ပညာကျော်
ဗိုလ်ချုပ်၏ မွေးဇာတာနှင့် သက်ရောက် တို့ကို ကြည့်သော် အကုန်သုဉ်း နေသည်ကို တွေ့ရပါမည်။ နက္ခတ် အလိုလည်း စန်းပြုတ် နေပါသည်။ သို့သော်လည်း ဗိုလ်ချုပ် ကျဆုံး သည်မှာ သူ၏ ကံကုန် ကျဆုံး ခြင်းသာ ဖြစ်ပါသည်။ ဗိုလ်ချုပ်အပေါ် မလိုလား မုန်းတီးသော ပြည်သူ လည်းမရှိ၊ ရဟန်း သံဃာတော်ကိုလည်း မသတ်ခဲ့ ပါဘူး။
တကယ်တော့ လူတယောက်၏ ဇာတာဆိုသည်မှာ ထိုသူပြုလုပ်ခဲ့သော အတိတ်ကံနှင့် ယခုပြု လုပ်နေသော ပစ္စုပ္ပန် ကံများက အရေး ကြီးနေပါသည်။ ထို့ကြောင့် ရှေးမင်း တို့သည် မြို့သက်၊ နန်းသက် ရှည်စေဖို့  ဟူးရား အတတ်၊ နက္ခတ်ပညာ၊ ဝေဒပညာ၊ ဆန်းကျမ်း၊ ဂါထာများကို အသုံးပြုပြီး ဆောင်ရွက်ခဲ့ကြ သည်ကို တွေ့ကြရ ပါလိမ့်မည်။ မြို့ တည်၊ နန်းတည် သာမကဘဲ သက္ကရာဇ် ကိုသော်မှ အသစ်ပြုခဲ့ကြ ပုံများကိုပါ တွေ့ကြရ ပါသေးသည်။
မြို့သစ်ကို တည်သည်ဆိုသည်မှာ “မြို့၏ ပျက်စီးဆုံးရှုံးရမည့် အန္တရာယ်မှ လွတ်မြောက်စေရန်၊ မင်းဆက်အဓွန့် ရှည်တည်တံ့စေရန်၊ တိုင်းတပါး စစ်ဒဏ်အန္တရာယ်မှ လွတ်မြောက်စေရန်” ရည်ရွယ်တည်ထားရခြင်း ဖြစ်ကြောင်းကို တွေ့ရပါသည်။ ဤအကြောင်းများကို အကျယ်လေ့လာလိုသော် မြန်မာမင်းများ အရေးတော်ပုံ (ဟံသာဝတီမူ)၊ ထီးသုံးနန်းသုံး လက်ရိုးဗေဒင်ကျမ်း (ပီစောင်ကူး) စာမူတို့တွင် တွေ့ရှိနိုင်ပါသည်။
မြို့သစ်တွင် ဘုရားပုထိုးများကိုပါ တည်ထားကြပြီးလျှင် ကျိန်စာများဖြင့် ကျိန်ဆိုခဲ့ကြပုံများကိုလည်း တွေ့ရပါသေးသည်။ ကျိန်စာဆိုသည်မှာ မိဖုရား ဖွားစောကျောက်စာတွင် တွေ့ရသော ကုသိုလ်ကိုအကြောင်းပြုပြီး ရွတ်ဆိုသောစာများဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုသော် သစ္စာအဓိဋ္ဌာန်ဟုလည်း ပြောဆိုနိုင်ပါသည်။
ခေတ်စကားနှင့် ပြောလျှင် နအဖတို့သည်လည်း ခေသူများတော့ မဟုတ်ပါ။ သမိုင်းကို ပြောင်းပြန်လှန်ပြီး နန်းသက်ရှည်ရေးကိုသာ အလေးထားသည်ကို တွေ့ရမည် ဖြစ်သည်။ ဦးနေဝင်းသတိမပြုခဲ့သော “ဆင်း၊ ကျ၊ ပြုတ်၊ တက်” ဟူသော နန်းသုံးဗေဒင်ဝါဒကို စွဲကိုင်ပြီး အာဏာ တည်မြဲရေးကို အထောက်အကူဖြစ်စေမည့် နည်းလမ်း မှန်သမျှကို ရှာဖွေသည်။ ယတြာ၊ မာတြာ၊ ဗေဒင်၊ နတ်ဂိုဏ်း၊ တခုမကျန် အကုန်သုံးပြီး နန်းသက်ရှည်ရေး အတွက်သာ အာရုံစိုက်သည်။
ဒါကြောင့် ရှေးဗေဒင်ပညာရှိများ တွက်ဆခဲ့သော “ဦး၊ ဆင်၊ သက်၊ ထက်” ရန်ကုန်ပျက်ဆိုသည့်ကိန်းကို သတိထားပြီး မြို့ရွာအသစ်ကိုတည်သည်။ ဤရန်ကုန် ကျဆုံးကိန်းကို မန္တလေးမဟာသင်္ကြန်စာအဖွဲ့မှ အကြံပေး ပညာရှိတဦးနှင့် ဆရာတော်ကြီးတပါးထံမှ ရရှိပါသည်။
ဦးဆင်သက်ထက်ဆိုသည်ကို အက္ခရာကိန်းတန်း ဖွဲ့သော် ၁၃၆၇ ကို တွေ့ရမည်ဖြစ်ပါသည်။ ၁၃၆၇ ကို ဇာတာဖွဲ့သော် နဝင်းပြုတ်ပြီး၊ စန်းပျက်သည်ကို တွေ့ရမည်။ မဟာဘုတ်အလို စစ်သုဉ်းနေပြီး သောကြာမှာ ရန်များနေသည်။
မြန်မာ့နန်းတွင်းအလိုအရ “ပူးမင်းလက်ထက်” ကျားဆင်ဖျက် ဆိုတာကိုလည်း ဗိုလ်ချုပ်များ ကြောက်ပုံရပါသည်။ ပူးမင်းဆိုသည်မှာ သောကြာသားကိုဆိုလိုသည်။ မြန်မာ့သမိုင်းတွင် သောကြာသားများလက်ထက်တိုင်း၌ ထီးသုဉ်း၊ မြို့သုဉ်းဖြင့် ကြုံခဲ့ရသည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။
ခုလည်း သန်းရွှေမှာ သောကြာသားဖြစ်နေရာ ရန်ကုန်ကိုခွာ၍ နေပြည်တော်သို့ ရွှေ့ခြင်းဖြစ်သည်။ ၁၃၆၇ ခုသည် (၂) ကြွင်းနေပြန်ရာ တနင်္လာ (ကျား) ဂြိုဟ်၊ တနင်္လာ (ကျား) သက်ရောက်ဖြစ်နေပြီး ပုတိတွင် အချုပ်မိနေသည်။ မြို့နံကို ကြည့်ပြန်ရာ ရန်ကုန်ဆိုသဖြင့် “သက်ရှိကားရင်း၊ သက်မဲ့မှာဖျား” ဆိုသဖြင့် “ရန်ကုန်” တွင် (ကုန်) အရ တနင်္လာသာ ဖြစ်နေပြန်သည်။ ရန်ကုန်ကို ပေါင်းပြန်သော် (ရန်+ကုန်) (၄+၂) ဖြစ်နေပြန်ရာ (၆-သောကြာ) ဖြစ်နေသဖြင့် ဗေဒင်အရ မစွန့်က မုချဖျက်မည်သာဟု ပြောရပါလိမ့်မည်။
အုပ်ချုပ်သူ သန်းရွှေ (သောကြာ)၊ ရန်ကုန်(သောကြာ) မှာ တူညီနေပြီး ရောက်ရှိမြန်မာသက္ကရာဇ် ၁၃၆၇ ဖြစ်သဖြင့် ပေါင်းသော် (၁+၃+၆+၇)=၁၇(၁+၇)=၈ ဖြစ်နေပြီး ခရာဇ်အလို ၂၀၀၆ ခုနှစ် ဆိုပြန်သဖြင့် သုညကိုပယ် (၂+၆) ဖြစ်နေပြနရာ “၈” ဖြစ်နေပြန်သည်။ ရှစ်သည် ထီးနန်းမြို့ ရွာသုဉ်းကြောင်းဖြစ် ယုံသာမက ရာဟုဂြိုဟ်ပါ ဖြစ်နေပြန် သည်။ ဒါကြောင့် ဗိုလ်ချုပ်များ ကြောက်ကာ ၂၀၀၅ ခုနှစ် နိုဝင်ဘာ (၆) ရက်မှစပြီး ရန်ကုန်မှခွာကြပါသည်။
၂၀၀၆ ခုနှစ် မတ်လ (၂၇) ရက်မှာ နေပြည်တော်ကို နာမည်ပေးကင်ပွန်းတပ်ပြီး မြို့သစ်ကြေညာတည်ထောင် ပါသည်။ ရန်ကုန်ကိုကြောက်ပြီး နေပြည်တော်သို့ ပြောင်းပုံကို လေ့လာသော် မတ်လ (၂၇) ရက် ၂၀၀၆ သည် မြန်မာသက္ကရာဇ် ၁၃၆၇ ခု တပေါင်းလ ဖြစ်သည်ကို တွေ့ရမည်။ ၁၃၆၇ တွင် စနေသည် ရာဇဖြစ်နေပြီး သန်းရွှေ (သောကြာ) ၏ အညွှန့်ဖြစ်သောကြောင့် (နေပြည်တော်) “စနေ” နံ မြို့ကို တည်ခြင်းဖြစ်ပါသည်။ တပ်မတော်နေ့တွင် ကင်ပွန်းတပ်အမည်မှဲ့ ခေါ်သည်မှာ “စစ်” စိုးမိုးအဓွန့်ရှည်ရေးအတွက် ဖြစ်သည်။
ဗိုလ်သန်းရွှေသည် ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် သောကြာသားဖြစ်သည်။ ယခုရောက်ဆဲ သန်းရွှေ၏ ဇာတာနှင့် နေပြည်တော်၏ဇာတာကို နှိုင်းယှဉ်သော် စနေဂြိုဟ်စိုးမိုးနေသည်ကို တွေ့ရမည်။ မြို့ဇာတာနှင့် မင်းဇာတာတွင်လည်း သက်ရောက်မှုမှာ အင်္ဂါနှင့် ဗုဒ္ဓဟူး ဖြစ်နေပြန်သည်။ သန်းရွှေ၏ နန်းသက်မှာ (၁၇)နှစ် (၁+၇)= ၈ ဖြစ်ပြန်သဖြင့် ရာဟုဖြစ်နေသည်။ မြို့သက်က (၃) နှစ်ဆိုပြန်တော့ အပုတ်ထဲတွင် အပျက်ဝင်ပြန်သည်။
သန်းရွှေ၏ မူလဇာတာနှင့် ယခုဇာတာ၊မြို့ဇာတာကိုနှိုင်းယှဉ်သော် “စစ်” နံဖျက်ကာ အသက်သုဉ်းနေသည်ကို တွေ့ရမည်။ ထို့ကြောင့် သန်းရွှေက မွေးလလွန်လွန်ချင်း ကြောက်လန့်ကာ ဥပ္ပါတသိန္တိစေတီတော်ကို အမြန်ဆုံး ထီးတင်ခြင်းဖြစ်ပါသည်။ ဘုရားတွင် ဌာပနာအဖြစ် “ဈာနမုဒြာဗုဒ္ဓပဋိမာနှင့် ဆင်ခံရုပ်ပွားတော် ရွှေစင်ပဋိမာနှစ်ဆူ” ဟုဆိုသဖြင့် “ဆင်” ကို ဌာပနာအဖြစ်သွင်းကာ ဗုဒ္ဓဟူးအပျက်ကိုဖော်ပြီး နန်းသက်ကိုဆက်ခြင်းဖြစ်သည်။
နောက်တခုအလို စစ်အာဏာ ထာဝရတည်တံ့ရေးအတွက် ပြည်သူတရပ်လုံးကို ဆင်ကိုကိုးကွယ်စေပြီး စစ်အာဏာ လွှမ်းမိုးကာ ကျွန်ပြုခြင်းလည်းဖြစ်သည်။ ဥပ္ပါတသန္တိစေတီတော် ထီးတင်သည့်နေ့တွင်လည်း သံဃာတော် (၅၈၃) ပါး (၅+၈+၃)=(၁+၆)=၇ ဖြစ်နေပြန်ရာ စနေအဖျက်ကို သံဃာဖြင့်လွှမ်းပြီး ချုပ်ကိုင်ခြင်းဖြစ်သည်။ ထီးတင်သည့် နေ့မှာ စနေနေ့ နံနက် (၇း၀၀) နာရီအချိန်ဖြစ်၍ အင်္ဂါဝိဇ္ဇာဗေဒင်အလိုရ ကြည့်သော် ကြာသပတေးအခါ ဖြစ်နေ သည်။ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို တနင်္လာနေ့တွင် ပြုလုပ်ပြီး နံနက် (၉း၄၅) မှာ ပြီးစီးသည်ဖြစ်ခြင်းကြောင့် စနေနေ့၊ တနင်္လာနေ့တို့၏အခါအရ အင်္ဂဝိဇ္ဇာပညာအလို “အင်တူလက်မျှနဂိုပ” ဆိုသည့်ကိန်းတွင် ကျရောက်နေ သဖြင့် လုပ်သမျှ အလုပ်အကြံအစည်များ မအောင်မြင် ပျက်စီးသည်ဟု ဆိုသည်။
ထို့ကြောင် ဗိုလ်ချုပ်များမှာ လုပ်သော်လည်း မအောင်ရာ။ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲတွင် သံဃာတော် “၁၀၈၀” ပါးဖြင့် နဝင်းချေထားသည်ကို တွေ့ရသော်လည်း နေ့ရက်နှင့် အချိန်တို့၏ အဖျက်ကိုကား မအောင်နိုင်သလို ဘုရားတွင် “ဆင်” ကို ဌာပနာလိုက်သည်မှာ ဗုဒ္ဓဟူးသက်ရောက်နှင့် စနေဂြိုဟ်ကို ရာဟုပါ အလောက်ပေးသဖြင့် ဤလမှစ “လေးလ” အတွင်းတွင် သန်းရွှေကျဆုံးမည်။ စစ်တပ်တွင်း ပုန်ကန်မှု ပေါ်မည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ရေဘေးကြုံရမည်။ မီးဘေးကြုံရမည်။
No comments:
Post a Comment