Tuesday, September 28, 2010

သျှမ်းပြည် (မြောက်ပိုင်း) ၌ လိုင်စင်မဲ့ကားများ ဖမ်းဆီး

သျှမ်းသံတော်ဆင့်

လိုင်စင်မဲ့ကားများ လိုင်စင်ထုတ်ပေးခြင်းကို ယခုလ ၂၃ ရက်နေ့က နိုင်ငံတစ်ဝန်းလုံး တရားဝင် ရပ်ဆိုင်း အပြီး လိုင်စင် မဲ့ကား ဖမ်းဆီးမှု သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်နှင့် နမ့်ခမ်းမြို့များ၌ ယခုလ ၂၅ ရက်က စတင်လိုက်သည် ။

မူဆယ် ၊ နမ့်ခမ်းမှ ရမခ တိုင်းမှူးသစ် ဗိုလ်မှူးချုပ် အောင်ကျော်ဇော အပြန်ခရီးနောက်ပိုင်း ယခုဖမ်းဆီးမှု စတင်ခဲ့ရာ တစ်ရက် အတွင်း မူဆယ်တွင် လိုင်စင်မဲ့ကား ၁၉ စီး အဖမ်းခံခဲ့ရကြောင်း မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“စနေနေ့က တိုင်းမှူးလည်း ဒီဘက်ကနေ ပြန်သွားရော ၁၀၅ မိုင်ကျော်ရုံဘဲရှိသေးတယ် ၊ မူဆယ်မှာ မိုးရွာရွာကြီး စဖမ်း တော့တာဘဲ ၊ အများစုကတော့ နံမည်ကြီး ကားပွဲစား တစ်ဦးရဲ့ ကားတွေနဲ့ ကုန်သည်တွေရဲ့ကားတွေ အဖမ်းခံရတယ် ” ဟု မူဆယ်မြို့ခံတစ်ဦးက ဆိုသည် ။

စုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး) ၊ ယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ရာဖမ်းမိသည့် ကား များကို မူဆယ် စသုံးလုံးဝင်း အတွင်း ထားရှိကြောင်း သိရသည် ။

လိုင်စင်မဲ့ကားဖမ်းရသည့် အကြောင်းရင်းနှင့် အဖမ်းခံကားကိစ္စ မည်သို့ဆောင်ရွက်မည်ကို အာဏာပိုင်များမှ ရှင်းလင်း ပြောကြားခြင်း မရှိသေးဘဲ ကားပိုင်ရှင်အတွက် အာမခံငွေ ကျပ်သိန်း ၅၀ ပေးဆောင်ရကြောင်း မြို့ခံနောက် တစ်ဦး က ပြောသည် ။

“ကားကတော့ သိမ်းသွားတာပေါ့ ၊ လိုင်စင်လုပ်ရင်လွတ်ပေးမလား အပြီးသိမ်းလိုက်တာလားဆိုတာ သူတို့ဘာမှ မပြော သေးဘူး၊ လောလောဆယ် ကားပိုင်ရှင်ကတော့ သက်သေ ၂ ယောက်ခေါ်ပြီး ခံဝန်လက်မှတ်ထိုးရတာ။ အာမခံငွေ သိန်း ၅၀ ပေးရတယ် ၊ သူတို့ခေါ်တဲ့အချိန် သွားရမဲ့သဘောရှိတယ် အခုဘာမှမသိရသေးဘူး ” ဟု သူက ပြောသည် ။

မူဆယ်ခရိုင် နမ့်ခမ်းမြို့ပေါ်တွင်လည်း လိုင်စင်မဲ့ကားများ ဖမ်းဆီးနေရာ ယနေ့အထိ ၅စီးအဖမ်းခံထားရကြောင်း နမ့် ခမ်းမြို့ခံများက ဆိုသည် ။

အဖမ်းခံရသည့် လိုင်စင်မဲ့ကားများသည် သာမန်အရပ်သားပိုင်ကားများဖြစ်ကြောင်း ယခုဖမ်းမိသည့် ကားအစီးရေသည် မူဆယ်တွင် ရှိသည့် လိုင်စင်မဲ့ကား အရေအတွက်၏ ၁၀ ရာခိုင်နူန်းပင် မရှိသေးကြောင်း စောစောက မူစယ်ဒေသခံက ဆက်ပြောသည် ။

“အကုန်လုံး တစ်ပြေးညီဖမ်းတာမဟုတ်ဘူး ၊ ၀န်ထမ်းတွေစီးတဲ့ ကားမဖမ်းဘူး ၊ ဆင်ဖြူဂိတ် လုံခြုံရေးအဖွဲ့တွေ စီးနေတဲ့ ရက/၅၆၂၂ နံပတ်တပ်ထားတဲ့ ပါဂျဲရိုးကားက ၀စ်သောက်ပဲ၊ အခုထိမဖမ်းဘူး ” ဟု သူက ဆိုသည် ။

လိုင်စင်မဲ့ကားများ လိုင်စင်ထုတ်ပေးရာတွင် ၀န်ထမ်းများ လာဘ်စားမှု ၊ ဒေသတစ်ခုနှင့် တစ်ခု ရာဖြတ်ဈေးနူန်းနှင့် အခွန် များ မတူညီမှု တို့ကြောင့် လိုင်စင်ထုတ်ပေးခြင်းကို မူဆယ်မြို့ အပါအ၀င် ထိုင်းနှင့် တရုတ်နယ်စပ်မြို့ ၅ မြို့၌ ယခုလ ရ ရက်က ရပ်နားလိုက်ပြီး နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ယခုလ ၂၃ ရက်နေ့ ရပ်နားခဲ့ကြောင်း သိရသည် ။

သြဂုတ်လဆန်းမှ စ၍ လိုင်စင်မဲ့ကားများအား ရာဖြတ်အဖွဲ့မှ တန်ဖိုးဖြတ်၍ ကားတန်ဖိုး၏ ဂ၅ ရာခိုင်နူန်း အခွန်ဆောင်စေပြီး လိုင်စင်ထုတ်ပေးခဲ့သည် ။

No comments: