Tuesday, March 30, 2010

အမှန်တရားကို မြတ်နိုးပါ၏။ သို့သော် …

ထက်ဂျူလိုင်

ကျမက စာတတ်ပုဂ္ဂိုလ် မဟုတ်ဘူး။ (၈) တန်းကတည်းက အိမ်မှာ စက်ချုပ်သင်ပြီး ငွေရှာခဲ့ရတာပါ။ (၁၆) နှစ်မှာ ယောက်ျားရတယ်။ နိုင်ငံရေးဆိုတာ ဘာမှန်းမသိဘူး။ ဒါပေမယ့် ကျမ အိမ်ထောင်ကျတာ နိုင်ငံရေးသမားနဲ့တဲ့။ အဲလို စပြီးသိရတဲ့အချိန်က ကျမ ယောက်ျား ကို နေ့ခင်းကြောင်တောင်ကြီး မေးမြန်းစရာရှိလို့ စခန်းကို ခဏလိုက်ခဲ့ပါဆိုပြီး ရဲဝတ်စုံလည်း မပါတဲ့သူတွေက ခေါ်သွားတာပဲ။ ညနေ မိုးချူပ်တဲ့အထိ ပြန်မလာတဲ့ ယောက်ျားကို ကျမ စိတ်ပူလာတယ်။

ဒီတော့ သူတို့ပြောတဲ့ စခန်းဆိုတာကြီးကို မေးမြန်းပြီး လိုက်သွားရတာပေါ့။ ဟိုရောက်တော့ သူ့ကို မတွေ့ရဘူး။ စစ်ဆေးတာ မပြီးသေးလို့ဆိုပြီး ကျမကို ပြန်လွှတ်လိုက်တယ်။ ရက်ကွက်ထဲက လူတွေကလည်း သို့လော၊ သို့လောပေါ့။ ကျမကလည်း ကျမယောက်ျား မကောင်းတာ ဘာလုပ်ထားသလဲဆိုတာ သိချင်တယ်။ နောက်ပိုင်း တိုးတိုး တိုးတိုးနဲ့ ပြန်ကြားတာကတော့ ကျမ ယောက်ျားက နိုင်ငံရေးသမားတဲ့။ သောင်းကျန်းသူတွေနဲ့ ဆက်သွယ်လို့ ဖမ်းဆီးသွားတာတဲ့။

သူ့ကို နေ့တိုင်း ဘယ်မှာရှိလဲဆိုပြီး စခန်းကို သွားမေးမြန်းစုံစမ်းနေတဲ့ ကျမက မသိရဘဲ သူများတွေရဲ့ တီးတိုးသံကတဆင့် ကြားရတော့ ကျမ ယုံရခက်ကြီးဖြစ်ရတာပေါ့။ သူတို့ရဲ့ ခဏကလည်း (၂) လလောက်ရှိသွားပြီ။ ဘယ်မှာထားလို့ ဘယ်မှာစစ်မှန်းကို မသိရဘူး။ စခန်းမှာ သွားမေးတိုင်းလည်း စိတ်မပူပါနဲ့ ညီမလေး၊ သူ့ကို မေးမြန်းနေတာ မပြီးသေးလို့၊ ပြီးရင် ပြန်လွှတ်မှာပါတဲ့။ ဒီလိုနဲ့ (၂) လလောက်ကတော့ ကျမ မျက်ရည်နဲ့ မျက်ခွက်လေ။

ကျမမှာ သားတယောက်၊ သမီးတယောက်ရှိတယ်။ အသက်က (၁) နှစ်စီပဲကွာတာ။ အခုမှ သားအကြီးက (၃) တန်း၊ သမီးအငယ်က (၂) တန်းလေ။ ကျမက စက်ချုပ်တာလေးတတ်တော့ သူတို့ဖခင်မရှိတုန်း စက်ချုပ်ကျွေးရတာပေါ့။ နောက်ပိုင်းတော့ သူ ထောင် (၇) နှစ်ကျသွားတယ်။ ထောင်အမိန့်ကျခါနီးမှ ကျမ သူ့ကိုတွေ့ရတာ။ ဒီတော့ ကျမလည်း သူ့ကို အခွင့်အရေးရတုန်း ရှင် ဘာတွေလုပ်ထားတာလဲဆိုပြီး မေးရတာပေါ့၊ သူကတော့ ခပ်တည်တည်နဲ့ ကျမကို ပြောတယ်။ ငါ အမှန်တရားတွေ လုပ်ထားတာကြောင့် အခုလို အဖမ်းအဆီးခံရတာတဲ့။ ဘုရားရေ … ဒီလိုပဲ ကျမ အသံထွက် အာမေဍိတ်သံပြုမိတယ်။ ဟုတ်တယ်လေ စဉ်းစားကြည့်၊ ဥပဒေဆိုတာ အမှန်တရားရှိတဲ့သူတွေအတွက်ဆိုတာ စာကောင်းကောင်းမတတ်ပေမယ့် ဘ၀ပေးအခြေအနေအရ ကျမ နားလည်နေတယ်။ ခုတော့ ဘယ်လိုလဲ။

ကျမက ရပ်ကွက်ထဲက တီးတိုးကြားရတဲ့ စကားတွေကို သူ့ကို ပြန်မေးကြည့်တယ်။ အဲဒါ ဟုတ်လားလို့ မေးတော့ ကြုံရာပြောတာတွေကို နားထောင်မနေနဲ့တဲ့။ ကျမကလည်း သူ့ စကားကို တသက်လုံး နားထောင်ပြီးနေခဲ့တာ၊ အားကိုးချစ်ခင်ပြီး လက်ထပ်ခဲ့တာ၊ ဒီတခါလည်း သူပြောတာကိုပဲ ကျမ လက်ခံယုံကြည်လိုက်ရတယ်။ သူက ကျမကို ထောင်ထဲဝင်ခါနီးမှာ သူ့အမေတွေနဲ့ ကျမကို သွားနေဖို့ မှာခဲ့တယ်။ သူ့မိဘတွေကလည်း ကျမကို သူတို့နဲ့အတူနေဖို့ လာခေါ်တယ်။ ကျမ ငြင်းမရပါဘူး။ ဘာကြောင့်လဲဆို ကျမ တယောက်တည်း လုပ်ကိုင်ကျွေးမွေးနိုင်ရင်တောင် ပတ်ဝန်းကျင်အမြင်မှာ (၇) နှစ် ထောင်ကျနေတဲ့ ယောက်ျားနဲ့ ကွဲနေရတာကြောင့် ဆိုတဲ့ အမြင်တွေနဲ့ ဆက်ဆံမှုတွေကို ကျမ ခံနိုင်မှာမဟုတ်ဘူး၊ အဲဒါတွေကိုလည်း ကာကွယ်ချင်သလို ကလေးတွေအတွက် အသိုင်းအ၀ိုင်းနဲ့ အားမငယ်စေချင်တဲ့ စိတ်ကြောင့်ပေါ့။

ဒီလိုနဲ့ ကျမယောက္ခမတွေအိမ်ကို ရောက်သွားတယ်။ သမီးနဲ့ သားကိုလည်း ယောက္ခမတွေက ၀ိုင်းထိန်းပေးတယ်။ ကျမလည်း တတ်နိုင်သလောက် စီးပွားရှာရတာပေါ့။ ကျမအသက်က အဲဒီအချိန်မှာ (၂၄) နှစ်ကျော်ပဲရှိသေးတယ်။ (၁၆) နှစ်မှာ အိမ်ထောင်ကျသွားတာလေ။ နုနုနယ်နယ်ရှိသေးတဲ့ ကျမ ကလေးနှစ်ယောက်အမေ ဆိုပေမယ့် ကာလသားတွေရဲ့အကြည့်က ကြောက်စရာပဲ။ ဒီတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့နေရင်း ယောက္ခမတွေကြားမှာ တင့်တယ်အောင် စီးပွားရှာရတယ်။ သူများ အပြောခံရမှာလည်း ကြောက်တယ်။ ကျမယောက်ျားက ပြောတယ်၊ မင်း လင်ပူမိသလိုမနေနဲ့၊ မင်းယောက်ျား အမှန်တရားအတွက် အလုပ်လုပ်တာ၊ မင်းဘာမှ စိတ်ညစ်စရာမလိုဘူး၊ မြန်မာပြည်မှာ အမှန်တရားလုပ်တဲ့သူတွေအတွက်က ထောင်ပဲရှိတယ်တဲ့၊ မင်း ပုံမှန်နေတတ်သလိုပဲ ဆက်နေပါတဲ့။ ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့၊ သားသမီးတွေကိုသာ သေချာထိန်းသိမ်းပါတဲ့။ မိဘတွေစကား နားထောင်ပါတဲ့။

သူပြောတာတွေထဲမှာ အမှန်တရားကြောင့် ထောင်ကျတယ်ဆိုတာကို ကျမ နားမလည်ပေမယ့် စောဒကတော့ မတက်ရဲဘူး။ မတက်ချင်ဘူးဆို ပိုမှန်လိမ့်မယ်။ ဘာကြောင့်လဲဆို သူ့ပုံစံက မျက်ကွင်းတွေကျ၊ အသားတွေ ညစ်စပ်စပ်နဲ့ တဖြည်းဖြည်း ပိန်လှီလာတာကို တွေ့နေတော့ ကျမ အမေးအမြန်းတွေကြောင့် သူ စိတ်ညစ်သွားမှာစိုးလို့ပါ။ ထောင်ဝင်စာ တခါတွေ့ရဖို့ကလည်း လွယ်တာမဟုတ် (မလွယ်ဘူးဆိုတာ ငွေမပေးနိုင်လို့) ငွေပေးနိုင်ရင်တော့ ထောင်ဝင်စာ ကြိုက်သလောက်တွေ့နိုင်၊ ရနိုင်တာပေါ့။ အောက်လမ်းနည်းတွေ ရှိတယ်လေ။ ကျမလည်း သူထောင်ကျပြီး (၂) နှစ်လောက်မှ သိရတာ။ ကျမစိတ်တွေ လေးလံနေတာပါပဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကျမ ဖုံးကွယ်ထားရမယ်။

မနက်လင်းတာနဲ့ ရေမိုးချိုး၊ အလှပြင်၊ မီးပူထိုးထားတဲ့ အ၀တ်ကိုဝတ်ပြီး အလုပ်စလုပ်တယ်။ သားသမီးတွေ ကျောင်းသွားဖို့ ပြင်ဆင်ပေးပြီး ကျောင်းပို့၊ ပြီးတာနဲ့ မုန့်ဟင်းခါးတပန်းကန်နဲ့ လက်ဖက်ရည်တခွက်သောက်ပြီး ကျမ စက်စချုပ်လိုက်တာ နေ့ခင်းဘက် ထမင်းစားချိန်မှ နားတော့တာပဲ။ နေ့လယ်တနပ်ကိုလည်း မုန့်ဟင်းခါးတခွက်နဲ့ ထမင်းနဲ့စား၊ ဒါမှမဟုတ် ခေါက်ဆွဲသုတ်နဲ့ စားပြီး၊ စက်ချုပ်လိုက်တယ်။ ညနေစောင်းကလေးတွေ ကျောင်းဆင်းချိန်မှ နားတယ်။

ယောက္ခမတွေနဲ့ အိမ်အတူနေပေမယ့် စီးပွားရေးရော၊ စားသောက်မှုတွေကိုပါ ပေါင်းမထားဘူး၊ သီးသန့်ပဲ။ သားသမီးတွေကတော့ ထောင်ကျသားသမီးဆိုပြီး အားငယ်ကြတယ်။ ကျမလည်း သိပ်နားမလည်ပေမယ့် သားသမီးတွေကို သူ့အဖေပြောတဲ့ လေသံအတိုင်း သမီးနဲ့သား၊ ဘာမှစိတ်မညစ်နဲ့ မင်းတို့အဖေက အမှန်တရားအတွက် ထောင်ကျတာ၊ ခိုးမှုတို့ လိမ်ညာမှုတို့အတွက် ထောင်ကျတာမဟုတ်ဘူးလို့ ပြောပြထားတယ်။ ကလေးတွေကတော့ ကျမလိုပဲ နားလည်ပုံမရပေမယ့် တိတ်တိတ်ကလေးပဲနေတယ်။

ယောက္ခမတွေကတော့ ကျမကို အကာအကွယ်ပေးသလို အကူအညီလည်းပေးတယ်။ အိမ်အတွက် စီးပွားရေးလုပ်တဲ့ ကျမ ငွေတွေအကုန်လုံး စုထားရုံပဲ။ ယောက္ခမတွေက သားသမီးတွေကို ကျောင်းထားပေးတယ်။ ကျွေမွေးပြုစုတယ်။ ကျမအတွက် အသုံးစရိတ်ကို ကျမ ငြင်းပေမယ့် မရဘူး၊ ပေးတယ်။ ဒါကြောင့် ကျမ ရတာက စုငွေ သက်သက်ပဲ။ ငွေအရင်းအနှီးလေး များလာတော့ ငွေတိုးပါချစားတယ်။ ဒီထဲမှာ ထောင်ဝင်စာကို အပတ်တိုင်း သွားတွေ့ဖို့အတွက်တော့ ငွေပုံမှန်စုရတယ်။ ယောက်ျားကလည်း ဆေးလိပ်သာမသောက်တတ်တာ၊ ဆေးလိပ် မှာတယ်။ အစားအသောက်ကိုလည်း သူ့အတွက် တပတ်စာလုပ်ထားပေမယ့် သူကတော့ မလောက်ဘူးတဲ့၊ များနိုင်သမျှ များအောင်လုပ်ခိုင်းတယ်။
အစကတော့ ကျမ မမေးဘူး၊ ဒါပေမယ့် နောက်ပိုင်း မနေနိုင်တာနဲ့ ကျမလည်း မေးလိုက်တော့ ထောင်ထဲမှာ ငါတယောက်တည်းမဟုတ်ဘူး၊ ငါ့လိုလူတွေ အများကြီးပဲ၊ သူတို့အိမ်ကတွေက ထောင်ဝင်စာပို့နိုင်တာ မဟုတ်ဘူး၊ ဒီတော့ သူတို့တွေအတွက်ပါ ငါမှာတာ၊ မင်းယောက်ျား ဆေးလိပ်မသောက်တတ်ပေမယ့် ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းတွေက အများကြီးတဲ့။

ကျမလည်း အိမ်ပြန်ရောက်တော့ တွေးမိတယ်။ သြော် … အမှန်တရားအတွက် လုပ်တဲ့သူတွေ ထောင်ကျနေတာ အများကြီးပေါ့။ ဒါဆို အမှန်တရားဆိုတာ ဘာကြီးလဲ ဘာလုပ်တာလဲ ကျမသိချင်တယ်။ ဒါပေမယ့် မလေ့လာအားဘူး။ တရက်တရက် ကလေးတွေအတွက်နဲ့ ငွေရှာဖို့အတွက် အပတ်တိုင်း၊ ထောင်ဝင်စာတွေ့နိုင်ဖို့အတွက် လုံးပန်းနေရတာ သာရေးနာရေးတောင် မရောက်အားသလောက်ပဲ။ နာရေးကိုတော့ ကျမသွားဖြစ်အောင် သွားနိုင်ဖို့ ကြိုးစားတယ်။ ကျမ မိဘတွေက မှာထားတယ်။ နာရေးဆိုတာ မသွားမဖြစ်ကိစ္စတဲ့။ ငယ်ငယ်ကတည်းကနေ အိမ်မှာလည်း အမြဲတမ်းပြောတယ်။ ငယ်ငယ်တုန်းကတော့ အဓိပ္ပာယ်ကို ကျမ တိတိကျကျ မသိပေမယ့် ကျမတို့တအိမ်လုံး အဲဒါကို လိုက်နာကြတယ်။ ခုတော့ ကျမ နားလည်ပြီပေါ့။

အပြင်ထွက်နည်းလွန်းတဲ့ ကျမကို ချည်းကပ်ချင်တဲ့ ယောက်ျားတွေက ပုဆိုးလာချုပ်တာတို့ ဟိုဟာ ဖာ၊ ဒီဟာ ဖာ လာလုပ်ကြတာပေါ့။ ကျမကလည်း အမျိုးသမီးသီးသန့်ချုပ် ဆိုတဲ့ ဆိုင်းဘုတ်မကပ်လိုက်ရဘူး။ ဒါပေမယ့် ကျမကတော့ ခပ်တည်တည်ပါပဲ။ ဒီလိုနေတာတောင် ယောက်ျားမရှိတဲ့ မိန်းမတယောက်အတွက် သိပ်တော့ မလုံခြုံလှဘူး။ လူမမြင်ရင် မမြင်သလို အစော်ကားခံရတယ်။ ရှင်းပြရခက် ရိုက်ရခက်တွေ ကြုံရတယ်။ ဥပမာ- ကျမကို ပြည်တည်တည်နဲ့ ကြည့်နေတာမျိုး၊ မင်းယောက်ျားက ထောင် (၇) နှစ်တောင်ကျသွားတာနော်လို့ ရိသဲ့သဲ့ပြောတာမျိုး၊ တခါတလေတော့လည်း ကျမကို ပုဆိုးဖိုးပိုက်ဆံပေးရင်း လက်ကို မတော်တဆ ပုံစံနဲ့ ဖိလိုက်တာမျိုး၊ အိုး … အမျိုးမျိုးပါပဲ။ ကြုံရဆုံရတာတွေက မကောင်းဘူးပေါ့။ သားသမီးတွေကို ချော့မြှူပြီး စကားပြောရင်း ထိကပါး ရိကပါး ပြောတာမျိုး၊ သမီးလေးက ချစ်စရာလေး သူ့အမေနဲ့တူတာ၊ သားလေးက ထွားလိုက်တာ သူ့အမေလိုပဲ ဆိုပြီးတော့ ပြောတယ်။ ကလေးတွေကတော့ နားမလည်ဘူးပေါ့။ ကျမကလည်း အကျယ်အကျယ် မဖြစ်ချင်ဘူးလေ။ သူမရှိတဲ့အချိန် ဘ၀ကို ဒီလိုပဲ ကျမ ဖြတ်သန်းရတယ်။

ရန်စွယ်၊ အန္တရာယ်တွေကြားမှာ ကျမကတော့ အတတ်နိုင်ဆုံး ရှောင်ရင်း တင့်တော်အောင်နေရတယ်။ ယောက္ခမတွေကတော့ ကျမကို အေးလွန်းလို့ ချစ်ကြတယ်။ အလှပြင်ထားတတ်တော့ ပတ်ဝန်းကျင်ကတော့ တီးတိုးပြောတာရှိတယ်။ ယောက်ျား ထောင်ကျတာများ ကျော့လို့ မော့လို့တဲ့။ ဘယ်သူ့ကို ချိန်းနေမှန်းမသိဘူး ဆိုတာမျိုးတွေကိုလည်း ကျော်ဖြတ်ရတယ်။ ကျမ ဒီလိုပြင်ဆင်တာမျိုးကို ကျမယောက်ျားက သိပ်သဘောကျတယ်။ ကျမ ထောင်ဝင်စာတွေ့တိုင်း သနပ်ခါးလူးပြီး ပြင်ပြင်ဆင်ဆင်သွားရင် မင်း ဒီလိုနေ၊ ဒါမှ ငါစိတ်ချမ်းသာမှာတဲ့။ သူ စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ ကျမက သူ့နောက်ကွယ်မှာလည်း သူ့စကားကို လိုက်နာတယ်။ သစ္စာတရားကို တန်ဖိုးထားတယ်။

ဒီလိုနေရင်း သူ ထောင်သက်တမ်း (၃) နှစ်ပြည့်လာတော့ သူ့လိုအပ်တာတွေလည်း ပိုပြီးများလာတယ်။ ဘယ်သူ့မိန်းမက ထောင်ဝင်စာတွေ့ဖို့ ကျမတို့မြို့မှာ အသိမရှိလို့ ကူညီပေးပါဦးဆိုတော့ အိမ်မှာ တည်းခိုဖို့၊ လူမမြင်ဖူးပေမယ့် ကြိုပို့ပေးရ၊ စာတွေ အပေးအယူလုပ်ရနဲ့ ကျမ အလုပ်တွေ ပိုများလာတယ်။ ထောင်ကျအချင်းချင်းဆိုတော့ ကူညီသင့်တယ်။ မင်းစိတ်မညစ်ပါနဲ့ မိန်းမရယ်တဲ့။ အင်းလေ စိတ်မညစ်တော့ပါဘူး၊ သူပြောသလိုဘဲ ကျမ လုပ်ကိုင်ပေးခဲ့တယ်။ ဒီလိုနဲ့ ကျမ အဆက်အသွယ်တခုရတယ် ထောင်ကနေ စောစောလွတ်အောင် လုပ်လို့ရတယ်တဲ့။ ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုတာနဲ့ ကျမလည်း လိုက်တာပေါ့၊ ယောက်ျားကိုတော့ ပြောမနေတော့ဘူးပေါ့။

ဒီလိုနဲ့ သူက ထောင် (၅) နှစ်မှာ လွတ်လာတယ်။ ကျမလည်း ပျော်လိုက်တာ၊ ကလေးတွေရောပေါ့၊ ကလေးတွေက သူ့အဖေကို အမြဲတမ်းမေးပြီး တွေ့ချင်နေတာ။ ကလေးတွေအားလုံး သူလွတ်လာတဲ့နေ့မှာ ပျော်ကြပေါ့၊ မျက်ရည်လည်း စမ်းစမ်းပေါ့၊ သူကလည်း ၀ဲတွေပေါက်လို့ ကုလိုက်ရသေးတယ်။ ထောင်အတွေ့အကြုံကိုမေးတော့ သူပြောပြတာတွေ နားထောင်ပြီး ကျမ မျက်ရည်ကျရတယ်။ ထောင်ဝင်စာ မတွေ့နိုင်တဲ့ မိသားစုတွေရဲ့ဘ၀ကို သူပြောပြတော့ ကျမ စိတ်မကောင်းဖြစ်ရတာ အရမ်းပဲ။ သားသမီးတွေအများကြီးနဲ့ တခြားတမြို့ကနေ ထောင်ဝင်စာလာတွေ့ရတဲ့ အခြေအနေတွေကိုလည်း ကျမ ပြောပြဖြစ်တယ်။ အပြန်အလှန်ပြောကြရင်းနဲ့ ကျမ စိတ်မကောင်းဖြစ်ရတယ်။ ယောက်ျားကတော့ ငါ အခုအပြင်ရောက်နေပြီပဲ။ သူတို့ကို တတ်နိုင်သလောက် ကူညီပေးကြတာပေါ့တဲ့။ ကျမလည်း လန့်သွားတယ်။ ရှင် အမှန်တရားဆိုတာကြီး ဆက်မလုပ်နဲ့နော်။ ကျမ ကြောက်တယ်။ ရှင် ထောင်ထပ်ကျရင် ကျမဘ၀ကို ဒီလိုပဲ ဆက်မဖြတ်သန်းရဲဘူးလို့ပြောတော့ မိန်းမ မင်း အမှန်တရားကို ဘာဖြစ်လို့ ကြောက်တာလဲတဲ့။ ဒါနဲ့ ကျမလည်း ရှင်ပြောတဲ့ အမှန်တရားဆိုတာကြီးက ဘာလဲလို့မေးတော့ မတရားမှုကို တွန်းလှန်တာပေါ့တဲ့။ ဒီလိုနဲ့ သူအသေးစိတ် ရှင်းပြခဲ့တယ်။ အင်း … သူပြောတာလည်း ဟုတ်သားပဲလို့ ကျမ သဘောပေါက်လက်ခံမိတယ်။

ကျမတို့ မိသားစု သာသာယာယာနဲ့ အလုပ်တွေလုပ်ရင်း မိသားစုဘ၀တွေ ဖြတ်သန်းရင်း ရုန်းကန်ရင်းနဲ့ တညမှာတော့ သူ ပျောက်ချင်းမလှပျောက်သွားတယ်။ ကျမ ဘာမှ မသိလိုက်ရဘူး၊ ညပြန်မလာလို့ သူ သွားတတ်တဲ့ နေရာတွေ လိုက်ရှာတော့လည်း မတွေ့ဘူး။ ဒါပေမယ့် သူဝယ်စားနေကျ ကွမ်းယာဆိုင်ကတော့ နေ့လယ်က နင့်ယောက်ျား ငါတို့ဆိုင်မှာ ကွမ်းယာလာဝယ်ပြီးအပြန် အမျိုးသားနှစ်ယောက်နဲ့ စကားပြောပြီး ကားပေါ်ခေါ်တင်သွားတာပဲတဲ့။ နောက် (၄) ရက်နေမှ သိရတယ်။ ယောက်ျားကို ခဏထိန်းသိမ်းထားတယ်တဲ့။ သူတို့ရဲ့ ခဏက ခုတော့ (၅) နှစ်ရှိသွားပြန်ပြီ။

တရက်မှာ ကျမကို ခေါ်စစ်တယ်။ အိမ်ကို ဘယ်သူတွေ ၀င်ထွက်နေလဲတဲ့။ နင့်ယောက်ျားကို လာမေးတဲ့သူတွေရဲ့ပုံစံကို ပြောပြတဲ့။ ကျမက စက်ကို ခေါင်းငုံပြီး ချုပ်နေတာ ဘယ်သူတွေ ၀င်ထွက်နေလဲ ကျမ မသိဘူး၊ ကျမ ယောက်ျားကို မေးတဲ့သူတွေက ရပ်ကွက်ထဲက လူတွေပဲ။ ဘယ်သူ ဘယ်ဝါရယ်လို့တော့ အတိအကျ မှတ်မထားပါဘူးလို့ဆိုတော့ ကျမကို သေချာပြော မလိမ်နဲ့တဲ့။ ကျမလည်း ကြောက်သွားတယ်။ ကျမ မလိမ်တာတော့ အမှန်ပဲ။ မလိမ်ရင် ကျမပါ ထောင်ကျမှာလား၊ ဒါဆိုရင်လည်း မဖြစ်ဘူး၊ ကျမက ကလေးနှစ်ယောက်နဲ့လေ။ ကျမ ကလေးတွေ အဖေက ထောင်ကျနေပင်မယ့် အမေကတော့ သူတို့နဲ့ ရင်အုပ်မကွာ ရှိရမယ်မဟုတ်လား။

ဒီတော့ ကျမ လိမ်လိုက်တယ်။ အော် တယောက်တော့ရှိတယ်၊ နာမည်တော့ မသိဘူး၊ သူ့ကိုလည်း ဒီနယ်မှာ တခါမှ မမြင်ဖူးဘူး။ သူက ကျမယောက်ျားကို မေးတယ်။ ထောင်ကျနေတယ်လို့ပြောတော့ အံ့သြပြီး ဘာမှထပ်မမေးဘဲ ပြန်သွားတယ်လို့ ပြောလိုက်တော့ သူတို့ကျေနပ်သွားတယ်။ နောက်ပြီး ကျမကို အဲဒီလူပုံစံမေးတယ်။ ကျမလည်း ပုံဖော်ချင်သလို ဖော်ပေးလိုက်တယ်။ တနေ့လုံး ကျမကို ဘာမှလည်း မကျွေး၊ ထိုင်စရာနေရာလည်း မပေး၊ ရေလည်း မတိုက်ဘဲ ဒီအတိုင်းထားတာ။ အဲဒီလိုလေး လိမ်လိုက်တော့ ကျမကို ပြန်တော့တဲ့။

ကျမ ဒူးတွေ မခိုင်တော့ဘူး တုန်နေတယ်။ ဗိုက်ကလည်းဆာ ကြောက်ကလည်း ကြောက်ပေါ့။ ခြေထောက်တွေ ခိုင်နေပေမယ့် အပြင်ကို မျက်နှာစည်းပြီး ပို့ပေးတယ်။ အပြင်ရောက်တာနဲ့ ဆိုက်ကားငှားပြီး ပြန်လာတယ်။ ပိုက်ဆံပါမသွားလို့ အိမ်ရောက်မှ ဆိုက်ကားခ ပေးရတာ။ အိမ်က ယောက္ခမတွေ စိတ်ပူနေတာပေါ့။ ညနေစာပြင်ပြီး သူတို့တတွေ စောင့်နေတယ်။ ကျမ ထမင်းကို ခေါင်းမဖော်ဘဲ စားနေပြီး သူတို့ပြောတဲ့ စကားကို နားထောင်နေတယ်။ သူတို့ လိုက်လာတယ်တဲ့။ ပေးမတွေ့တာတဲ့။

ဒီတော့ ကျမလည်း အမေ့ (ယောက္ခမ) ကို ခပ်တည်တည်နဲ့ ကျမယောက်ျားရဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဘာမှ စိတ်မပူပါနဲ့အမေ၊ သူတို့က အမှန်တရားလုပ်တဲ့သူတွေကိုသာ ဖမ်းတာ။ လိမ်ပြောတဲ့သူတွေကို မဖမ်းဘူးလို့။ ဟဲ့ ဘယ်လိုအေ့ လို့ အမေ ထပ်မေးတော့ ကျမ ပြုံးလိုက်တယ်။ ကျမဘ၀မှာ အဲဒီစကားက အချိုမြိန်ဆုံးလို့ ထင်ပါတယ်။ အမေ့ကိုတော့ ထပ်မဖြေတော့ဘူး။ ကျမ ထမင်းကိုသာ ငုံ့ပြီးစားနေလိုက်တယ်။ စိတ်ထဲမှာတော့ ကျိတ်ပြီး ယောက်ျားကို တိုင်တည်လိုက်တယ်။ ယောက်ျားရေ ရှင်ပြောတာ သွေးထွက်အောင်မှန်တယ်၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် အလုပ်လုပ်ရင် ထောင်ကျတယ်ဆိုတာလေ။ ဒါကြောင့် ရှင့်ကို ကျမ အားကိုးခဲ့တာ ယုံကြည်ခဲ့တာ။ လက်ခံလိုက်နာခဲ့တာပေါ့။

(ခံစားချက်ကို ရေးသားခွင့်ပြုခဲ့သည့်အတွက် အကျဉ်းသားတဦး၏ ဇနီးသည်အား အထူးကျေးဇူးတင်ပါသည်။)


No comments: