Tuesday, September 21, 2010

ကချင်ပြည်နယ်မြို့နယ် ထက်ဝက်တွင် ရွေးကောက်ပွဲပယ်ဖျက်

KNG

မြန်မာစစ်အစိုးရ၏ရွေးကောက်ပွဲကော်မရှင်သည် တိုင်းရင်းသားပြည်နယ် ၅ ခု ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်း တို့မှ ၃၂ မြို့နယ်အတွင်း ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့ကြောင်း စက်တင်ဘာ ၁၆ တွင် ကြေငြာခဲ့သည်။

ကချင်ပြည်နယ်ရှိ စုစုပေါင်း ၁၈ မြို့နယ်မှ ၉ မြို့နယ်အတွင်း အထူးသဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသများတွင် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ချီဖွေ၊ ဝိုင်းမော်၊ အင်ဂျန်းယန်၊ ဆော့လော်၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ မန်စီ၊ မိုးမောက်၊ ရွှေကူ မြို့နယ်များမှ ကျေးရွာအုပ်စုပေါင်း ၆၈ ခု ပါဝင်သည်။

သို့သော် မိုးမောက်၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေ မြို့နယ်အတွင်း စစ်အစိုးရနှင့် ကြံ့ဖွတ်ပါတီ လက်ဝေခံ UDPKS (စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ စဒက) မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော မဲဆန္ဒနှယ်အတွင်းရှိ ကျေးရွာအုပ်စုများမှာ ရွေးကောက်ပွဲကော်မရှင်၏ ပယ်ဖျက်စာရင်းတွင် မပါ ပါ။

ပယ်ဖျက်လိုက်သည့်ဒေသများသည် စစ်အစိုးရနှင့်ဆက်နွယ်သည့်ပါတီများ မဲဆွယ်စည်းရုံးနိုင်ခြေမရှိသည့် နယ်မြေများဖြစ်သည်ဟု ပါတီရွေးကောက်ပွဲဝင်ခွင့်မရသည့် မြစ်ကြီးနားမှ ကချင်ပြည်တိုးတက်ရေးပါတီ (KSPP)အတွင်းရေးမှူး ဦးလုန်ဂျုံတူးရော က ပြောသည်။

တရုတ်-မြန်မာနယ်စပ် တစ်နေရာမှ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) တာဝန်ခံ ဦးအောင်ဝါက “ဒီနယ်မြေမှာဆိုရင် အဓိက နအဖကို ဆန့်ကျင်တော့ စိုးရိမ်ပုံရတယ်။ ဒါကြောင့်မို့ဒီနယ်မြေမှာ ရွေးကောက်ပွဲကို မ ကျင်းပခြင်းဖြစ်တယ်။” ဟု သူ့အမြင်ပြောပြသည်။

ယခုရွေးကောက်ပွဲကျင်းပခြင်းပယ်ဖျက်ခံရသည့်ဒေသအများစုတွင် ယခင် KIO ၏ကူညီပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲကို ကျင်းပနိုင်ခဲ့သည်။

“ဒီအစိုးရက သူတို့ ကြိုက်တာ လုပ်နေကြတာပဲ။ ငါတို့ နည်းနည်းတောင် ဝင်မပါချင်ပါဘူး။ ငါတို့ တိုင်းရင်းသားတွေကို သူတို့ ဘေးဖယ်ထားကြတယ်ဆိုတော့ ငါတို့လည်း စိတ်မဝင်စားပါဘူး။” ဟု ၀ိုင်းမော်မြို့နယ် ကေအိုင်အိုထိန်းချုပ်ဒေသမှ ဒေသခံတစ်ဦးပြောသည်။

သူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြည်သူ့ဆန္ဒခံယူပွဲကျင်းပစဉ်က ယခုရွေးကောက်ပွဲပယ်ဖျက်ဒေသမှ မဲထည့်ခဲ့ဖူးသူလည်းဖြစ်သည်။

အင်ဂျန်းယန်မြို့နယ်မှ ပြည်သူတစ်ဦးကလည်း ယခုပယ်ဖျက်မှုအပေါ် “ ရွေးကောက်ပွဲ လုပ်လည်း၊ မလုပ်လည်း၊ သူတို့နိုင်မှာပါ။ ပြောစရာ စကားတောင် မရှိတော့ဘူး။” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အစိုးရနှင့်ဆက်စပ်ခြင်းမရှိသည့် မည်သည့်ပါတီနှင့် မည်သည့်တသီးပုဂ္ဂလ ယှဉ်ပြိုင်သူကိုမျှ ကော်မရှင်မှ ရွေးကောက်ပွဲဝင်ခွင့်မပြုပါ။

No comments: