Sunday, March 28, 2010

မီဒီယာတို့နဲ့ စစ်ခေါင်းဆောင် အားပြိုင်ပွဲလား

ခိုင်အောင်ကျော် (နယူးယောက်)

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တပ်မတော်သား၊ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ ပြည်သူလူထုတရပ်လုံး ညီညီညွတ်ညွတ်နဲ့ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ ဖက်ဆစ်ဂျပန်ကို စုပေါင်းအားနဲ့ တော်လှန်ခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ကစလို့ မတ်လ (၂၇) ရက်နေ့ကို “တော်လှန်ရေးနေ့” လို့ သတ်မှတ်ပြီး တနိုင်ငံလုံးက ဖက်ဆစ် ဂျပန်ကို ပူးပေါင်းတော်လှန်ခဲ့ကြတဲ့ လူထုလူတန်းစား အလွှာအသီးသီးကို ဂုဏ်ပြုတဲ့ ကျေးဇူးမမေ့တဲ့အနေနဲ့ နှစ်စဉ် ကျင်းပလာခဲ့ကြပါတယ်။

ဒါပေမယ့်လို့ မဆလအစိုးရလက်ထက် ဗိုလ်နေ၀င်း ဦးဆောင်တဲ့ကာလမှာ မတ်လ (၂၇) ရက်နေ့ကို “တော်လှန်ရေးနေ့” ကနေ တပ်မတော်နေ့လို့ ပြောင်းလဲလိုက်ပါတော့တယ်။

လွတ်လပ်တဲ့မီဒီယာတွေကတော့ ဒီနေ့ဟာ သမိုင်းအမှန်အရ ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်တယ်။ နိုင်ငံအတွက် အရေးကြီးတဲ့ တနိုင်ငံလုံး သွေးစည်းညီညွတ်မှုရှိခဲ့တဲ့ အထိမ်းအမှတ်နေ့ ဖြစ်တယ်ဆိုတာကို သမိုင်းအမှန်ကို မပျောက်စေဖို့ ဖော်ပြရေးသားလာကြပါတယ်။ စစ်အစိုးရဟာ သူတို့ လိုအပ်ချိန်မှာ မီဒီယာတွေကို ဖိတ်ခေါ်လေ့ရှိပါတယ်။

၂၀၀၅ ခုနှစ်တုန်းက အစိုးရအဆက်ဆက် ရုံးစိုက်ရာ ရန်ကုန်မြို့တော်ကနေ နေပြည်တော်ကို ပြောင်းလိုက်ချိန်တုန်းကလည်း တပ်မတော်နေ့ အခမ်းအနားမှာ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဖိတ်ပြီး ပြသခဲ့ပါတယ်။ အဲလို ၂၀၀၅ ခုနှစ်က မီဒီယာတွေကိုဖိတ်ပြီး (၅) နှစ်တိတိအကြာ အခုနှစ်မှာ တဖန် မီဒီယာတွေကို တပ်မတော်နေ့တက်ဖို့ ဖိတ်ကြားတယ်လို့ သိရပါတယ်။

ဒီနှစ်မှာ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောထားပြီး ရွေးကောက်ပွဲ ဥပဒေထုတ်ပြီး ပြင်ဆင်နေတဲ့နှစ်ဖြစ်ပါတယ်။
နေပြည်တော်မှာလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေပြီးလို့ တိုင်းရင်းသားကျေးရွာ၊ အပန်းဖြေ ကစားကွင်း၊ ဟိုတယ်တွေ၊ လွှတ်တော် အဆောက်အအုံတွေ၊ လမ်းတွေ ဆောက်လုပ်ထားတာကို မီဒီယာတွေကို ခေါ်ပြီး ပြချင် မြင်စေချင်ပုံ ရပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတရားတဲ့ ဥပဒေတွေနဲ့ လုပ်မယ့် ရွေးကောက်ပွဲအတွက် သူမအနေနဲ့ ပါတီမှတ်ပုံတင်ဖို့ မစဉ်းစားဘူးလို့ ပြောတဲ့အချိန်မှာ စစ်အစိုးရဘက်က ဘာမှတုံ့ပြန်တာ မတွေ့ရလေတော့ ဒီတပ်မတော်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့သဘောထားကို ပြောကြားလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်ကြပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် ဒီအချိန်မှာ သတင်းအမှောင်ချထားတဲ့ တိုင်းပြည်ရဲ့ စစ်ခေါင်းဆောင်က ကမ္ဘာ့မီဒီယာတွေကို ဖိတ်ကြားတယ်ဆိုတော့ ဘာအတွက်များပါလိမ့်လို့ စိတ်ဝင်စားတာတော့ အမှန်ပါ။

စစ်အစိုးရက နိုင်ငံတကာ ဖိအားပေးနေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ရော စစ်ခေါင်းဆောင်က သူ့ တပ်မတော်နေ့မှာ တနည်းတဖုံ ထုတ်ဖော် ပြောကြားမလား။ စစ်ခေါင်းဆောင်နဲ့ စစ်တပ်ကို အင်အားပြ အလှဓာတ်ပုံရိုက်ပြီး ကမ္ဘာ့လူထုကို ပြဖို့လား၊ အမွှန်းတင်ဖို့လား။ ဒါမှမဟုတ် နေပြည်တော် မြို့တော်ကြီး တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ သာယာလှပနေတာကို ပြမှာလား။ ဒါမှမဟုတ် နေပြည်တော်ကြီး လှပနေပေမယ့် လူထုက မလှပနိုင်တာကို ပြမှာလား။ ဒါမှမဟုတ် အခု ကျင်းပနေတဲ့ တပ်မတော်နေ့ဆိုတာ သမိုင်းအမှန်အရ ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးနေ့ ဖြစ်တယ်ဆိုတာကို ပြောကြမှာလား။ ဒါမှမဟုတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်အစိုးရ သဘောထားကို ယထာဘူတကျကျ သုံးသပ်ချက်တွေ များပြားလှတဲ့ သတင်းထောက်တွေထဲက ထွက်ပေါ်လာနိုင်မလား။

အခု စစ်အစိုးရ (၆၅) နှစ်မြောက် တပ်မတော်နေ့ကတော့ ပြည်တွင်းက သတင်းသမား (၆၀) ကျော်နဲ့ ပြည်ပသတင်းဌာနတွေက သတင်းသမားတွေအနေနဲ့ ကမ္ဘာ့လူထုကို ဘာတွေများ ထုတ်ဖော်ပြောကြားနိုင်မှာပါလိမ့်။ အာဏာရှင် စစ်ခေါင်းဆောင်နဲ့ မီဒီယာတို့ အားပြိုင်ပွဲလို့ပဲ ဆိုရမယ် ထင်ပါတယ်။

No comments: