Monday, September 27, 2010

ရွေးကောက်ပွဲကို ဆန့်ကျင်ရန် မြန်မာရဟန်းတော်များအဖွဲ့ချုပ် မိန့်ကြား

ရဲရင့် / ၂၇ စက်တင်ဘာ ၂၀၁၀

မြန်မာပြည်သူလူထုတရပ်လုံး ကိုယ့်ဘ၀လုံခြုံရေးနှင့် ကိုယ့်ဘ၀ ချမ်းသာသုခရရှိရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို အစွမ်းကုန် ၀ိုင်းဝန်းဆန့်ကျင်ကြရမည်ဟု မြန်မာရဟန်းတော်များအဖွဲ့ချုပ်က ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့်တွင် မိန့်ကြားသည်။

ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်ပြုလုပ်သည့် သံဃာတော်များ သွေးမြေကျခဲ့ရသည့် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ထိုင်းနိုင်ငံ) ဆိုင်ရာ တာဝန်ခံ အရှင်ဇ၀နက မိန့်ကြားသည်။

၎င်းက “ဒီအာဏာသိမ်း စစ်အစိုးရဟာ တရားဝင် အစိုးရမဟုတ်ဘူး။ တရားမ၀င်တဲ့အချိန်မှာတောင် ငါတို့ဟာ တိုင်းပြည်ကို ကယ်တင်ထားခဲ့ရတယ်၊ ငါတို့လက်ခုပ်ထဲမှာပဲ အားလုံးရှိတယ် ဆိုတဲ့စိတ်ဓာတ်က သူတို့မှာအပြည့်ရှိတယ်။ သူတို့က ရိုက်သွင်းထားတော့ ငယ်သားလေးတွေကအစ သူတို့တိုင်းပြည်ကို ကယ်တင်ထားရတယ်လို့မြင်တယ်။ စစ်သားတိုင်းက ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့စိတ်လည်း ၀င်နေတော့ ပြည်သူကိုမကျေနပ်ရင် ပစ်သတ်မယ်၊ မိန်းမကောင်း တွေကိုလည်း ဖျက်ဆီးချင်ရင်ဖျက်ဆီးတယ်။ ဒါတွေက လက်လှမ်းမီသမျှပဲ” ဟု မိန့်ကြားသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင်းရှိ မရမ်းချောင်ရွာတွင် စစ်သားများနှင့် ရန်ဖြစ်ရာမှ ရွာလုံးကျွတ် အရိုက်ခံရမှုနှင့် ယခုလဆန်း (၄) ရက်နေ့က ပဲခူးတွင် အရပ်သားလူငယ် (၂) ဦးကို စစ်တပ်မှ ရပ်ကွက်ထဲဝင်၍ ပစ်သတ်မှုများမှာ လုံးဝငြင်းပယ်၍မရသည့် လုပ်ရပ်များဖြစ်သည်ဟုလည်း ၎င်းက မိန့်ကြားသည်။

အရှင်ဇ၀နက “ဒီပြဿနာတွေက မီဒီယာတွေနဲ့ လက်လှမ်းမီလို့သာ ချက်ချင်းကမ္ဘာက သိသွားတာပါ။ မီဒီယာတွေ လက်လှမ်းမမီတဲ့ တိုင်းရင်းသားဒေသမျိုး အင်မတန်ခေါင်တဲ့ တောရွာတွေမှာဆိုရင် ဒီလိုပြစ်မှုတွေကို နေ့စဉ်နေ့တိုင်းလို လုပ်နေတာဖြစ်တယ်။ တရားမ၀င်စဉ်အချိန်မှာတောင် စစ်တပ်လုပ်သမျှ ဘယ်သူမှ အရေးယူလို့ မရဘူးဆိုတဲ့ ဥပဒေရှိနေတာကို။ ဒီလိုဥပဒေမဲ့ ယုတ်မာတဲ့ပြစ်မှုတွေကို လုပ်နေတဲ့ စစ်တပ်ဟာ တရားဝင်သာဖြစ်ပြီးရင်၊ ဒီရွေးကောက်ပွဲသာ ပြီးသွားရင် ဒကာဒကာမတွေကို ပြောချင်တာက ပြည်သူတွေနဲ့ ဘုန်းကြီးတို့ရဲ့ နှမတွေအစ်မတွေဟာ အိမ်တံခါးကို လုံလုံခြုံခြုံပိတ်ပြီး အိပ်တာတောင် လုံခြုံတော့မှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ဘ၀လုံခြုံဖို့နဲ့ ချမ်းသာသုခရရေး ဆိုတာကတော့ ရွေးကောက်ပွဲကို အစွမ်းကုန်တိုက်ဖျက်မှပဲ ရမယ်ဆိုတာ ပြောချင်ပါတယ်” ဟု မိန့်ကြားသည်။

အခမ်းအနားသို့ မြန်မာသံဃာတော်များ၊ ရွှေ့ပြောင်းမြန်မာကျောင်းသားများ၊ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့်အဖွဲ့များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

(၃) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကလည်း ကျေးလက်နေပြည်သူများ မှန်ကန်သည့်သတင်းများ အချိန်မီသိရှိနိုင်ရန်အတွက် တလုံးလျှင် အမေရိကန် (၁၀) ဒေါ်လာခန့် တန်ဖိုးရှိသည့် ရေဒီယိုအလုံး (၃၀၀) ကို ပြည်တွင်းသို့ ပေးပို့ခဲ့သည်။

အဆိုပါအဖွဲ့၏ မဲဆောက်တာဝန်ခံ အရှင်ဇနက က “နာဂစ်ဖြစ်တုန်းကဆိုရင် ပြည်သူတွေဟာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မရရှိခဲ့ကြလို့ မသေသင့်ဘဲ သေကျေပျက်စီးခဲ့ကြရတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအမှန်တွေကိုလည်း သိရှိနိုင်ဖို့ မနှစ်က အလုံး (၃၀၀) နဲ့ ဒီနှစ် အလုံး (၃၀၀) ပေးပို့တာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် အခါသမယတွင် ကွယ်လွန်ခဲ့ကြသည့် ရဟန်းရှင်လူပြည်သူများအတွက် ဆွမ်းဆက်ကပ်ကာ အမျှအတမ်းပေးဝေခြင်းနှင့် မြန်မာပြည် ငြိမ်းချမ်းရေးရရှိရေးအတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲများကို မဲဆောက်အပါအ၀င် အုန်းဖျန်နှင့် အခြားနေရာအချို့တို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

No comments: