Saturday, March 14, 2009

ရခိုင်လက်နက်ကိုင် အဖွဲ့တဖွဲ့မှ လက်နက်များ ဘင်္ဂလာ စစ်တပ်က ဖမ်းဆီး

Narinjara News

နောက်ဆုံး ပေါ် ခေတ်မှီလက်နက်များနှင့် အတူ ရခိုင်ပြည်တော်လှန်ရေးပါတီ တခုမှ တပ်သား ၂ ဦးကို ဘင်္ဂလာ စစ်တပ်မှ ယမန်နေ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီး မိသည့် လက်နက်များမှာ အမ်း ၁၆ မော်တာ အတွဲ တလက်၊ အမ်း ၁၆ တလက်၊ အက်စ် အယ်အာရ် တလက်နှင့် တရုတ်လုပ် ဆီးမီး ရိုင်ဖယ် တလက်တို့ ဖြစ်သည်။

ဖမ်းဆီး ခံရသူ နှစ်ဦးမှာ ကျန်မောင် မာရမာနှင့် ကိုဦးစိန်တို့ ဖြစ်ပြီး သူတို့နှစ်ဦးကို အဆိုပါ လက်နက်များနှင့် အတူ ရွာတော် (ဘင်ဒရိုဘင်) ခရိုင် ရွာချောင်းစရီ မြို့နယ် ဘင်ဂါရီ တောထဲတွင် ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ များမကြာမှီကလည်း လက်နက် ၄ လက်နှင့်အတူ လူတဦးကို အသေဖမ်းဆီး မိပြီး နောက်တဦးကို အရှင် ဖမ်းဆီး ရမိခဲ့သည်။

ဒေသခံများ အပြောအရ ရခိုင်ပြည် ဒီမိုကရက်တစ် ပါတီ (ဒီပီအေ) မှ လူငယ် ၄ ဦးမှာ လက်နက် ရှစ်လက်နှင့်အတူ ထွက်ပြေးလာပြီး ရွာချောင်းဆရီ အရောက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပထမ အကြိမ် လက်နက် ၄ လက်ကို ဘင်္ဂလာ စစ်တပ်က ဖမ်းဆီး သွားခဲ့သည်ဟု ပြောသည်။

အဆိုပါ တိုက်ပွဲတွင် တဦးသေပြီး တဦးကို ဘင်္ဂလာ စစ်တပ်က ဖမ်းဆီးခဲ့သည်။

ယခု ဖမ်းဆီးမူမှာ ဒုတိယ အကြိမ် ဖြစ်ပြီး လက်နက် ၄ လက် နှင့်အတူ တပ်သား နှစ်ဦးကို ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

ရွာတော်မြို့မှ ရခိုင်တော်လှန်ရေးသမားဟောင်း တဦးက ယခု ဖမ်းဆီးမိသော လက်နက်များမှာ ဒီပီအေမှ ဖြစ်ကြောင်း ပြောကြားပြီး ဗိုလ်ရာဇာထံမှ ခွဲထွက်စဉ် ယူဆောင်သွားသော လက်နက်များ ဖြစ်သည်ဟု ပြောသည်။

ယခုအခါ နယ်စပ်တွင် အခြေအနေများ ရှုပ်ထွေးနေပြီ အခြေအနေ အသေးစိတ်ကို ပြောဆိုရန် ခက်ခဲနေကြောင်း သူက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒီပီအေ တာဝန်ရှိသူများအား ဖုံးဖြင့် ဆက်သွယ် မေးမြန်းရန် ကြိုးစားရာ ယခုအချိန်ထိ ဆက်သွယ် ရရှိခြင်း မရှိသေးပါ။

No comments: