ဦး စီးချုပ် ကျန်စုရှင်တို့ဟာ လက်နက်ချဖို့ ဟုတ်မှန်ကြောင်း၊ ဗွီဒီယို ရိုက်ခဲ့ပြီး အခွေကို ထပ်၍ ပေးပို့ပြန်ရာ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့ ကြည့်ရှုကြပါတယ်။

ဗိုလ်ခင်ညွန့်က ခွန်ဆာကိုယုံပြီး ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ကတော့ ခွန်ဆာ ဉာဏ်များနိုင်ကြောင်းနဲ့ သတိထားလုပ်ဖို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ပြန်လည် ဓားစာခံလုပ်တဲ့အနေနဲ့ ခွန်ဆာရဲ့  ဦးလေး ဦးခွန်ရှန်၊ စစ်ဦးစီးချုပ် ကျန်စုရှင်ရဲ့  P.A Col. ကျော်မြင့်၊ ခွန်ဆာရဲ့  ဆက်သွယ်ရေး စက်ဆွယ်တပ်ဖွဲ့၊ အားလုံးပေါင်း
(၁၀) ဦးကို ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးတပ်ထဲမှာ ခေါ်ယူထားလိုက်ပါတယ်။ ခွန်ဆာအနေနဲ့ ရုတ်ရုတ် ရုတ်ရုတ် လုပ်မယ်ဆိုရင် ဓားစာခံတွေကို သတ်ပစ်မယ့်သဘော ဖြစ်ပါတယ်။ ဒါ့အပြင် ခွန်ဆာရဲ့ ဆက်သွယ်ရေး စက်ဆွယ်ဟာလည်း ကကကြည်းတပ်တွေနဲ့ ခွန်ဆာတပ်တွေအကြားမှာ လိုအပ်ရင် စက်မှတဆင့် ဆက်သွယ်မှု ကွန်ရက်အခြေအနေ ထိန်းညှိပေးလို့ရအောင် ထိန်းချုပ်ခေါ်ယူထားတာ ဖြစ်ပါတယ်။

ကကလှမ်းက ဒု-ဗိုလ်မှူးကြီး စန်းပွင့်နဲ့ ဗိုလ်မှူး ဉာဏ်လင်းတို့ဟာ အရပ်ဝတ်နဲ့ ဟိုမိန်း ဌာနချုပ်ထိ သွားရောက်ကာ ခွန်ဆာနှင့် အသေးစိတ် ဆွေးနွေးလျက် ရှိနေပါတယ်။ ဒီနေရာမှာ တပ်မ (၅၅) တပ်မမှူး တာဝန်ကို ခေတ္တယူထားတဲ့ ဒု-တပ်မမှူး ဗိုလ်မှူးကြီး မိုးဟိန်း (ယခု နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးမှ ပြုတ်သွားသူ ဗိုလ်ချုပ်မိုးဟိန်း) နဲ့ ကကလှမ်းမှ ဒု-ဗိုလ်မှူးကြီး စန်းပွင့်တို့ဟာတဦးနှင့် တဦး အမြင်မကြည်လင်မှုတွေ ဖြစ်လာခဲ့ ကြပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေအနက် အဓိကကိစ္စကတော့ ကကလှမ်းနဲ့ ခွန်ဆာတို့ရဲ့  ဆွေးနွေးပွဲကို လျှို့ဝှက်လုံခြုံရေးအရ အပြန်အလှန် ဆက်သွယ်နေမှုအား မည်သူမျှ အသိမပေးရလို့ ကကကြည်းက မှာလိုက်တဲ့အတွက် ခွန်ဆာနဲ့ ကိုစန်းပွင့်တို့ လုံးထွေးနေကြရာ ဗိုလ်မိုးဟိန်းက သူဘာမှမသိရတာကြောင့် မနာလို မရှုစိမ့်ဖြစ်ကာ သူ့ကို လူရာမသွင်းရကောင်းလားဆိုပြီး မကျေနပ်ခြင်းဖြစ်ပါတယ်။

ဆက်လက်တင်ပြရရင် အောက်ခြေဖြစ်တဲ့ ခွန်ဆာတပ်တွေအနေနဲ့ ထင်မှတ်နေကြတာက KIA နဲ့ “၀” တွေလိုပဲ အကြွင်းမဲ့ လက်နက်ချဖို့ မဟုတ်ဘဲ လက်နက်ပြန်ပြီး ကိုင်ခွင့်ရကာ ငြိမ်းချမ်းရေးရယူမယ့် သဘောလို့ ထင်နေခဲ့ကြ ပါတယ်။ လက်နက်ချတဲ့ကိစ္စကို ခွန်ဆာနဲ့ ကျန်စုရှင်တို့ တရုတ်လူမျိုး ခေါင်းဆောင်ပိုင်းတချို့ သာ သိနေကြပြီး တပ်မဟာမှူးနဲ့ တပ်ရင်းမှူး တချို့ ကိုတော့ အရိပ်အမြွက်လောက်ပဲ ပြောထားခဲ့ပါတယ်။ အင်အားကြီးပြီး နယ်မြေကျယ်ဝန်းကာ အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာမို့ မရိပ်မိစေရန် ကကလှမ်းမှ အရာရှိတွေကို အရပ်ဝတ်နဲ့သာ သွားခိုင်းရပြီး သတိထားကာ ကိုင်တွယ်ဆက်ဆံရတာကြောင့် ကကကြည်းကလည်း အလုံးစုံ မပြောခိုင်းခြင်း ဖြစ်ပါတယ်။ ဒါတောင်မှ ဗိုလ်မှူးကြီး ရွယ်ဆစ်ဟာ စစ်အာဏာရှင်တွေရဲ့  မလိမ့်တပတ်လုပ်နေတာကို ရိပ်မိပြီး တောထဲကို ပြန်ဝင်သွားတာရယ်၊ MTA တပ်မဟာ (၈) လက်နက်ချမယ်လုပ်ပြီးမှ စစ်တပ်က တပ်ရင်းမှူး ဗိုလ်ခင်ကြူးက ရွာကိုသွားပြီး မီးရှို့တာရယ်ကြောင့် အင်အား (၆၀၀) ခန့်ဟာ ဗိုလ်မှူးကြီး ရွယ်ဆစ်ထံ လက်နက်မချဘဲ သွားရောက် ပူးပေါင်းခဲ့ကြတာမျိုးတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

န၀တဟာ တဖက်မှာလည်း ညှိနှိုင်းနေပြီး လက်နက်ချတဲ့ အစီအစဉ် မစခင်အချိန်အထိ မိမိတပ်များကို ဟိုမိန်း ဌာနချုပ်ရှေ့ သို့ တဖြည်းဖြည်းတိုးလာကာ ခွန်ဆာ ဖောက်ပြန်ပါက “ချ” ရန်၊ တနည်းအားဖြင့် ခွန်ဆာရဲ့  ခြေလှမ်းကို ကကလှမ်းအဖွဲ့က အနီးကပ်စောင့်ကြည့်ပြီး ခြေလှမ်းမှားတာနဲ့ မိမိတပ်တွေက အားကုန်တိုက်ခိုက်ရန် ပြင်ဆင်ထား ခဲ့ပါတယ်။ ကိုစန်းပွင့်နဲ့ ခွန်ဆာတို့ ဆွေးနွေးချက်များအရ ခွန်ဆာက ယခင် “၀” နှင့် KIA လိုမျိုး အပစ်ရပ်အဖွဲ့တွေရဲ့ အဆင့်အတန်းမျိုး သူတို့ကို တန်းတူပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံတကာက ထောက်ပြနိုင်တဲ့အတွက် အကြွင်းမဲ့ လက်နက်ချမှရမယ်လို့ ထိပ်ပိုင်းက ပြောခိုင်းကြောင်းကို စန်းပွင့်က ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါဆိုရင် ခွန်ဆာက မိမိနဲ့ လက်အောက်ငယ်သား အဖွဲ့သားတွေကို ယခင်က ကျူးလွန်ခဲ့တဲ့ ဘိန်းကိစ္စအပါအ၀င် တခြားပြစ်မှုတွေကို အရေးမယူဘဲ ခွင့်လွှတ်ပေးဖို့နဲ့ အဖွဲ့ရဲ့ ရပ်တည်ရေး၊ စားဝတ်နေရေး စတာတွေကို စီမံပေးဖို့ တောင်းဆိုရာ စစ်အာဏာရှင်တွေက ကတိပြုကာ လိုက်လျောပေးမယ်လို့ သဘောတူညီချက်ရပြီး အ၀င်ချောသွား ခဲ့ပါတယ်။ လက်နက်ချပွဲ အခမ်းအနား စတင်လုပ်ရာမှာ ဟိုမိန်းဌာနချုပ်ကြီးရဲ့  တောင်ကုန်းတွေပေါ်မှာ တင်ထားတဲ့ MTA တပ်တွေနဲ့ လက်နက်ကြီးတွေကို စစ်ရေးပြကွင်းထဲသို့ ဆွဲချပြီး စစ်ရေးပြလုပ်မယ်ဆိုကာ ခွန်ဆာက သူ့လက်အောက်ကို အမိန့်ပေးပါတယ်။ အဲဒီနောက် “မင်းတို့ရဲ့  သေနတ်တွေကို သေနတ်စင်တွေမှာ လာထားပါ ” လို့ အမိန့်ထပ်ပေးလိုက်ပါတယ်။

ထူးခြားတာက အဲဒီလက်နက်ချတဲ့ အခမ်းအနားကို စစ်အာဏာရှင်တွေရဲ့ သတင်းနှင့် ရုပ်မြင်သံကြားတွေမှာ မထုတ်လွှင့်ဘဲ လျှို့ ဝှက်ထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သတင်းလွှင့်လိုက်ရင် MTA အင်အား (၁၅,၀၀၀) ကျော်ရှိပြီး ထုထည်ကြီးမားနေလို့ နယ်မြေလည်း ကျယ်နေတာမို့ အခြား စစ်မျက်နှာတွေမှာ ရင်ဆိုင်နေတဲ့ စစ်တပ်က စစ်ကြောင်းတွေအနေနဲ့ နားလည်မှု လွှဲမှားသွားနိုင်ကာ စစ်တပ်က ပေါ့ဆလာချိန်မှာ MTA လက်အောက်ခံတပ်တွေက ရိပ်မိသွားပြီး “ထ” ချကုန်မှာကို စစ်အာဏာရှင်တွေအနေနဲ့ စိုးရိမ်နေတာကြောင့် ဖြစ်ပါတယ်။

အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ထွဋ်နဲ့ ခွန်ဆာတို့ ဒုတိယအကြိမ် လက်နက်ချပွဲလုပ်ကာမှ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေရာမှာ ဟိုမိန်းဌာနချုပ်ကို ၀င်ရောက်သိမ်းပိုက်တဲ့ တပ်မ (၅၅) ရဲ့ ခေတ္တတပ်မမှူး ဗိုလ်မိုးဟိန်းဟာ ကကလှမ်း အဖွဲ့နဲ့ အဆင်မပြေမှု ကြီးထွားလာကာ သူလုပ်ချင်ရာလုပ်ပါတော့တယ်။ ဟိုမိန်းဌာနချုပ်မှာရှိတဲ့ အဆောက်အအုံများက အမိုးသွပ်များပါ မကျန်အောင်ခွာပြီး သစ်များ အပါအ၀င် ပစ္စည်းမျိုးစုံကို စစ်ယာဉ်တန်းများနဲ့ နောက်တန်းသို့ သယ်ယူကာ သူ့ရဲ့  အိမ်ဆောက်လုပ်ဖို့ ကိုယ်ကျိုးအတွက် အသုံးချပါတော့တယ်။ လက်နက်ချတဲ့ ရှမ်းတွေရဲ့  ရင်ထဲက စစ်ရှုံးသူရဲ့  ဝေဒနာကို ခန့်မှန်းကြည့်နိုင်သလို ဗိုလ်မိုးဟိန်းလုပ်ပုံက ရုပ်ပျက်ဆင်းပျက်နဲ့ စစ်တပ်ရဲ့  သိက္ခာဟာလည်း ကျပြီးရင်း ကျနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗိုလ်မိုးဟိန်းရဲ့  အဆမတန်လောဘကြီးကာ ပစ္စည်းစုံကို ကိုယ်ကျိုးအတွက်ထပ်မံသယ်ယူလာမှုအပေါ် ကကလှမ်းရဲ့ အစီရင်ခံစာကြောင့် ဗိုလ်မိုးဟိန်းဟာ တပ်မမှူးမဖြစ်လိုက်တော့ဘဲ ဒု-ချုပ် ဗိုလ်မောင်အေးက သူ့အား တိုက်ခိုက်ရေး ကျောင်းအုပ်ကြီးအဖြစ် ချောင်ထိုးပစ်လိုက်ပါတော့တယ်။ ဒါတောင် သူဟာ ဗိုလ်မောင်အေးရဲ့  တပည့်အရင်းမို့ ခံသာခဲ့တာ ဖြစ်ပါတယ်။

ခွန်ဆာကို စစ်အာဏာရှင်တွေက ပေးထားတဲ့ ကတိဖျောက်ဖျက်ပုံကတော့ MTA တပ်ဖွဲ့ဝင်တွေရဲ့  စားဝတ်နေရေး ရပ်တည်ရေးကို တာဝန်ယူဖို့ နေနေသာသာ နေအိမ်နဲ့ မိဘ လိပ်စာရှိတဲ့ တချို့တပ်ဖွဲ့ဝင်တွေကို တဦးလျှင် ကျပ် (၂,၀၀၀) သာ ပေးပြီး စစ်ယာဉ်တန်းပေါ်ကို ပြီးစလွယ် လွှတ်တင်ပေးလိုက်ပါတယ်။ နောက်ထပ် ဘာကိုမှ ကြည့်ရှုစီမံပေးခဲ့တာမျိုးလည်း မရှိတော့တာ တွေ့ရပါတယ်။ ခွန်ဆာကိုတော့ ရန်ကုန်ခေါ်လာကာ ပထမ တပ်မတော် ဧည့်ဂေဟာ အင်းလျားလမ်း (၁၆) (ခ)မှာ ထားပြီး နောက်တော့ ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးတပ်ရှိ အရာရှိ အိမ်များအကြားတွင် အိမ်တလုံး ဆောက်ပေးခဲ့ပါတယ်။ ခွန်ဆာကို နအဖက ပစ်ထားရာ ပိုက်ဆံ မရှိဘူးလို့ဆိုကာ ခွန်ဆာက တောင်းတဲ့အတွက် ကျပ်သိန်း (၃,၀၀၀) ကို နအဖက ချေးငှားပေးလိုက်တယ်လို့တော့ သိရှိရပါတယ်။

ခွန်ဆာကို ကကလှမ်းက စစ်မေးခဲ့ချက်အရ သူ့ရဲ့  ငွေ ဒေါ်လာ (၄၄) သန်းဟာ နိုင်ငံတကာရှိ ဘဏ်တွေမှာ ရောက်နေပြီး သူထွက်ဆိုချိန်မှာတော့ ထုတ်လို့မရတော့ကြောင်း ပြောခဲ့ပေမယ့် နောက်ပိုင်းတော့ သူ့နည်းသူ့ဟန်နဲ့ ပြန်ပြောင်းပြီး ထုတ်လို့ရဖို့ နအဖအနေနဲ့ ကူညီပေး၊ မပေးဆိုတာကို သူတို့ နှစ်ဦးသာ အသိဆုံး ဖြစ်ပါတယ်။

ခွန်ဆာဟာ လက်နက်များကို အပ်တချောင်းပါ မကျန်အောင် အလုံးစုံအပ်ပြီး တာဝန်ကျေခဲ့ပေမယ့် ဟိုမိန်း ဌာနချုပ်မှာတော့ လွင်တီးခေါင်နဲ့မြို့ ပျက်လုမတတ် ဖြစ်သွားခဲ့ပါတယ်။ တချို့ ရှမ်း တိုင်းရင်းသားတွေဟာ ပြန်ဖို့ မိဘအိမ် နေရပ်မရှိတာမို့ နအဖဟာ ဘာမှအကူအညီမပေးဘဲ သောင်ပြင်ကလွှတ်တဲ့ ခွေးတွေသဖွယ် ပစ်ထားလို့ နအဖရဲ့  ရက်စက်မှုဟာ ကမ်းကုန်ကြောင်း ပြောဆိုနေကြပါတယ်။

ဒီဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် စစ်အာဏာရှင်တွေဟာ အကွက်ကျကျနဲ့ (A) Plan၊ (B) Plan၊ (C) Plan ဆိုတာမျိုးကို အဆင့်ဆင့် စီစဉ်ထားရှိသလို လက်ဦးမှုယူကာ အောက်လမ်းနည်းနဲ့ လှည့်စားသွားတာမျိုး အပိုင်ကိုင် ဓားစာခံထားတာမျိုးကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ကတိမတည်တဲ့ စစ်အာဏာရှင်တွေရဲ့  သဘောထား မူမမှန်ပုံ အတွင်းသရုပ်ကို သိရှိကာ ၂၀၁၀ ရွေးကောက်ပွဲဟာ အပစ်ရပ်အဖွဲ့တွေအတွက် ထောင်ချောက်တခုသာ ဖြစ်ပါကြောင်း သတိပြုနိုင်ရန် မီးမောင်းထိုးပြလိုက်ရပါတယ်။



No comments: