Monday, July 6, 2009

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်

သန်းထိုက်ဦး Monday, 06 July 2009

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ သည် ဇူလိုင်လ အကုန် တွင် မြန်မာ ပြည်သို့ သွားရောက် မည် ဖြစ်ကြောင်း ယနေ့ ထုတ် ဘန်ကောက် ပို့စ် သတင်း စာတွင် ရေးသား ထားသည်။

ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း သည် ဇူလိုင် ၃ ရက်နှင့် ၄ ရက် နေ့များ တွင် မြန်မာ ပြည်သို့ သွား ရောက် ခဲ့ပြီး အပြန် ဘန်ကောက် လေဆိပ်၌ ခေတ္တ ရပ်နားစဉ် ထိုင်း ၀န်ကြီး ချုပ် အဖိဆစ် နှင့် တွေ့ဆုံ သည့် သတင်း ၌ ယင်းခရီး စဉ်နှင့် ပတ်သက်ပြီး ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။

ထိုင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန်ဝါတန်ယာခွန်က ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် ယခုလ ကုန်ပိုင်း တွင် မြန်မာနိုင်ငံသို့ သွား ရောက်မည် ဖြစ်ပြီး ဤ ခရီးစဉ်သည် ၎င်း၏ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ အင်းစိန် အကျဉ်း ထောင်တွင်း အထူး တရား ရုံးတွင် အမှု ရင်ဆိုင် နေရသော ဒေါ်အောင်ဆန်း စုကြည် အပါ အ၀င် နိုင်ငံ ရေး အ ကျဉ်းသား များ လွတ်မြောက် ရေး အတွက် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ က ထပ်မံ တောင်းဆို လိုက်သည် ဟု ပါနိတန်ဝါတန် ယာခွန် က ဆိုသည်။

ထိုင်းအစိုးရက မြန်မာစစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံ ရေးအကျဉ်းသားများအား လွှတ်ပေးစေလိုသည်ဟု ၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေမှုကိုလည်း ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံသည်ဟု သိရသည်။

လွန်ခဲ့သည့် မေလ ၁၈ ရက်နေ့က လက်ရှိ တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး တို့က မြန်မာ စစ်အစိုးရအား ပြစ်တင်ဝေဖန်ခဲ့သည့်အတွက် နှစ်နှိင်ငံ တင်းမာမှုများ ရှိခဲ့သည်။

ယင်း ဝေဖန်မှုကြောင့် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာ အားဖြင့် မှန်ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့်ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းခဲ့ရာ မြန်မာ စစ်အစိုးရက တွေ့ခွင့်မပြုခဲ့ပေ။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့သဖြင့် စစ်အစိုးရကို စိတ်ပျက်မိကြောင်း ထိုင်း ၀န်ကြီးချုပ်ကို ပြောကြားခဲ့သည်ဟုလည်း သတင်းစာတွင် ရေးသားထားသည်။

ဘန်ကီမွန်း၏ ၂ ရက် ကြာ ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီရေးနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အကျိုးရ လဒ် မရရှိခဲ့ကြောင်း လေ့လာသူများက ဝေဖန်နေကြသည်။

No comments: