Saturday, July 4, 2009

ဆူးခင်းလမ်းမှ ပန်းခင်းလမ်းသို့

မောင်သြ

ယခု နှစ် ဇူလိုင် လဆန်း တွင် ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ ချုပ် ကြီး ၏ အထွေထွေ အတွင်း ရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာ နိုင်ငံသို့ လာမည်ဟု မီဒီယာ များမှ တဆင့် သတင်းများ ကြားသိ ရ သည်။ ရုတ်တရက် အကြို ရှေ့ပြေး အနေဖြင့် လက်ထောက် အတွင်း ရေးမှူး မစ္စတာ ဂမ်ဘာရီ ကလည်း (၂၅.၆.၀၉) ကြာသ ပတေး နေ့ မှာ မြန်မာ နိုင်ငံသို့ ဦးစွာ ရောက်လာ မည်ဟု ဆိုသည်။

လာရင်း ကိစ္စ ကတော့ အန်အယ်လ်ဒီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်း သားအား လုံး လွှတ်ပေး ရန် ကိစ္စ၊ အပြီး အပြတ် ဖြေရှင်း ပေးနိုင် မည့် နအဖ စစ် ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေး ရန် ဖြစ်သည်။ သ တင်း အရ ဗိုလ်ချုပ် မှူးကြီး သန်းရွှေက ဖိတ်ကြား ခြင်းဖြစ် သည်ဟု ဆိုသည်။ ဒါကြောင့် မြန်မာ ပြည်သူ တွေက အထူး စိတ်ဝင် တစား ရှိနေ ကြသည်။ မြန်မာ နိုင်ငံ ၏ ယနေ့ မျက်မှောက် အကျပ် အတည်း အဖြစ် အပျက်များ တွင် အပြောင်း အလဲ တခုခု ကို ဖန်တီး ပေးနိုင် လိမ့်မည် ဟုလည်း ယုံကြည် နေကြ ပါသည်။

သို့သော်လည်း တချို့က ထူးမခြားနား ဇာတ်ညွှန်းရေးပြီး မျက်လှည့်ဇာတ်ကားကြီး ရိုက်ပြသွားကြမှာပါဟု ထင်ကြေးပေးသည်။ ပေးလဲပေးစရာပေါ့လေ။ လာလိုက်ကြတဲ့ ကမ္ဘာ့အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ၊ နိုင်ငံခေါင်းဆောင်ကြီးတွေ၊ နအဖ အစိုးရအဖွဲ့နှင့်တွေ့၊ ပြီးတော့ မယောင်ဆီလူး နအဖရုပ်သေးအဖွဲ့ စင်တော်ကောက် လက်ကိုင်တုတ် ကြံ့ဖွံ့တွေ၊ အမျိုးသမီးရေးရာ အဖွဲ့တွေ၊ ကပ်ပါးရပ်ပါး ကျောင်းသားအဖွဲ့တွေ (အေးလွင်တို့အဖွဲ့) နှင့် တွေ့၊ ပေးတာယူ ကျွေးတာစား၊ ပြီးပြန်၊ ဘာမှ မထူးခြား၊ ကြာတော့ လူထုက မယုံရေးချ မယုံ။

တချို့ကတော့ ဒီတကြိမ်တော့ ထူးခြားမှာပါ။ တခုခု အရွှေ့အပြောင်းတော့ ဖြစ်မှာပါဟု ထင်ကြေးပေးပြန်သည်။ အကြောင်းကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင်ဆိုတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာ၊ (Power) ပါဝါတွေကို နအဖစစ်အစိုးရက အပြန်အလှန် လေးစားရမှာတွေ ရှိနေပါတယ်။

ယနေ့ မြန်မာနိုင်ငံတွင်းတွင်မက ကမ္ဘာ့တ၀ှမ်းလုံးကပါ ချစ်ခင်လေးစားယုံကြည် အားကိုးရသည့် လူထုခေါင်းဆေင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ်နှင့် မတရားတားဆီးပိတ်ပင် ထားခြင်းမှ လွတ်မြောက်ကာနီး ရက်ပိုင်းအလိုတွင် နောက်မှုထပ်ချိတ်ပြီး ထောင်ချနိုင်ရန် အရေးယူ တရားစွဲဆိုခဲ့ ခြင်းသည် ကမ္ဘာတ၀ှမ်းလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

ဤကိစ္စအပေါ်မှာလည်း ပြည်တွင်း၊ ပြည်ပကပါ “နအဖကတော့ သူတို့ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်မပါနိုင်ရေးအတွက် ကလိန်စေ့ငြမ်းဆင် အကွက်ဆင်လုပ်ကြံမှုကြီး ဖြစ်သည်” ဟု ပြောဆိုကြကာ နအဖအပေါ် အယုံအကြည်မရှိ ဖြစ်လာကြသည်။

ထို့်ကြောင့်လည်း အိမ်နီနားချင်းများ ဖြစ်ကြသည့် အာဆီယံနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အီးယူနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံတကာ ခေါင်းဆောင်များကပါ တကမ္ဘာလုံး ပွက်လောရိုက်ဆူပူကြကာ တိုက်တွန်းတောင်းဆိုမှု၊ ဖိအားပေးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာ့အရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးရန် ၀ိုင်းဝန်းတောင်းဆိုလာကြသည်။ သည်တော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ခရီးစဉ်သည် မြန်မာပြည်သို့ ရွေ့ရှားလာရတော့သည်။

ဒီအရင်လည်း ၎င်း၏လက်ထောက် မစ္စတာ ဂမ်ဘာရီကို (၇) ခေါက် အကြိမ်ကြိမ် လွှတ်ခဲ့ဖူးသည်။ ဘာမှ တိုးတက်ထူးခြားမှု မရှိ။ ယခုလည်း ၎င်း၏ လက်ထောက် ဂမ်ဘာရီကို ရှေ့ပြေးအနေဖြင့် လွှတ်ဦးမည်။ နောက်မှ အတွင်းရေးမှူးချုပ်က လိုက်လာမည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဂုဏ်သိက္ခာနှင့် အရည်အချင်းကိုတော့ နိုင်ငံအားလုံးက လေးစားယုံကြည်သည်။ ပေးတာယူ ကျွေးတာစားပြီး ပြန်မည့်သူမဟုတ်။

နအဖကတော့ ပြင်ဆင်နေရတော့မည်။

ဉာဏ်နီ ဉာဏ်နက်တွေ အကုန်ထုတ်သုံးရတော့မည်။

ဆင်ဝှေ့ ရန်ရှောင်၊ မိုးကြိုးပစ်ထန်းလက်ကာ၊ ထမင်းရည်ပူလာ လျှာလွှဲ၊ မျက်နှာချို သွေးရတော့မည်။


အတွင်းရေးမှူးချုပ်ကလည်း ယခင်လာနေကျ ဂမ်ဘာရီ လမ်းကြောင်းအတိုင်း နအဖရဲ့ ပလီတည့် ချောက်ချက် မယောင်ရာ ဆီသုတ် လက်ကိုင်တုတ်တွေနဲ့ တွေ့ဆုံရန် မလိုတော့။ အဓိက သာမည ခွဲခြားရတော့မယ်။ အဖြူအမည်း သဲသဲကွဲကွဲ အဖြေပေးနိုင်မယ့် နအဖစစ်ခေါင်းဆောင်ကြီးများနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရတော့မည် ဖြစ်သည်။ မည်သို့ဆိုစေရှေ့တော်ပြေး မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်လမ်းကြောင်းပေါ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြတ်ပြတ်သားသား ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရန်သာ ရှိသည်။

ယနေ့ နအဖစစ်ခေါင်းဆောင်များ လမ်းလေးခွဆုံရောက်နေပြီ။ အရှေ့ကို ဆက်လျှောက်ရင်လည်း ဆူးခင်းပြွမ်းတဲ ချောက်ကမ်းပါး ချိုင့်ဝှမ်းတွေ။ အနောက်ကို ပြန်ဆုတ်ရင်လည် မီးကျီးခဲတရဲရဲနဲ့ ငရဲခွေးတွေ။ တောင်ဘက်လမ်းမှာတော့ မေတ္တာနဲ့ ဆီးကြိုနေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီတို့ရဲ့ တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းရေး တံခါးပေါက်။ မြောက်ဘက်လမ်းမှာတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု လမ်းမကြီး။ ကြိုက်ရာရွေးရတော့မည်။ အန်လယ်လ်ဒီကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆုပ်ကိုင်ပြီး အခန့်သား ရပ်ကြည့်နေချိန်မှာ နအဖကတော့ ယုန်တောင်ပြေး ခွေးမြောက်လိုက်၊ အိုးနင်းခွက်နင်း၊ ဗရုတ်ဗရက် ဖြစ်နေပြီ။

တရုတ်ပြည်က ဆရာကြီးတွေဆီကို တယောက်ပြီး တယောက် အသွားအပြန် လုပ်နေကြတာ။ တရုတ်ပြည်က စကားလက်ဆောင်တွေက ဗိုလ်ချုပ်ကြီးတွေအတွက် ရင်ခုန်စရာလား၊ ဖင်တုန်စရာလား။ တရုတ်ကြီးမှာတော့ တပည့်မကောင်း ဆရာ့ခေါင်း ဆိုသလို အရှက်ကွဲမယ့် ကိန်းဆိုက်နေပြီ။ အနှစ် (၂၀) ကျော်လုံးလုံး ပြည်သူများအပေါ် ရက်စက်စွာ မကောင်းမှုပြုခဲ့သော အကုသိုလ်ကံများသည် မိမိထံ ပဲ့တင်ပြန်လာချိန် ရောက်နေပြီ။

ဓနုတ်ဘုရားပြို၍ ဗိုလ်ချုပ်တို့ ငိုကိန်းဆိုက်တော့မည်။ နအဖအတွက် အကောင်းဆုံး ထွက်ပေါက်ကတော့
မေတ္တာရှင် ငြိမ်းချမ်းရေးမိခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် အားလုံး ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်သည်။

ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့်အမျိုးသားအချင်းချင်း အာဃာတကင်းကင်းနဲ့ နွေးနွေးထွေးထွေး ဆွေးနွေးညှိနှိုင်း အဖြေရှာ ဆောင်ရွက်နိုင်ခြင်းဟာ အကောင်းဆုံးနှင့် အငြိမ်းချမ်းဆုံး ဆိုတာကိုတော့ ယခုအချိန်မှာ အသင့်လျော်ဆုံး ပါပဲလို့ ပြောလိုက်ပါရစေခင်ဗျား။

အခုအချိန်မှာ ငါ့လှေငါထိုး ပဲခူးမရောက်နိုင်တော့ပါ။
င့ါမြင်း ငါစိုင်း စစ်ကိုင်းမရောက်နိုင်တော့ပါ။
အများနှင့် အတည်။
ညီညွတ်စွာ လျှောက်လှမ်းကြပါစို့။



No comments: