Wednesday, March 31, 2010

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံရှိ နေအိမ် ၅၉ လုံး ဖယ်ရှားခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံ အတွင်းရှိ မိုင်းယုကျေးရွာမှ နေအိမ် ၅၉ လုံး အား မတ်လကုန် နောက်ဆုံးထား ဖယ်ရှားရန် ဒေသအာဏာပိုင်များ ညွန်ကြားလိုက်ပြီးနောက် အဆိုပါနေအိမ်များဖျက်သိမ်း နေရကြောင်း သိရသည်။


မူစယ်အာဏာပိုင်များက နေအိမ်များ ဖယ်ရှားပေးရေးကိစ္စကို လွန်ခဲ့သည့်အပတ်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခု နေထိုင် သည့် အရပ်မှ ၂ မိုင်ခန့်ဝေးသော နေရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း ဒေသခံရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မူဆယ်မြို့နယ် မယက ဥက္ကဋ္ဌ ဦးမြဟန် ခရိုင်တရားသူကြီး ဦးမြင့်စိုးနဲ့ မြေစာရင်းဋ္ဌာနတွေပါတဲ့ အဖွဲ့က မိုင်းယုရွာ ရယက ဥက္ကဋ္ဌ ဦးဝင်းနိုင်ရဲ့ နေအိမ်မှာ ကျွန်တော်တို့ရွှေ့ပြောင်းရမဲ့ ရွာသားတွေကို ခေါ်ပြီး ဒီလကုန်နောက်ဆုံး အိမ်တွေဖျက်သိမ်း ပေးဖို့ ပြောတယ် ”

“မူစယ်အာဏာပိုင်တွေက ကျူးကျော်နေအိမ်တွေဖြစ်လို့ ပြောင်းရမယ်၊ မင်းတို့ကို ဘယ်သူခေါ်လို့ဒီမှာလာနေ တာလဲပေါ့၊ တခြားအကြောင်းပြချက်လဲ ရေရေရာရာမပြောဘူး၊ နောက်ပြီး ဒီကိစ္စကို ဘယ်မှလျှောက်မပြောရ ဘူးဆိုပြီး တရားသူကြီး ဦးမြင့်စိုးက ဖိအားပေးပြောတယ် ” ဟု သူက ဆိုသည်။

ယခုနေအိမ် ပြောင်းရွှေ့ခံရသူများသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ လာရောက် နေထိုင်သူများ ဖြစ်ပြီး ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံတွင် ကျဘမ်းအလုပ်လုပ်ကိုင် နေသူများဖြစ်သည်။

“လောလောဆယ် အိမ်တွေဖျက်နေရတယ်။ အိမ်တွေကတော့ နံရံကပ်အိမ်လေးတွေပေါ့ဗျာ အခုပြောင်းရတဲ့နေရာက ခေါင်တယ်၊ ကျွန်တော်တို့က ၁၀၅ မိုင်ထဲမှာပဲ အလုပ်လုပ်တော့ အခက်အခဲရှိသွားတာပေါ့၊ သူတို့သတ် မှတ်ပေးတဲ့ နေရာကိုပဲ ပြောင်းရတာပေါ့ ” ဟု သူက ပြောသည်။

၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံရှိ မိုင်းယုရွာ ဒေသခံများထံမှမြေဝယ်ပြီး နေထိုင်ရသောကြောင့် အာဏာပိုင်များ အကြောင်းပြ သကဲ့သို့ ကျူးကျော်နေထိုင်ခြင်း မဟုတ်ကြောင်း ဆက်ပြောသည်။

မကွေးတိုင်း ဆောမြို့နယ်သို့ ပြောင်းရွေ့သွားသည့် ယခင်မူဆယ်မယကဥက္ကဋ္ဌဟောင်း ဦးညွန့်ဟန် လက်ထက် က အဆိုပါနေအိမ်များ ဖယ်ရှားပေးရန် ပြောကြားခဲ့ဖူးပြီး ယခုအခါ လက်တွေ့ရွှေ့ပြောင်းရခြင်း ဖြစ်ကြောင်းသိရသည်။

No comments: